လဲချားမြို့သည် ကျိုင်းတောင်း ရေအားလျှပ်စစ် ၆၆ ကေဗွီအေ ဓာတ်အားခွဲစက်ရုံမှ မီးရရှိနေပါပြီ ဖြစ်ပါကြောင်း၊ လဲချား-မိုင်းကိုင် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လဲချား မြို့နှင့် (၅) မိုင်ခန့်ဝေးကွာသော ပုံနေကျေးရွာအုပ်စု၊ ဝမ်မိုင်ဆုံစံပြကျေးရွာတွင် အိမ်ထောင်စု ၁၆၀၊ လူဦးရေ ၁၀၀၀ နီးပါးခန့် ရှိပြီး လယ်ယာခြံစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပါကြောင်း၊ လဲချား-မိုင်းနောင်-မိုင်းရှူး ပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ လဲချားမြို့နှင့် (၂) မိုင်ခန့်ဝေးကွာသော တိန်းချောင်း၏ အရှေ့ဘက်ကမ်းနဖူးတွင် တည်ရှိသော ဝမ်စဲ့ ကျေးရွာအုပ်စုတွင် ပါဝင်သော မတ်လန်း၊ ဝမ်ဟိုင်းနှင့် ဝမ်မွမ်းကျေးရွာတို့တွင် အိမ်ထောင်စု ၂၅၀ နီးပါးနှင့် လူဦးရေ ၁၃၃၅ ဦးရှိသည့်အပြင် လယ်ယာခြံစိုက်ပျိုးရေးလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်နှင့် ဆီထွက်သီးနှံ ပွဲရုံများလည်း ရှိသည့်အတွက် အဆိုပါ ကျေးရွာအုပ်စုနှစ်ခုအတွက် လိုအပ်သော ထရန်စဖော်မာစက်ကြီးများ၊ ကွန်ကရစ်ဓာတ်မီးတိုင်များ၊ လျှပ်စစ်ဓာတ်မီးကြိုးများနှင့် ဆက်စပ်ပစ္စည်းများ ကို ပြည်ထောင်စုအစိုးရ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ကူညီသွယ်တန်း ဆောက်လုပ်ပေးစေလိုပါကြောင်း၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီးမြို့နယ် များသည်နိုင်ငံရေးမတည်ငြိမ်ခဲ့မှု၊ တန်းတူညီမျှမှုမရှိခဲ့မှုတို့ကြောင့် ခေတ်နောက် ကျခဲ့သော်လည်း ယခုကဲ့သို့နိုင်ငံတော်ကြီးကို ပြန်လည် ထူထောင်ရေးကာလတွင် ပြည်သူတို့၏ လူမှုဘဝကို မြှင့် တင်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရေးကိုလည်း အားဖြည့်ပေးရာ ရောက်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကျေးရွာအုပ်စုနှစ်ခုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောက်လုပ်ပေးနိုင် မည်ဆိုပါ က ဆောက် လုပ်ပေးနိုင်မည့်အချိန်နှင့် ဆောက်လုပ်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်း ပါသည်။
ဝမ့်စဲ့ ကျေးရွာအုပ်စု နှစ်စု ဓာတ်အားရရှိရေးအတွက် အောက်ဖော်ပြပါနည်းလမ်းများဖြင့် ဓာတ်အားဆက်သွယ် ပေးနိုင်ပါကြောင်း၊ ယင်းတို့မှာ ပုံနေကျေးရွာအုပ်စု၊ ဝမ်မိုင်ဆုံ စံပြကျေးရွာ ဓာတ်အားရရှိရန်အတွက် ၆၆/၁၁ ကေဗွီအေ ၅ အမ်ဗွီအေ လဲချားခွဲရုံမှ ဓာတ်အားပေးထားသော လဲချားဖီဒါပေါ်မှတစ်ဆင့် ဆက်သွယ်ရယူပြီး ၁၁ ကေဗွီလိုင်း ၃.၅ မိုင် တည်ဆောက်ကာ ကျေးရွာတွင် ၂၀၀ ကေဗွီအေ ထရန်စဖော် မာ (၁)လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းအရှည် နှစ်မိုင် မတ်လန်းကျေး ရွာဓာတ်အားရရှိရန် လဲချား ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ၁၁ ကေဗွီ လဲချားဖီဒါပေါ်မှတစ်ဆင့် ဆက်သွယ်ပြီး ၁၁ ကေဗွီလိုင်း ၂ မိုင်၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၄၀၀ ဗို့ လိုင်း ၂ မိုင် တည်ဆောက်ခြင်း၊ ဝမ်ဟိုင်း ကျေးရွာတွင် ၁၁.၄ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်း၊ ဝမ်မွမ်းကျေးရွာအတွက်လည်း ၁၁ ကေဗွီ လိုင်း ၆ မိုင်၊ ၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၄၀၀ ဗို့ လိုင်း ဝ.၇ မိုင်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နှစ်စဉ်တိုးတက်လျက်ရှိသော ဓာတ်အားလိုအပ်ချက်ကို တစ်နိုင်ငံလုံးသို့ စဉ်ဆက် မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားပေးစက်ရုံကြီးများ၊ ပင်မဓာတ်အားခွဲရုံကြီးများ၊ မဟာ ဓာတ်အားလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးမည့် လိုင်းများနှင့် ဓာတ်အားခွဲရုံကြီးများကို တည်ဆောက်ပြီး မြို့ကြီးများမှတစ်ဆင့် မြို့ငယ်များ၊ ထိုမှတစ်ဆင့် ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့အပြင် ဓာတ်အားစနစ်တည်ငြိမ်ရန်၊ ဗို့အားအပြည့်အဝဖြန့်ဖြူးပေးနိုင်ရန်နှင့် လျှပ်စစ် အန္တရာယ် ကင်းရှင်းရန် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရန်တို့အတွက် တည်ဆောက်သော ဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်ပြုပြင်ခြင်း၊ ဟောင်းနွမ်းဆွေးမြည့် သစ်သားတိုင်များ၊ သံတိုင်များကို ကွန်ကရစ်တိုင်များနှင့် အစားထိုးလဲ လှယ်ခြင်း၊ အဆင့်မီလိုင်းကြိုးများဖြင့် လဲလှယ်ခြင်းများ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ခြင်းကြောင့် နိုင်ငံတော်မှ ခွင့်ပြုပေးသော ရန်ပုံငွေပေါ်မူတည်ပြီး နှစ်စဉ်အပိုင်းလိုက် အစီအမံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုကဲ့သို့ အထက်ဖော်ပြပါလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေချိန်တွင် နှစ်စဉ်ခွင့်ပြု ရရှိရန်ပုံငွေ ပမာဏ သည် အကန့်အသတ်ရှိသည့်အတွက် နိုင်ငံတော်အတွင်း ဓာတ်အား သုံးစွဲခွင့်မရရှိသေးသော ကျေးရွာပေါင်း ၄၂၀၀၀ ခန့်ကို ဓာတ်အားရရှိရေးဆောင်ရွက်ပေးရန် လိုအပ်သည့်အပြင် ဆောလျင်စွာဓာတ်အား အသုံးပြုလိုသော အချို့သောကျေးရွာ များတွင် ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လိုကြောင်း တင်ပြခြင်းများကို လည်း ခွင့်ပြုကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် နှစ်အနည်းငယ်အတွင်း ကျေးရွာအားလုံးကို ဓာတ်အားလိုင်းများသွယ်တန်းပေးရန် နှစ်စဉ်ခွင့်ပြု ရရှိ ရန်ပုံငွေပမာဏသည် လုံလောက်မှုမရှိသည့်အတွက် ယခုနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ နောင် လာမည့်နှစ်များတွင် ထည့်သွင်းလျာထား၍ နိုင်ငံတော်၏ ရန်ပုံငွေခွင့်ပြုနိုင်မှု အရဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။
