(က)-မြို့နယ်များတွင်ဖွဲ့စည်းပုံအရလိုအပ် နေသော ဥပဒေဝန်ထမ်းများအားတရားရေးမဏ္ဍိုင်ကိုဖြောင့်မတ် မှန်ကန်စွာထိန်းကျောင်းနိုင်ရန်အတွက်အပြည့်အဝ ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးတွင် အာဏာကြီးသုံးရပ်ရှိသည့်အနက် တရားစီရင်ရေးအာဏာကို လွတ်လပ်စွာတရား စီရင်ရေးအဖြစ် ပေးအပ်ထားသည့်အတွက် တရားစီရင်ရေးအခန်းကဏ္ဍမှာ မှန်ကန်ပြီး မြန်ဆန်ရန် လိုအပ်လာပါကြောင်း၊ ထိုသို့ဖြစ်ပေါ်လာစေရန်အတွက် ဥပဒေကို ကိုင်စွဲအသုံးပြုနေကြသော ဥပ‌ဒေဝန်ထမ်းများသည် အလွန်အရေးကြီးပြီး အရာရောက်သည့် အနေအထားတွင် ရှိပါကြောင်း၊ မြို့နယ်တစ်ခုတွင် တရားသူကြီး ၃ ဦးရှိပြီး တရားစီရင်ရေးအတွက် အဖွဲ့ ၃ ဖွဲ့ဖြင့် ဆောင်ရွက်နေသော်လည်း အချို့မြို့နယ်များတွင် ယခင်က ၃ ဦးခန့် ထားရှိခဲ့သော်လည်း ယခုအချိန်တွင် ၁ ဦးသာ ထားရှိနေသည်ကိုလည်း လေ့လာသိရှိခဲ့ရပါကြောင်း၊ တရားစီရင်ရေးအဖွဲ့တွင် ဥပဒေဝန်ထမ်းသည် လျှောက်လွှဲချက်ပေးနေချိန်၌ နောက်တစ်ဖွဲ့တွင် ဥပဒေဝန်ထမ်း မလာရောက်နိုင်သည့်အတွက် ရုံးချိန်းတစ်ချိန် ထပ်မံပြောင်းလဲနေရသည်များလည်း ကြုံတွေ့နေရပါကြောင်း၊ ရုံးချိန်သို့လာရောက်သော သက်သေများ၊ တရားလို၊ တရားခံများအနေဖြင့် အချိန်ကုန်၊ လူပမ်း၊ လူနွမ်း၊ စိတ်ပမ်း ခံစားနေကြရပါကြောင်း၊ ဥပဒေဝန်ထမ်းများကို ဖွဲ့စည်းပုံအရ အပြည့်အဝခန့်ထားပါက တရားစီရင်ရေးအခန်းတွင် မြန်မြန်နှင့် မှန်မှန် ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် မြို့နယ်များတွင် ဖွဲ့စည်းပုံအရ လိုအပ်နေသော ဥပဒေအရာရှိ ဝန်ထမ်းများသည် တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်စွာ ထိန်းကျောင်းနိုင်ရန်အတွက် အပြည့်အဝ ခန့်ထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် မခန့်နိုင်သေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ပြည်ထောင်စုရှေ့နေချုပ်ရုံးလက်အောက်တွင် မြို့နယ်ဥပဒေရုံးပေါင်း ၃၂၅ ရုံးရှိပြီး မြို့နယ်ဥပဒေရုံးများကို က အဆင့်၊ ခ အဆင့်၊ ဂ အဆင့်၊ ဃ အဆင့်ဟူ၍ အဆင့် များခွဲခြားသတ်မှတ်ထားပါကြောင်း၊ က အဆင့်တွင် မြို့နယ်ဥပဒေအရာရှိ ၁ ဦး၊ ဥပဒေအရာရှိအဆင့်(၄) ၄ ဦးနှင့် အမှုထမ်း ၄ ဦး၊ ခ အဆင့်တွင် မြို့နယ်ဥပဒေအရာရှိ ၁ ဦး၊ အဆင့်(၄) ၃ ဦးနှင့် အမှုထမ်း ၃ ဦး၊ ဂ အဆင့်တွင် မြို့နယ်ဥပဒေအရာရှိ ၁ ဦး၊ အဆင့်(၄) ၁ ဦးနှင့် အမှုထမ်း ၂ ဦး၊ ဃ အဆင့်တွင် အဆင့်(၄) ၁ ဦးနှင့် အမှုထမ်း ၂ ဦးဖြင့် သတ်မှတ်ထားရာ မြို့နယ်ဥပဒေရုံးများအတွက် ဥပဒေအရာရှိအဆင့်(၃) ၂၇၂ ဦး၊ ဥပဒေအရာရှိအဆင့်(၄) ၆၀၄ ဦး စုစုပေါင်း ၈၇၆ ဦးဖြစ်ပါကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်၏ ဖွဲ့စည်းပုံအရ ဥပဒေအရာရှိအဆင့်(၃) ၅၄၀ ဦးနှင့် အဆင့်(၄) ၇၃၅ ဦးတို့ ဖွဲ့စည်းပုံအရ သတ်မှတ်ထားရှိပါကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် မြို့နယ်အသီးသီးအတွက် ဥပဒေအရာရှိများ ခန့်အပ်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၆-၂-၂၀၀၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၉)နှင့် ၁၇-၉-၂၀၀၉ ရက်စွဲပါ စာအမှတ်၊ ၁/၃၄၈ - အုပ်ချုပ်မှု/အဖရ/(၂၀၀၉) တို့အရ ညွှန်ကြားချက်နှင့်အညီ ခွင့်ပြုအင်အား၏ ၃ ပုံ၂ ပုံခန့် ထားဆောင်ရွက်ရသည့်အတွက် မြို့နယ်ဥပဒေရုံးအလိုက် အဆင့်သတ်မှတ်ချက်နှင့် လုပ်ငန်းပမာဏအပေါ်တွင် စိစစ်သုံးသပ်ပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေအရာရှိအဆင့် (၄) (ဒုတိယဦးစီးမှူး၊ ဒုတိယမြို့နယ်ဥပဒေ အရာရှိ) များကို ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်၊ ၂၀၁၁-၁၂ ဘဏ္ဍာရေး နှစ်၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်များတွင် ဥပဒေအရာရှိ အဆင့်(၄) ဦးရေ ၁၀၀ စီ ခန့်အပ်ထားဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်များတွင် ဥပဒေအရာရှိအဆင့်(၄) ဦးရေ ၁၅၀ စီ ခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ တင်ပြပါ ဘဏ္ဍာရေးနှစ် ၅ နှစ်အတွင်း ဥပဒေအရာရှိအဆင့်(၄) ဦးရေ ၆၀၀ ခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း။

အထက်ပါအတိုင်း ဥပဒေအရာရှိများ ဖြည့်တင်းခန့်ထားခဲ့သော်လည်း ဒုတိယမြို့နယ်ဥပဒေအရာရှိ ဖွဲ့စည်း ပုံခွင့်ပြုအင်အားမှာ ၂၂၉ ဦး လျော့နည်းလျက်ရှိဆဲဖြစ်ပါကြောင်း၊ မွန်ပြည်နယ်ရှိ ရေးမြို့နယ်ဥပဒေရုံးသည် ဂ အဆင့် မြို့နယ်အဖြစ်ဖွဲ့စည်းထားရာ မြို့နယ်ဥပဒေအရာရှိ ဥပဒေအရာရှိအဆင့် (၃) တစ်ဦးနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိအဆင့်(၄) ၁ ဦး၊ အကြီးတန်းစာရေး ၁ ဦး၊ ရုံးအကူ ၁ ဦး စုစုပေါင်း အရာထမ်း၊ အမှုထမ်း ၄ ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း။ ဥပဒေအရာရှိအဆင့် (၄) အင်အားလျော့နည်းနေစဉ် ရေးမြို့နယ်ဥပဒေရုံးတွင် မြို့နယ် ဥပဒေအရာရှိအဆင့်(၃) ၁ ဦးတည်းသာ ခန့်ထားနိုင်ခဲ့ပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ၁ ဦးကို ခန့်ထားနိုင်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ရေးမြို့နယ်ဥပဒေရုံး၌ ဥပဒေအရာရှိ လိုက်ပါဆောင်ရွက်ရသည့် အမှုအခြေအနေမှာ ၁၀-၁၂-၂၀၁၄ ရက်နေ့အထိ လက်ကျန်အမှု ၂၇ မှုရှိသဖြင့် မြို့နယ်ဥပဒေအရာရှိ တစ်ဦးအနေဖြင့် အမှုလိုက်ပါ ဆောင်ရွက်ခြင်းလုပ်ငန်းကို စီမံဆောင်ရွက်နိုင်ပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ခန့်ထားသော ဥပဒေအရာရှိအဆင့်(၄) ဦးရေ ၁၅၀ တွင် ၁၂-၁၂-၂၀၁၄ ရက်နေ့၌ ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်တန်းဆင်းလာသည့်အတွက် ဥပဒေအရာရှိအဆင့်(၄)များကို လစ်လပ်လျက်ရှိသည့်နေရာများတွင် ဖြည့်တင်းခန့်ထားရာ ရေးမြို့နယ် ဥပဒေရုံးတွင် ၁၅-၁၂-၂၀၁၄ ရက်နေ့က လစ်လပ်နေသော ဒုတိယမြို့နယ်ဥပဒေအရာရှိ ၁ ဦးကိုလည်း ခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း။ တင်ပြပါ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခန့်ထားသည့် ဥပဒေအရာရှိ အဆင့်(၄) ဦးရေ ၁၅၀ သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် သင်တန်းတက်ရောက်လျက်ရှိပြီး ၎င်းသင်တန်းဆင်းချိန်၌ လစ်လပ်လျက်ရှိသော ဥပဒေအရာရှိအဆင့်(၄) ရာထူးများကို ဖြည့်စွက်ခန့်ထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း လစ်လပ်အင်အားများကို ထပ်မံဖြည့်စွက်ခန့်ထားရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြဆောင်ရွက်ရန် အစီအစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။