(င)-၂၀၁၂ လယ်ယာမြေဥပဒေ၊နည်းဥပဒေများ၏ အကျိုးသက်ရောက်မှုကို တောင်သူလယ်သမား များအမှန်တကယ် ခံစားခွင့် ရရှိရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၄)

၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၏အကျိုးသက်ရောက်မှုကို တောင်သူလယ်သမားများ အမှန် တကယ်ခံစားခွင့် မရှိသေးပါကအဆင့်ဆင့် တာဝန်ရှိသူများမှ မှန်ကန်၊ မြန်ဆန်စွာဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးတင်ဌေးအောင် (ရေစကြို)မြေသည်လူသားတို့နှင့် ရင်းနှီးဆုံးသော အခြေခံအကျဆုံးသော၊ မပတ်သက်လျင် ရပ်တည်၍မရနိုင်သော ပစ္စည်ဥစ္စာဖြစ်သည့်အတွက်  လူတိုင်းနှင့်မကင်းကွာနိုင်သော အရာဖြစ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး ဘဝကို ကာကွယ်စောင့်ရှောက် မြှင့် တင်ပေးမည်ဆိုပါက ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် လိုက်လျော ညီထွေရှိအောင် မြေယာစီမံခန့်ခွဲမှုများကို အကောင်းဆုံးနှင့် အမှန်ကန်ဆုံး စီမံဆောင် ရွက်မှုများ လိုအပ်မည် ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော် သစ်အစိုးရလက်ထက် တွင် ပြည်သူများ၏ စားဝတ်နေရေးလိုအပ်ချက်၊ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်၊ နေ့စဉ်လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ အဖက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ခြင်း များနှင့်အတူ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း မျှသော ကျေးလက်နေပြည်သူများ၏ လုပ်ငန်း ကဏ္ဍဖြစ်ဖြစ်သော လယ်ယာဖွံ့ဖြိုးရေး တိုးတက်စေရေးအတွက် ၂၀၁၂ လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းပေး ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ ဥပဒေများ တွင် ပြည်သူများ၏ အကျိုးစီးပွားကိုမည်သို့ပင် ဗဟိုပြုရေးဆွဲပြဋ္ဌာန်းပေးထားစေကာမူ ယင်းဥပဒေ များကို လိုက်နာဆောင်ရွက်ရမည့် တာဝန်ရှိသူအားလုံးက အပြည့်အဝပူပေါင်းပါဝင်ပြီး မှန်မှန်ကန်ကန် ကျင့်သုံးဆောင်ရွက် မှသာဥပဒေ၊ နည်းဥပဒေများ၏ အကျိုးသက်ရောက်မှုကို ထိထိရောက်ရောက် ခံစားခွင့် ရရှိကြမည်ဖြစ်ပါကြောင်း။ ယနေ့ ၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ရာ ၂ နှစ်နီးပါးမျှ ကြာမြင့်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာသူတောင်သူလယ်သမားများအဖို့ ဥပဒေပါအခွင့်အရေးများကို အမှန်တစ်ကယ် ခံစားခွင့်ရရှိကြသော အကြောင်းများကြားရ၊ မြင်တွေ့ရသည်များမှာ များစွာမှဝမ်းနည်း ဖွယ်ရာကောင်းပါကြောင်း၊ လွှတ်တော် အတွင်း မေးခွန်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက အဖြေများမှာ အင်မတန်ဝမ်းမြောက် ဝမ်းသာ စရာကောင်းသော အဖြေများအဖြစ် လက်ခံရရှိသော်လည်းပဲ လွှတ်တော်နားပြီး နယ်မြေပြန်သွားရာ တွင် အောက်ခြေ ပြောင်းလဲမှုများတွင် အင်မတန်နှေးကွေးပြီး ပြည်သူများဒုက္ခခံစားနေ ရသည်ကိုတွေ့မြင်ရ ဆဲဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းသွားလိုသည်မှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၏ အကျိုး သက်ရောက်မှုကို တောင်သူလယ်သမားများ အမှန်တစ်ကယ် ခံစားခွင့်မရရှိကြသေးသည်ကို အသိအမှတ်ပြု ပါသလား။ အကယ်၍ ခံစားခွင့်မရရှိကြသေးပါက အဆင့်ဆင့်တာဝန်ရှိသူများမှာ မှန်ကန်မြန်ဆန်စွာ ဆောင် ရွက်ပေးရေး အတွက်မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာမြေဥပဒေကို ၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ အဖြစ် နိုင်ငံတော်သမ္မတက ၃၀-၃-၂၀၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၃၁-၈-၂၀၁၂ ရက်နေ့မှာ လယ်ယာမြေ ဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့ပါကြောင်း၊ လယ်ယာမြေနည်းဥပဒေကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၃၁-၈-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၁၂ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၊ နည်းဥပဒေများပါ စာအုပ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြေစာရင်းဦးစီးဌာန များနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှာ စာအုပ်တစ် အုပ်လျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ပြီး ၁-၇-၂၀၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်း စာများတွင်လည်း ထည့်သွင်းဖေါ်ပြထားပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံ တင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ၁-၁-၂၀၁၃ ရက်နေ့မှစ တင်ပြီး နိုင်ငံတစ်ဝန်းတစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ၃-၃-၂၀၁၄ ရက်နေ့အထိ တောင် သူပေါင်း ၅.၀၁ သန်း၏ ဦးပိုင်လုပ်ကွက်ပေါင်း ၈.၃၉ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၉၈.၃၉ ရာခိုင်နှုန်းအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များကို လယ်ယာမြေဥပဒေပုဒ်မ ၄၊ ၅ နှင့် ၆ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စွာ တောင်သူလယ်သမားများ လက်ဝယ်အရောက် ထုတ်ပေးပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသော တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များဆက်လက် ထုတ်ပေးလျက် ရှိကြောင်း ရှင်းလင်းတင်ပြပါသည်။

လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်ပြီး ဆင့်ပွားသင်တန်းများကိုလည်း နိုင်ငံတစ်ဝန်းလုံးမှာ ၁၉-၉-၂၀၁၂ ရက်နေ့မှ စတင်ပြီး ကျေးရွာဒေသ တောင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရှင်းလင်းပို့ချ ဆောင်ရွက်ခဲ့ပြီး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရေးအတွက် သိရှိထားသင့်သော အကြောင်းအရာများ လက်ကမ်းစာစောင် များကို စောင်ရေတစ်သိန်း ဖြန့်ဝေအသိပေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမွမ်းမံ သင်တန်းများမှာလည်းပဲ သင်တန်းများပို့ချပေးခဲ့ကြောင်း၊ ပြည်သူလူထုအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်သတင်းစာ၊ ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ခြင်းနှင့် တောင်သူလယ်သမား ကဏ္ဍ ဆောင်းပါးရှင်တို့မှ  နှိုးဆော်ခြင်းတို့ကိုလည်း ယနေ့ထိ (Farmer Channel) မှ ထုတ်လွင့်ပေး လျက်ရှိကြောင်း။

မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း တောင်သူလယ်သမားများသိရှိနိုင်ရန်အတွက် အထက်ပါအတိုင်း သင်တန်းများဆွေးနွေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်များရရှိပြီး လယ်ယာမြေဥပဒေ ပုဒ်မ ၉ ပါ လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ အမွေဆက်ခံခွင့်၊ အကျိုးတူလုပ်ကိုင်ခွင့်စသော အခွင့်အရေးများ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၂၈ အရ မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားက အခြားသီးနှံအမျိုးအစားကို ပြောင်းလဲ စိုက်ပျိုးခွင့်များ၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်များကို ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်စွာဖြင့် အကျိုးကျေးဇူးများရရှိ ခံစားနေကြပြီဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍လွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တောင်သူများအကျိုးခံစားခွင့် ရရှိရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှု၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အသီးသီးကအထူး ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တောင်သူများအနေဖြင်‌့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့်များရရှိပြီးဖြစ်၍ အကျိုးကျေးဇူးများခံစားခွင့်များ ရရှိနေပြီဖြစ်ကြောင်း ရှင်း လင်းဖြေကြားပါသည်။