(ခ)-ငပုတောမြို့နယ် အုန်းကျွန်းကြီးရှိ တပ်မှသိမ်း ဆည်းထားသောဥယျာဉ်လယ်မြေများအတွက်မည် ကဲ့သို့ စီစဉ်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ (၃.၇.၂၀၁၄)

ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲနှင့် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲတွင် ငရုတ်ကောင်းမြို့နယ်ခွဲ၊ အုန်းကျွန်းကြီးတွင် ဒေသခံ ပန်းမောဒေသက တောင်သူများသည် သူတို့၏ ရေရှည်အကျိုးစီးပွားအတွက် သက်သက်နေမည်ဆို၍ အုန်းပင်တို့၊ ကွမ်းသီးပင်နှင့် အခြားရာသီပေါ်သီးနှံများ စိုက်ပျိုးထားပါကြောင်း၊ ပင်လယ်ပြင်လုံခြုံရေးအရဆို၍ အမှတ်(၂၇၁)တပ်ရင်းမှ အုန်းကျွန်းကို သိမ်းယူပြီး ဒေသခံတောင်သူများမှာ မည်သည့်အကျိုးခံစားခွင့်မှ မရရှိဘဲ ဆင်းရဲဒုက္ခခံစားနေရပါကြောင်း၊ ထို့အပြင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ဒီးဒူးကုန်းကျေးရွာအုပ် ထိပ်စွန်းတပ်စခန်းတွင် တပ်စခန်းချရန် အမှတ်(၂၇၁) တပ်ရင်းကပဲ စခန်းတစ်ခု ပြုလုပ်ထားသဖြင့် တောင်သူများပိုင်ဆိုင်သော အိုးအိမ်၊ ခြံမြေနှင့် လယ်ယာမြေများစွာ ပါဝင်သွားပါကြောင်း၊ တပ်ခြံအပြင်ဘက်တွင် ကျန်နေသောလယ်မြေ ၁၂ ဧကကိုလည်း ဒေသခံတောင်သူများက ပြန်လည်လုပ်ကိုင်လိုကြောင်း မိမိတို့ တင်ပြသော်လည်း ယနေ့အထိ အကြောင်းတစ်စုံတရာ ပြန်ကြားခြင်းမရှိပါကြောင်း။

ထို့နောက် မြောင်းမြမြို့နယ် ပျဉ်ပုံကျေးရွာအုပ်စု ညောင်းချောင်းလေးကျေးရွာအုပ်စုတွင် အမှတ်(၂၇) တပ်ရင်း (မအူပင်)၊ အမှတ်(၉၈) တပ်ရင်း (ဖျာပုံ)၊ အမှတ်(၆၃) တပ်ရင်း (အိမ်မဲ)၊ အမှတ်(၅၃၄) တပ်ရင်း (မော်လမြိုင်ကျွန်း)၊ အမှတ်(၉၃) တပ်ရင်း (မြောင်းမြ) စသည့်တပ် ၅ တပ်မှ တပ်ရင်းတစ်ရင်းကို ဧက ၁၀၀ စီ ရော်ဘာစိုက်ရန် သိမ်းယူထားပါကြောင်း၊ မိမိတို့ လယ်ယာမြေကော်မရှင်များ သွားရောက်ပြီး အစီရင်ခံရာတွင် တပ်နှင့်တစ်ဆက်တစ်စပ်တည်း မရှိသည့်အတွက် ပြန်လည်ပေးရန် တင်ပြထားပါကြောင်း၊ သို့သော် ယနေ့အထိ ပြန်လည်မရရှိသည့်အပြင် အမှတ်(၂၇)တပ်ရင်း (မအူပင်)မှ ၃ ဦး၊ နှင့် အမှတ် (၉၈)တပ်ရင်း (ဖျာပုံ)တပ်ရင်းမှ ၉ ဦးကို တရားစွဲဆိုထားသည့်အတွက် တိုင်းတရားရုံးတွင် တရားရင်ဆိုင်နေကြရပါကြောင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ သိမ်းဆည်းထားသောမြေများနှင့်ပတ်သက်၍ မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းရှိ အုန်းကျွန်းလေး၊ ပုဂံကျွန်း၊ သဲဖြူကျွန်း၊ သစ်ရောင်းကျွန်း၊ မြင်းစီးကျွန်းနှင့် မိချောင်းခေါင်းကျွန်းတို့သည် စခန်းနယ်မြေအဖြစ် မတည်ဆောက်မီအချိန်က လူမနေသည့် မြေလွတ်မြေရိုင်း၊ အစိုးရပိုင်မြေများသာဖြစ်ပြီး ဦးပိုင်ပေါက်တောင်သူများမရှိသဖြင့် လျော်ကြေးငွေ ပေးချေခြင်းမရှိပါကြောင်း၊ အဆိုပါမြေနေရာများတွင် မဆုတ်တမ်း ခံစစ်စခန်းဆောက်လုပ်ထားပြီး အနာဂတ်စစ်ဆင်ရေး၊ အနောက်ဘက်ကမ်းခြေဒေသ ပင်လယ်ပြင်စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်ရန်အတွက် မဖြစ်မနေထားရှိရမည့် စစ်ဗျူဟာအရေးကြီး မြေနေရာများဖြစ်သဖြင့် ပြန်လည်စွန့်လွှတ်ပေးမည့်မြေ မဟုတ်ကြောင်းနှင့် လျော်ကြေးငွေလည်း ပေးလျော်ရန်မရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ဒီးဒူးကုန်းကျေးရွာအုပ်စုအတွင်းရှိ ထိပ်စွန်းမဆုပ်တမ်း ခံစစ်စခန်း ပြင်ပတွင်ရှိသော မြေဧက ၁၂ ဧကကို မိမိတို့ စခန်းနယ်မြေအဖြစ် မသိမ်းယူမီအချိန်က ဦးပိုင်အမည်ပေါက် လယ်ယာမြေများမဟုတ်ဘဲ အစိုးရပိုင် မြေလွတ်မြေရိုင်းသာဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် မဆုပ်တမ်းခံစစ်နယ်မြေ ဖြစ်ပြီး အနာဂတ်စစ်ဆင်ရေးနှင့် အနောက်ဘက်ကမ်းခြေဒေသ ပင်လယ်ပြင်စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်ရန်အတွက် မဖြစ်မနေထားရှိရမယ့် အရေးကြီးမြေနေရာဖြစ်သည့်အတွက် ပြန်လည်စွန့်လွှတ်ပေးရန် မရှိပါကြောင်း။

မြောင်းမြမြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စုနှင့် ညောင်ချောင်းလေးကျေးရွာအုပ်စုများမှာ အမှတ်(၂၇၁) ခြေလျင်တပ်ရင်းမှ သိမ်းယူထားသော  ဥယျာဉ်ခြံမြေများ မရှိပါကြောင်း၊ ယခုလက်ရှိလုပ်ကိုင်နေသော ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၁၁-၄-၂၀၀၆ ရက်စွဲဖြင့် တပ်ရင်း ၅ ရင်းက မြေဧက ၁၀၀ နှုန်းဖြင့် စုစုပေါင်း ဧက ၅၀၀ ကို မြေလွတ်မြေရိုင်း ရှာဖွေဖော်ထုတ်ပြီး စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာစိုက်ပျိုးရေးအတွက် ဆောင်ရွက်ရန်ခွင့်ပြုသဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိတွင်လည်း မြေ ၁၃၀ ဧက စိုက်ပျိုးထားပြီး ဆက်လက်၍လည်း နှစ်စဉ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ မြေ ၅၀၀ ဧကအနက်မှ တောင်သူများလုပ်ကိုင်လျက်ရှိသော မြေဧက ၈၀ သည် မြောင်းမြမြို့နယ် မြေယာအသုံးချမှုစီမံခန့်ခွဲရေးကော်မတီကို လွှဲပြောင်းအပ်နှံပေးခဲ့ပြီး ကျန်မြေ ၄၂၀ ဧကကို မိမိတို့ ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီးသည် ဒေသခံလယ်သမားများ၏ အကျိုးကိစ္စအတွက် စေတနာထက်သန်စွာ တင်ပြပေးခဲ့သော်လည်း ယင်းနယ်မြေများသည် တောင်သူများ၏ ဦးပိုင်ပေါက်လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများအား သိမ်းယူခဲ့ခြင်းမဟုတ်ဘဲ ပင်လယ်ပြင်စိုးမိုးရေး၊ လုံခြုံရေး၊ မြေလွတ်မြေရိုင်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုယ်တိုင်စက်ယန္တရားအား၊ လူအားများဖြင့် ဖော်ထုတ်စိုက်ပျိုးခဲ့သည့် မြေများဖြစ်ပါသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်သန်းမြင့် (ငပုတော) က ဆက်စပ်မေးခွန်းမေမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်တွင် အုန်းကျွန်းကြီးဆိုသည်မှာ မိမိတို့ ဒေသခံများတွင် အစဉ်အဆက်လုပ်ကိုင်ပြီး မြေခွန်ဆောင်ထားရသည့် ပြေစာများ၊ အထောက်အထားများ များစွာရှိပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့သွားရောက်ရာတွင် ဒေသခံတောင်သူများက သူတို့ဆောင်ရွက်ခဲ့သော မြေခွန်ထမ်းဆောင်ထားသည့် မြေခွန်စာရွက်များကို ပြသပါကြောင်း၊ မိမိတို့ ကော်မရှင်အဖွဲ့ တွေ့ဆုံးပြီး ဆောင်ရွက်ခဲ့သည့်အတွက် အုန်းကျွန်းကြီးတွင် အစိုးရပိုင်မြေဆိုတာ ဒေသခံတောင်သူများမရှိဘူးဆိုသည်မှာ မဟုတ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအနေဖြင့် ယင်းနေရာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသလား၊ ထို့နောက် ဒီးဒူးကုန်းတွင် လယ်များကို အလှည့်ကျတပ်ရင်းများ တာဝန်ထမ်းဆောင်နေရာ လယ်မြေများမှ တစ်နှစ်လျှင် တစ်ရာသီတွင် စပါး ၁၀၀ ဖြင့် သီးစားချထားသည်ကို သိရှိပါသလား၊ မြောင်းမြပိုင် ဒေသတွင်လည်း တောင်သူများလက်ဝယ်တွင် ၎င်းတို့  လုပ်နိုင်သည်ဆိုသည့် အထောက်အထားများ ပြနိုင်ပါကြောင်း၊ ထို့ကြောင့် အုန်းကျွန်းကြီး၊ ထပ်စွန်းတပ်စခန်းတွင် မြေနေရာများကို ပြန်တောင်းခြင်းမဟုတ်ပါကြောင်း၊ အုန်းကျွန်းကြီးရှိ ဒေသခံတောင်သူများ၏ အထောက်အထားများ ပြနိုင်သည့်အခါ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ထပ်စွန်းတပ်စခန်းရှိ လယ်ယာမြေကို နှစ်စဉ် စပါး ၁၀၀ နှင့် သီးစားချပြီး ဆောင်ရွက်နေသည်ကို သိရှိပါသလား၊ ညောင်ချောင်းလေးတွင် တရားစွဲခံထားရသော လူများတွင် အထောက်အထားများ ပြနိုင်ပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်

မိမိတို့အနေဖြင့် အထောက်အထားဆိုသည်များကို ပြန်လည်စိစစ်မည်ဖြစ်ပါကြောင်း၊ အများအားဖြင့် ရေလုပ်သည့် အထောက်အထားဆိုသည်မှာ လယ်ယာမြေပိုင်ဆိုင်ခွင့် မဟုတ်ပါကြောင်း၊ သာမန်လုပ်သော အထောက်အထားဟူ၍ ပြေစာများတွင် အထောက်အထားများ တင်ပြသည်များ ရှိပါကြောင်း၊ ယခင်က မိမိတို့ မလုပ်နိုင်သော နေရာများကို ၂၀၁၀-၂၀၁၁ ခန့်က သီးစားပုံစံမျိုးဖြင့် ပြုလုပ်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ထိုသို့ပြုလုပ်ခြင်းကို လုံးဝလက်မခံပါကြောင်း၊ မိမိတို့ လုပ်နိုင်သော မြေအနေအထားကိုသာ လုပ်ကိုင်ပြီး ကျန်သည့်မြေများကို စွန့်လွှတ်ပါကြောင်းနှင့် တရားစွဲဆိုခံထားရ သည်များနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်ဖြေကြားပါသည်။