(ခ)-ပဲခူးမြို့တစ်ဝိုက်တွင်သဘာဝဓာတ်ငွေ့အရောင်း ဆိုင်များအမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးပါ ရန်နှင့်ဆောင်ရွက်မည့် အစီအစဉ်များကို သိလို သည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၂.၃.၂၀၁၄)

ဦးမြင့်ဦး (သနပ်ပင်)ပဲခူးမြို့သည် ရန်ကုန်မြို့မှ မိုင် ၅၀ ခန့်သာကွာဝေးပြီး လူဦးရေ ထူထပ်များပြားလာနေ သည့် မြို့တစ်မြို့ဖြစ်နေသည့်အပြင် ဟံသာဝတီလေယာဉ်ကွင်း၊ နစ်ဆန်းကားကုမ္ပဏီ၊ Night ရှူးဖိနပ်စက်ရုံ၊ မော်တော်ယာဉ်တပ်ဆင်စက်ရုံ၊ သင်္ဘောဆေးစက်ရုံ၊ ကိုးရီး ယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အထည်ချုပ်စက်ရုံများနှင့် ကြီးမားသော စက်မှုစီမံကိန်းကြီး များထွန်းကားလာနေသော မြို့လည်းဖြစ်ပါကြောင်း၊ တန်ခိုးကြီးဘုရားများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင်မြို့တစ်မြို့လည်းဖြစ်သည့်အတွက် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စား အလာအရောက်များပါကြောင်း၊  သို့သော်လည်း သဘာဝဓာတ်ငွေ့ အရောင်းဆိုင်မရှိခြင်းကြောင့် ဓာတ်ငွေ့သုံး Taxi ကားများသည် ပဲခူးကိုသွားရန်ပင် ခက်ခဲမှုများဖြစ်ပေါ်နေပါကြောင်း၊  ထို့ကြောင့် ပဲခူးနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသော သနပ်ပင်မြို့နယ်ထဲက ဖြတ်သွားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှ ကွာဝေးပါကြောင်း၊ ခွဲထုတ် ၍ဖြစ်စေ တခြားနည်းနှင့်ဖြစ်စေ  ပဲခူးမြို့တစ်ဝိုက် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်ပေးခြင်းဖြင့် Taxi ကားများခရီးသည် တင်ကားများနှင့်ကုန်တင်ယာဉ်မျာ်း ပြေးစွဲနိုင်မည်ဖြစ်ပြီး ပဲခူးမြို့ အရှေ့ခြမ်းမှ လယ်ယာထွက်ကုန်များကိုလည်း ရန်ကုန်သို့ သယ်ယူစရိတ်သက်သာစွာ ပို့ဆောင်နိုင်မည်ဖြစ်ပါကြောင်း ၊  သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျှော့နည်းသက်သာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျော့ချရေးကိုပါ အထောက်အကူဖြစ်စေခြင်း၊  တို့အပြင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံသာ တည်ဆောက်ပေးနိုင်မည်ဆိုပါက လေဆိပ်နှင့်စက်မှု စီမံကိန်းကြီးများ အတွက်ပါ လျှပ်စစ်ဓာတ်အား လုံလောက်ပြီး အလွန်အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့က အထူးစဉ်းစားပေးစေလိုပါကြောင်း၊ ထို့ကြောင့် ပဲခူးမြို့တစ်ဝိုက်တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင်များ အမြန်ဆုံးဖွင့်လှစ်ပေးမည့် အစီအစဉ်များရှိ/ မရှိ ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထူး
အဖြေ

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထူးသဘာဝဓာတ်ငွေ့အရောင်းဆိုင်ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တိုက်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိန်နှင့် ပဲခူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြင်သိန်းတို့က လည်း မေမြန်းခဲ့ဖူးပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တို့ထံကို ၁၁-၇-၂၀၁၂ ရက်စွဲပါစာနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားအကြောင်းပြန်ကြားခဲ့ ပြီးဖြစ် ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ် မှုအခြေအနေသည် ပြည်တွင်းသုံးရန်အတွက် ကမ်းလွန် Offshoreမှ ၂၃၆ ကုဗပေ သန်းနှင့် ကုန်းတွင်းရေနံမြေက ၅၈ ကုဗပေသန်းစုစုပေါင်း သဘာဝဓာတ်ငွေ့ ၂၉၄ ကုဗပေသန်း ထုတ်လုပ် လျက်ရှိပါကြောင်း၊  ပြည်တွင်းသုံး ဓာတ်ငွေ့တွေထဲကပင် ၆၇ ရာခိုင်နှုန်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ် အားပေးစက်ရုံကို လည်းကောင်း၊ ၁၃ ရာခိုင်နှုန်းကို ဘိလပ်မြေစက်ရုံများကိုလည်းကောင်း၊ ၆ ရာခိုင်နှုန်းကို ဓာတ်မြေသြဇာ စက်ရုံများကိုလည်းကောင်း၊ ၇ ရာခိုင်နှုန်းကို CNG မော်တော်ယာဉ်များကိုလည်းကောင်း၊ ကျန် ၆ ရာခိုင်နှုန်းကို အခြားနိုင်ငံပိုင် ပုဂ္ဂလိကစက်ရုံများကိုလည်းကောင်း သုံးစွဲလျက်ရှိပါကြောင်း၊ စွမ်းအင်လိုအပ်ချက်ကို ထပ်မံဖြည့် ဆည်းပေးနိုင်ရန်အတွက် အတွေ့အကြုံရှိသော နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များအား အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူခဲ့ရာတွင် ၂၀၁၃ ခုနှစ်အထိ ကုန်းတွင်း လုပ်ကွက် ၁၆ ကွက်ကို ကုမ္ပဏီ ၁၁ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ကျန်ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက် ဒုတိယအကြိမ်အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ရာတွင်လည်းလုပ်ကွက် ၁၆ ခုကို ကုမ္ပဏီ ၁၀ ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် စာချုပ်များ ချုပ်ဆိုရန် စီအစဉ်ဆောင်ရွက်နေပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းနှင့် လုပ်ငန်း များကို လိုအပ်သော အချက်အလက်များ စုဆောင်းရှာဖွေတိုင်းတာခြင်း၊ အစမ်းတွင်းများ တူးဖော်ခြင်း၊ စီးပွားဖြစ် ထုတ်လုပ်သုံးစွဲရန်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း အစရှိ လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ရှာဖွေရေးကာလအတွက် ငါးနှစ်၊ စီးပွားဖြစ်တွေ့ရှိပြီးနောက် ထုတ်လုပ်သုံးစွဲရန် အနည်းဆုံး ခန့်မှန်းချိန်က သုံးနှစ်မှ ငါးနှစ် စုစုပေါင်း ၈ နှစ်မှ ၁၀ နှစ်ခန့်ကြာမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေနှင့် သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော်ရရှိနေသော်လည်း မူလရှိပြီးသားသဘာဝ ဓာတ်ငွေ့အထွက်နှုန်းကျဆင်းနေမှုကို ထိန်းထားပေးနိုင်ရုံသာရှိပါကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်အစီးရေက ၂၇၇၅၁ စီးရှိပြီး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချရန်အတွက် အရောင်းဆိုင်ပေါင်း ၄၅ ဆိုင်ကို ၂၄ နာရီဖွင့်လှစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် အပြင် ယာဉ်တစ်စီးအတွက် တစ်နေ့ကို တစ်ကြိမ်မျှမက ဝယ်ယူဖြည်‌့တင်းနိုင်ပါကြောင်း၊ ယခင်ကတွေ့ကြုံရသော လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့်အခြေ အနေများမရှိစေရန် ဓာတ်ငွေ့သုံးအရန်မီးစက်များ ဝယ်ယူပြီးတော့ လက်ရှိ CNG ဆိုင်များတွင် တပ်ဆင်ထားပြီးဖြစ်ခြင်းကြောင့်လည်း ယာဉ်အရေအတွက်နှင့်  သင့်တင့် မျှတလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း။

သနပ်ပင်ဒေသမှ ဖြတ်သန်းသွားရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းပဲ ဖြစ်ခြင်းကြောင့် နည်းပညာအရ ကမ်းလွန်သဘာဝဓာတ်ငွေ့ဖြင့် မော်တော်ယာဉ်များကို တိုက်ရိုက် CNG အနေဖြင့် သုံးစွဲနိုင်ခြင်းမရှိကြောင်း၊ ရန်ကုန်-ပဲခူး-သနပ်ပင်ခရီးသည်တင်ပြေးဆွဲ နေသော သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေညောင်ပင်၊ လှော်ကား၊ ကျိုက္ကလို့ CNG အရောင်းဆိုင်များ တွင် ဓာတ်ငွေ့ဖြည့်တင်ပြီး ပဲခူးဒေသသို့ပြေးဆွဲလျက်ရှိရာ ခရီးစဉ်အတွက်သဘာဝဓာတ်ငွေ့ လုံလောက်မှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက်  ရေနံနှင့်သဘာဝဓာတ်ငွေ့ မြေအသစ်များ ထပ်မံဖော်ထုတ်ရန် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ ထပ်မံတွေ့ရှိလာမည့် အချိန်မှသာ ပြည်တွင်းသဘာဝဓာတ်ငွေ့ CNG သုံးစွဲမှုကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ခြင်းကြောင့် ထိုအချိန်ရောက်မှသာလျင် CNG အရောင်းဆိုင်များ တိုးချဲ့ဖွင်လှစ် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။