(င)-၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင်ကျန်းမာရေးဝန်ကြီး ဌာန၏နိုင်ငံပိုင်အခန်းဆောင်ရွက်မည့်လုပ်ငန်းစီမံ ကိန်းများနှင့်ရင်းနှီးမြုပ်နှံမှုလျာထားချက်အရဆောင် ရွက်ပြီးစီမှုများသုံးသပ်တင်ပြပေးရေးနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၇.၂.၂၀၁၄)

ဒေါက်တာနေလင်း (ဆိပ်ကမ်း)မှော်ဘီမြို့နယ်တွင် ထန်းတပင်၊ လဲသပင်တိုက်နယ်ဆေးရုံအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်က သန်း ၁၀၀ ချပေးခဲ့သော်လည်း လက်ရှိတွင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ ထိုအတူ ချင်းပြည်နယ် ရေစို၊ ကျွဲကူး၊ ရွှေကြာ၊ ဗရိုက် ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ တီးတိန့်မြို့နယ်ရှိ ဟိုင်မွာ ကျေးရွာသစ်၊ ရှမ်းပြည်နယ် နမ္မတူ၊ မိုင်းရယ် ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင် ရန် ဖြည့်စွက်လုပ်ငန်းသစ်များ နှင့်စပ်လျဉ်း၍ ပြီးစီးမှုမရှိသေးသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ် ကျပ် သန်းပေါင်း ၅၂၈ ဘီလီယံကျော် ချပေးပြီးဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကိုလည်း ၂၂၀.၅၃၆ ဘီလီယံအထိ အဆောက်အဦအပိုင်း၊ စက်ပစ္စည်းကိရိယာ ဝယ်‌ယူရေးအပိုင်း၊ ရုံးသုံးပစ္စည်းပရိဘောဂ နှင့် ယာဉ်များဝယ်ယူရေးအတွက် မိမိတို့ ခွဲဝေချထားပြီး ပြည်ထောင်စုလွှတ်တော်မှ လျာထားပြီးဖြစ်ပါကြောင်း၊ ထိုကြောင့် ငွေလုံးငွေရင်းအသုံးစရိတ် ၂၂၀.၅၃၆ ဘီလီယံတွင် ကျန်းမားရေးဝန်ကြီးဌာနသည် အဆောက်အဦ များနှင့်စပ်လျဉ်း၍ လုပ်ငန်းသစ်အပိုင်း၊ စက်ပစ္စည်းကိရိယာများ၊ ဆေးရုံကြီးများကို ဝယ်ယူတပ်ဆင်ရေးအပိုင်း၊ ရုံးသုံးပစ္စည်းကိရိယာများ၊ ပရိဘောဂ များနှင့် ယာဉ်များ ဝယ်ယူပြီးစီးမှုအခြေအနေများနှင့် ဆေးရုံကြီးများ၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ အထူးဂရုပြု ဆောင်ရွက်နိုင်ရန် ဆေးဝါးဝယ်ယူ ခွဲဝေပေးမှုအပိုင်း ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ဖြည့်စွက်လုပ်ငန်းတစ်ခုအတွက် အိတ်ဖွင့်တင် ဒါခေါ်ယူပြီး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း များ၊ ဆောင်ရွက်ဆဲလုပ်ငန်း ၈ ခုသည် ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြည့်စွက်လုပ်ငန်း ၂၅၄ ခုသည် ၆၀ ရာခိုင်နှုန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသစ် ၂၆၀ ခု ၄၀ ရာခိုင်နှုန်းသည် ဆောင်ရွက်ပြီးဖြစ်၍ ၂၀ ရာခိုင်နှုန်းသည် ပစ္စည်းများ စုဆောင်းလျက် ရှိပါကြောင်း၊ ထိုအတူ ရုံးသုံးစက်ကိရိယာများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိတ္တူကူးစက်များ၊ ရုံးသုံးပရိဘောဂနှင့် လူနာတင်ယာဉ် ၅၆ စီး ဝယ်ယူခြင်း ကို ငွေလုံးငွေရင်းအသုံးစရိတ်မှ ၇၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း ၊ ပြည်ပအကူအညီနှင့် ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေ သ ကျေးလက်ကျန်းမာရေး အဆင့်မြှင့်တင်ခြင်း၊ စီမံချက်ဖြင့်ဆောင်ရွက်နေသော ကျေးလက်ကျန်းမာရေးဌာန ၃၂ ခု ဆောက်လုပ်ခြင်း လုပ်ငန်းကိုလည်း ၄၂ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ဆေးရုံများအတွက် ဆေးဘက်ဆိုင်ရာကိရိယာများ ထောက်ပံ့ခြင်းအတွက် ၂၄-၁၀-၂၀၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ Mitsubishi Corporation နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ စာချုပ်ချုပ် ဆိုပြီး ဆေးဘက် ဆိုင်ရာ ကိရိယာများဖြည့်ဆည်းနိုင်ရေး JICA အဖွဲ့မှတင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျန်းမာရေးဦးစီးဌာနသည် ၂၀၁၃-၁၄ ခု ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများ အား ထောက်ပံ့ရန် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၁၆၄၀၀၀၀၀၀ ကျပ် တန်ဖိုးရှိ ဆေးရုံသုံးပရိဘောဂများကို စက်မှုဝန်ကြီးဌာနသို့ အမှာစာပေးပို့၍လည်းကောင်း၊ ကျပ်သန်းပေါင်း ၁၀၅.၅၄၄ ဘီလီယံ တန်ဖိုးရှိ ဆေးရုံသုံး စက်ကိရိယာများကို တင်ဒါခေါ်ယူပြီး စာချုပ်ချုပ်ဆို၍လည်းကောင်း စုစုပေါင်းကျပ်သန်းပေါင်း ၁၀၅.၇၀၈ ဘီလီယံကျပ်တန်ဖိုးရှိ ဆေးရုံးသုံးပရိဘောဂများ၊ စက်ရိယာများဝယ်ယူရန် ဆောင်ရွက်နေပြီး ဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ကျပ်သန်း ၁၄.၈၇၆ ဘီလီယံ တန်ဖိုးရှိ ဆေးနှင့်  ဆေးပစ္စည်းများကိုလည်း စက်မှုဝန်ကြီးဌာနသို့ အမှာစာပေးပို့၍လည်းကောင်း၊ ၂၈.၉၅၁ ဘီလီယံတန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများကို တင်ဒါခေါ်ယူ စာချုပ်ချုပ်ဆို၍လည်းကောင်း၊ စုစုပေါင်း ၄၃.၈၂၇ ဘီလီယံ တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူရန် ဆောင်ရွက်နေပြီးဖြစ်ပါကြောင်း။

ဆေးသိပ္ပံဦးစီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် ဆောင်ရွက်ဆဲလုပ်ငန်း ၄ ခုနှင့် ဖြည့်စွက်လုပ်ငန်း ၅၀ ခုတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များနှင့် ဆေးသိပ္ပံပညာ ဦးစီးဌာန(ရုံးချုပ်)တို့မှ တင်ဒါများခေါ်ယူ၍ စိစစ်ရွေးချယ်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ခွင့်ရရှိရန် ကုမ္ပဏီ အဖွဲ့အစည်းများနှင့် လုပ်ငန်းအပ်နှံစာချုပ်များ ချုပ်ဆို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံကိန်းအ သစ်ဖြစ်သော တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအတွက် ၁၃-၁-၂၀၁၄ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများ စတင်ဆောင် ရွက်နိုင်ရန် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ရုံးသုံးစက်ကိရိယာများ သင်ကြားရေး အထောက်အကူပြု စက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် တင်ဒါခေါ်ယူရွေးချယ်ပြီးဖြစ်၍ ပစ္စည်းဝယ်ယူရေး စာချုပ်များ ဆက်လက်၍ ချုပ်ဆိုဆောင် ရွက်သွားမည်ဖြစ်ကြောင်း။

ဆေးသုတေသနဦးစီးဌာန အောက်မြန်မာပြည်အတွက် ၂၀၁၃-၁၄ ဘဏ္ဍနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်ရန်ရှိသော ဖြည့်စွက်လုပ်ငန်း(ဆောက်လုပ်ရေးလုပ်ငန်း) ၇ ခုကို အိတ်ဖွင့်တင်ဒါ စနစ် ဖြင့် ရွေးချယ်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာန (အထက်မြန်မာပြည်) အတွင်းရှိ ၃၃/ဝ.၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် ၃၃ ကေဗွီဓာတ်အားလိုင်း ၃၅၀၀ ပေတည်ဆောက်ခြင်းလုပ်ငန်းများကို ၇-၅-၂၀၁၃ ရက်နေ့ တွင် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း၊ အုတ်ညှပ်သွပ်မိုးတစ်ထပ် ရေ၊ မီး၊ မိလ္လာအပါအဝင် လုပ်ငန်း၊ ဆေးသုတေသန လုံခြုံရေးအတွက် အုတ်တံတိုင်းခြံစည်းရိုးပြုလုပ်ခြင်းလုပ်ငန်းနှင့် အဝီစိရေတွင်း ၁ တွင်း၊ အုတ်ရေကန်၊ သစ်သား ရေစင်၊ ရေမော်တာ၊ ရေစက်အိမ် ဆောက်လုပ်ခြင်းလုပ်ငန်း ၃ ခုအား အိတ်ဖွင့်တင်ဒါဖြင့်ခေါ်ယူ၍ စိစစ်ရွေးချယ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီသို့ တင်ပြထားပြီး သဘောတူညီချက်ရရှိပါက လုပ်ငန်းများ စတင်ဆောင် ရွက်မည်ဖြစ်ပါကြောင်း။

ဆေးသုတေသနဦးစီးဌာန (မြန်မာပြည်အလယ်ပိုင်း) အနေဖြင့် ဦးစီးဌာနအား ပိတ်သိမ်းရန် ဆောင် ရွက်နေသောကြောင့် ဖြည့်စွက်လုပ်ငန်းများ၊ စက်ကိရိယာနှင့် ရုံးသုံးစက်ကိရိယာများ ဝယ်ယူခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ တိုင်းရင်းဆေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် များဖြင့် ဆောင်ရွက်မည့် ဖြည့်စွက်လုပ်ငန်း ၁၅ ခုနှင့် လုပ်ငန်းသစ် ၁၅ ခုတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့လမ်းညွှန်းချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနများမှ တင်ဒါခေါ်ယူ၍ ရွေးချယ်ဆောင်ရွက်ခဲ့ရာ ဖြည့်စွက်လုပ်ငန်း ၆ ခု၊ လုပ်ငန်းသစ် ၆ ခုအတွက် ရန်ပုံငွေ ကျပ်သန်းပေါင်း ၅၂၇.၇၉၀ အား ခွဲဝေဆောင်ရွက်နေပါကြောင်း၊ ကျန်ဖြည့်စွက်လုပ်ငန်း ၈ ခုနှင့် လုပ်ငန်းသစ် ၉ ခုအတွက် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် တိုင်းရင်းဆေးကုဌာန အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းအစား ဇီးကုန်းမြို့နယ်သို့ ပြောင်းရွှေ့ဆောက်လုပ်ရန် လွှဲပြောင်းသုံးစွဲခွင့် တင်ပြထားပါကြောင်း။

ဖြည့်စွက်လုပ်ငန်းတစ်ခုဖြစ်သော အမျိုးသားပရဆေးဥယာဉ်တွင် ပျိုးစင်ဆောက်လုပ်မည့် လုပ်ငန်းကို ယခုနှစ် တွင် ဆောင်ရွက်ခြင်းမပြုလုပ်တော့ပါကြောင်း၊ လုပ်ငန်းသုံး၊ ရုံးသုံးစက်ကိရိယာများ ဝယ်ယူရန် တင်ဒါခေါ်ယူ စိစစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ရုံးသုံးယာဉ်၊ မော်တော်ယာဉ်ဝယ်ယူရန်အတွက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။