(ဂ)-ဘိုကလေးမြို့နယ်ရှိတောင်သူလယ်သမားများ အတွက်တောင်သူပညာပေးသင်တန်းများ၊ပညာပေး ဥယျာဉ်စိုက်ခင်းများ၊ ရေငန်တားတာတမံများဆောင် ရွက်ပေးရန်နှင့်သစ်တောကျူးဧရိယာများကိုစိုက်ပျိုး စရိတ်ချေးငွေများထုတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ (၃.၇.၂၀၁၄)

ဘိုကလေးမြို့နယ်သည် မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ဒုတိယအများဆုံးစိုက်ပျိုးသည့် မြို့ဖြစ်ပါသည်။ မိုးစပါးစိုက်ဧက ၃၁၈၂၄ ဧကရှိပြီး နွေစပါးစိုက်ဧက ၉၉၈၈၁ ဧကစိုက်ပျိုး နိုင်ပါကြောင်း၊ ၎င်းစိုက်ပျိုးမြေဧရိယာများအနက် ရေချိုစိုက်ဧက (၁)သိန်းနှင့် ရေချို/ရေငန်စိုက်ဧက (၁)သိန်း၊ ပင်လယ်ရေငန်ဝင်စိုက်ဧက (၁)သိန်း ခန့်ပါဝင်ပါသည် ရေချိုစိုက်ဧက (၁)သိန်းတွင် မိုးစပါးနှင့် နွေစပါးအပြည့်အဝစိုက်ပျိုးနိုင်ရန် ရေချို/ရေငန်စက်နှင့် ရေငန်ဝင်ဧက (၂)သိန်းခန့်၊ နွေစပါးနှင့် ဆောင်သီးနှံစိုက်ပျိုးမှုအလွန်အားနည်းလျက်ရှိကြောင်းနှင့် မိုးစပါး အထွက်နှုန်းမှာလည်း နည်းနေသေးကြောင်း လေ့လာသိရှိရပါသည်။ ရေချို/ရေငန်စိုက်ဧက တစ်သိန်းသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးနိုင်သော ဆည်မြောင်းကျွန်းတွင်းဧရိယာနှင့် ကျွန်းပြင်ပနေရာများတွင်ရှိသည့် ရေငန် ဝင်ဧက တစ်သိန်းခန့်သည် ယခင် သစ်တောကျွန်းဧရိယာအတွင်း အများစုပါဝင်နေကြောင်း တွေ့ရှိရပါကြောင်း၊ ၎င်းဧရိယာများအတွင်းရှိ လယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေများ မရရှိသည့်အတွက် အခက်အခဲများရှိကြောင်း၊

ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အားနည်းပါးပြီး သွားလာရေးအတွက် ဌာနပိုင်ရေယာဉ်၊ မော်တော်ယာဉ်များ မရှိသည့်အတွက်  စိုက်ပျိုးရေးကဏ္ဍ၌ လွှမ်းခြုံ နိုင်မှုမရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ဒေသများတွင် မိုးစပါးတစ်သီးမှ ဆောင်းသီးထပ်များ စိုက်ပျိုးနိုင်ရေး၊ ရိုးဖြတ်ကျန် ဧက နည်းပါးရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ပိုမိုလွှမ်းခြုံနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပင်လယ်ပိုင်းဒေသများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးဆိုင်ရာ တောင်သူလယ်သမားပညာပေးသင်တန်းများ၊ ပညာ ပေးဥယျာဉ်စိုက်ခင်းများ၊ ရေငန်တားတာတမံများပြုပြင်ခြင်း၊ တည်ဆောက်ပေးခြင်းနှင့် သစ်တောကျူး လယ်မြေများကို စိုက်ပျိုးစရိတ် ချေးငွေတိုးချဲ့ထုတ်ပေးရန် အစီအစဉ်များရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ွမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ဘိုကလေးမြို့နယ် မိုးစပါးရေချိုမှာ စိုက်ဧက (၁)သိန်း၊ ရေချို/ရေငန်စပ်ဧရိယာ (၁)သိန်းနှင့် ရေငန်ဝင်ဧရိယာ (၁)သိန်း စိုက်ပျိုးပြီး မိုးစပါးအပြီး  နွေစပါးသီးထပ်ကို (၁)သိန်း စိုက်ပျိုးပြီး၊ ဆောင်းသီးထပ်အဖြစ် ဆီထွက်သီးနှံ ၇၀ ဧကနှင့် ပဲမျိုးစုံသီးနှံ (၈)ဧကကို ၂၀၁၃-၁၄ ခုနှစ်တွင် စမ်းသပ်စိုက်ပျိုးခဲ့ပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် ပင်လယ်ရေငန်ဝင်ဒေသ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဆားငန်ဒဏ်ခံ စပါးမျိုးများ ဖြန့်ဖြူးပေးခြင်း၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တောင်သူများလိုက်နာ ကျင့်သုံးရေးအတွက် စံပြကွက်များ စိုက်ပျိုးပြသခြင်း၊ တောင်သူပညာပေးဆွေးနွေးပွဲများ၊ နည်းပညာ ပေးသင်တန်းများနှင့် ကွင်းပြပွဲများကို ပြုလုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊

          ဘိုကလေးမြို့နယ်၂၀၁၃-၁၄ ခုနှစ်၊ မိုးစပါးရာသီတွင် ဝန်ထမ်းနှင့်တောင်သူ ပညာပေးသင်တန်းပေါင်း ၁၀၈ ကြိမ်၊ တောင်သူပညာပေးဆွေးနွေးပွဲပေါင်း ၁၈၀ ကို ကျေးရွာအုပ်စု ၇၀ မှာဆောင်ရွက်ခဲ့ပြီး နွေစပါးနှင့်ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် နည်းပညာပေးသင်တန်း ၁၆၀ နှင့် တောင်သူပညာပေးဆွေးနွေးပွဲပေါင်း ၁၆၂ ကြိမ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ တောင်သူများလိုက်နာကျင့်သုံးစေရေးအတွက် မိုးရာသီ ဆင်းသွယ်လတ်နှင့် ပေါ်ဆန်းရင် စပါးမျိုးများကို ကျေးရွာအုပ်စု (၉)အုပ်စုတွင် စိုက်ပျိုးပြသပြီး ရိတ်သိမ်းချိန် ကွင်းပြပွဲ အဖြစ် ဆောင်ရွက်ပြသခဲ့ပါသည်။ နွေစပါးရာသီမှာလည်းပဲ  ကျေးရွာအုပ်စု လေးအုပ်စုမှာ ကွင်းပြပွဲ ဆောင်ရွက် ပြသခဲ့ပါတယ်။ ပညာပေးစံပြစိုက်ခင်းအဖြစ်နဲ့ မိုးစပါးရာသီမှာ ပုလဲသွယ်စပ်မျိုးစပါး ၁၀ ဧက၊ ပေါ်ဆန်းရင်စပါးမျိုး ၅၀ ကနေ ၁၀၀ စံပြကွက်များ ဆောင်ရွက်ပြသခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ နွေစပါးရာသီတွင် ပုလဲသွယ်စပ်မျိုးစပါး ၁၀ ဧကစံပြကွက်များနှင့် ဘယ်လ်ဂျီယမ် စပ်မျိုးစပါး ဧက ၅၀ ကနေ ဧက ၁၀၀ စံပြကွက်အဖြစ်နှင့် စိုက်ပျိုးပြသခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ် ဝန်ထမ်းနှင့် တောင်သူပညာပေးသင်တန်းပေါင်း အကြိမ် ၁၅၀ နှင့် ပညာပေးဆွေးနွေးပွဲပေါင်း ၂၃၈ ကြိမ် ကျင်းပဖို့ စီမံဆောင်ရွက်ထားပြီးလည်း ဖြစ်ပါသည်။ ဘိုကလေးမြို့နယ် လစ်လပ်နေသည့်နေရာများတွင် ပညာရှင်ဝန်ထမ်းများကို ဖြည့်စွက်ခန့်ထားရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

          လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနအနေနဲ့ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ၁၉၇၆ ခုနှစ်တွင်  အောက်မြန်မာပြည် စပါးစိုက်ပျိုးမှုတိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁)မှ ၂၄၄၃၇ ဧကကို လည်းကောင်း၊ ၁၉၈၁ ခုနှစ်တွင် စီမံကိန်းအပိုင်း(၂)ဖြင့် ဧရိယာ ၄၂၆၀၃ ဧကကိုလည်းကောင်း ဖော်ထုတ်၍ ရေငန်ဝင် ရောက်မှုမှ ကာကွယ်နိုင်ခဲ့ပါကြောင်း၊ ရေချို/ရေငန်စပ်နှင့် ရေငန်ဒေသများတွင် တာတမံအသစ်များ တည်ဆောက်ရေးအတွက် လတ်တလောအခြေအနေတွင် အစီအစဉ်မရှိသေးပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် သက်ဆိုင်ရာဌာနမှ လယ်ယာမြေအဖြစ် တရားဝင်သတ်မှတ်ထားသည့် မြေအမျိုးအစားကိုသာ ငွေထုတ်ချေးရမည့် စည်းကမ်းချက်ပါရှိပါကြောင်း၊ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်  မရရှိသေးပါက ချေးငွေတင်ပြသည့် တောင်သူသည် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်ကြောင်း တစ်နှစ်တစ်ရာသီအတွက် သီးနှံရိတ်သိမ်းချိန်ကာလအထိ ၎င်း၏ သီးနှံစိုက်ပျိုးမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံပေးနိုင်မည်ဆိုပါက စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။