ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အုတ်ဖိုမြို့၊ အိုးသည် ကုန်းမြို့၊ အေးမြ သာယာမြို့သစ်တို့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးဌာနမှ သွယ်တန်းတပ်ဆင် အသုံးပြု လျက်ရှိသော သစ်သားဓာတ်တိုင် များသည် နှစ်ပေါင်း ၅၀ ကျော် သစ်သားဓာတ်တိုင်များသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ဆွေးမြေ့ယိုင်လဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြန်မာ့လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းဌာန သည် မြို့နယ်အတွင်းရှိ ဖော်ပြပါမြို့အသီးသီးတို့တွင် စွမ်းအားမြင့် ထရန်စဖော်မာများ၊ ကြိုးများနှင့်တိုင်အချို့တို့ကိုသာ ပြုပြင်တပ်ဆင်ပေးနိုင် ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ရပ်ကွက်များရှိ သစ်သားဓာတ်တိုင်များ သည် ဟောင်းနွမ်းဆွေးမြေ့ ယိုင်နဲ့နေမှုများကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်စေမှုနှင့် ဓာတ်အားဆုံးရှုံးမှုများ လည်း ဖြစ်ပေါ်စေပါကြောင်း၊ ပြည်သူများသည် တိုင်များကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တတ်နိုင်သမျှလဲလှယ် အသုံးပြုခဲ့ကြပါကြောင်း၊ သို့သော် ကွန်ကရစ်ဓာတ်တိုင်များသည် တန်ဖိုးမြင့်မားသည့်အတွက် မတတ်နိုင်ကြ ပါကြောင်း။
သို့ဖြစ်ပါ၍ အုတ်ဖိုမြို့နယ်အတွင်းရှိ အုတ်ဖိုမြို့၊ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာမြို့သစ်တို့ရှိ ရပ်ကွက်များတွင် ကြံ့ခိုင်မှုမရှိတော့သည့် သစ်သားဓာတ်တိုင်များအား ကွန်ကရစ်ဓာတ်တိုင်များအဖြစ် အစားထိုးပြောင်းလဲ တပ်ဆင်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်းမြို့ ဓာတ်အားပေး စနစ် ကောင်းမွန်ရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဂုံညင်းတန်း ၁၁/ဝ.၄ ကေဗွီ ၁၆၀ ကေဗွီအေ ထရန်စဖော်မာနှင့် ဓာတ်အားဖြန့်ဖြူးပေး ထားသောဆွေးမြည့် သစ်သား တိုင် ၁၂ တိုင်ကို ကွန်ကရစ်တိုင်၊ သံလက်တန်းများဖြင့် လဲလှယ်ပေးသွားခြင်း၊ အိုးသည် ကုန်းမြို့ ၂ လမ်း ၁၅၀ ကေဗွီအေ ထရန်စဖော်မာ ဖြန့်ဖြူးပေးထားသော ဆွေးမြည့် သစ်သားတိုင် ၁၅ တိုင်များ ကွန်ကရစ်တိုင်၊ သံလက်တန်းများဖြင့် လဲလှယ်ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနသည် နှစ်စဉ်ခွဲဝေရ ရှိသော ဘဏ္ဍာငွေအပေါ်မူတည်ပြီး ဝန်ကြီးဌာနပိုင် သစ်သားတိုင်နှင့် သံတိုင်များကို ကွန်ကရစ်တိုင်များနှင့် အစားထိုးလဲလှယ်ခဲ့ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ တစ်နိုင်ငံလုံးတွင် သစ်သားတိုင် ၁၆၂၃၉၃ တိုင်၊ သံတိုင် ၆၉၉၁၄ တိုင် ကျန်ရှိနေသေး ပါကြောင်း၊ ယင်းသို့ အစားထိုးလဲလှယ်ရာတွင် လိုအပ်ချက်အရ ကြွေသီးများ၊ ကြိုးများကိုပါ တစ်ခါတည်း လဲလှယ်ခဲ့ရ သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လဲလှယ်မည်ဆိုပါက ကြွေသီး၊ လက်တန်းများအပါအဝင် စုစုပေါင်း တန် ဖိုး ကျပ် ၅၄.၅၈ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပါကြောင်း။
အုတ်ဖိုမြို့နှင့် အိုးသည်ကုန်းမြို့၊ အေးမြသာယာမြို့များရှိ ၁၁ ကေဗွီဓာတ်အားလိုင်းပေါ်တွင် စုစုပေါင်း သစ်သားတိုင် ၁၂ တိုင်၊ သံတိုင် ၉၆ တိုင်နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများပေါ်တွင် သစ်သားတိုင် ၆၆၄ တိုင်နှင့် သံတိုင် ၄၃၉ တိုင် ရှိနေပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတော်မှ နှစ်စဉ် ဘဏ္ဍာငွေ ခွင့်ပြုချက်ပေါ်မူတည်ပြီး ဆွေးမြည့်သစ်သားတိုင်များ၊ သံတိုင်များကို ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ပေးခြင်းများ ဆောင်ရွက်ခဲ့ရာ အချိန်တိုနှင့် နှစ်အနည်းငယ်အတွင်း ဆောင်ရွက်ရန် ဘဏ္ဍာငွေ အခက်အခဲရှိသည့်အတွက် အိုးသည်ကုန်းမြို့၊ အုတ်ဖိုမြို့၊ အေးမြသာယာမြို့များရှိ ဆွေးမြည့်သစ်သားတိုင်နှင့် သံတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို နှစ်အလိုက်ရရှိမည့် ဘဏ္ဍာငွေ ထိန်းသိမ်းပြုပြင်မှု ရန်ပုံငွေအပေါ်မှာမူတည် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
