သက်ဆိုင်ရာအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် အရေးယူ ဆောင်ရွက်ချက်များတင်ပြရာတွင် မြေပြင်ရှိပကတိအခြေအနေနှင့် ကွဲလွဲစွာတင်ပြ ထားတာတွေ့ရှိရပါကြောင်း၊ သိမ်းဆည်းခံရသူပိုင်ရှင်များကို တရားဥပဒေ ကြောင်းအရ ဖြေရှင်းရန် လမ်းလွှဲခြင်း၊ ပြန်လည် တရားစွဲဆိုခြင်း၊ လန ၃၉ ကို ဆက်လက် မထုတ်ပေးရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ လန ၃၉ အား ပယ်ဖျက်အမိန့်ထုတ်ပြန်၍ စွန့်လွှတ် မြေများအား သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်ရန် လမ်းညွှန်မှုတို့ကို မျက်ကွယ်ပြုခြင်း၊ ကာလ ပေါက်ဈေး၊ လျော်ကြေး၊ နစ်နာကြေးပေး ရန် ညှိနှိုင်းမှုမရှိခြင်း၊ အဆောက်အဦမရှိသောမြေများ၊ မူလရည်ရွက်ချက် နှင့်အညီ အသုံးမပြုသောမြေများ၊ စီမံကိန်းပြုလုပ်ခြင်းမရှိသောမြေများကို ပြန်လည်စွန့်လွှတ်ပေးရ မည့်အစား အကြောင်းအရင်းခိုင်မာ၍ မစွန့်လွှတ်သည့် အခြေအနေဆိုပြီးသုံးသပ်ခြင်း၊ အဆောက် အဦမရှိသော မြေများပေါ်တွင် အဆောက်အဦများ အတင်းတွန်းဆောက်ခြင်း၊ ခြံကာခြင်းများ ပြုလုပ်လာ၍ သိမ်းဆည်းခံရသူများက တိုင်ကြားသော်လည်း တားမြစ်ပေးမှု၊ အရေးယူဆောင်ရွက်ပေးမှုမရှိခြင်း၊ သိမ်းဆည်းခဲ့သောမြေများကို မမှန်မကန်ဖော်ပြခြင်း၊ အငှားချထားသူများ လက်ဝယ်သို့ပေးအပ်ခြင်း၊ နိုင်ငံတော်ကို စာရင်းဇယားမမှန်မကန် အစီရင်ခံခြင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ စစ်ဆေးပြီးသား အမှုတွဲများကို မြို့နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ လွှဲပြောင်းမပေးခြင်း စသည်တို့ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ တိုက်တွန်းအကြံပြုချက်များ၊ ဆွေးနွေးချက်များ၊ မြေသိမ်းသူများနှင့် စပ်လျဉ်းပြီး ဖြေရှင်း ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ၏ မြေမူဝါဒများ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ၏ လမ်းညွှန်ချက်တို့နှင့် ကွဲလွဲနေပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂၈ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါအား လျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရမည်ဟုလည်း ပြဋ္ဌာန်းထားတာ တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များအား မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၈ ပုဒ်မခွဲ(က)အရ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာဆုံးရှုံးမှုမရှိစေရေး အတွက်ကို စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်းအသီးသီးပါ မြေပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၉/၂၀၁၃)နှင့် ဒုတိယသမ္မတ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီနှင့် စက်တင်ဘာလ ၁၉ ရက် နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်၊ ခရိုင်/ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်ကို လည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌနှင့် တရားဝင်ဖွဲ့စည်းထားသော လယ်ယာကုန်ထုတ် သမဝါယမအသင်းများမှ ကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားရှိ သည့်နည်းတူ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတွင်လည်း ပြည်သူ့ကိုယ်စားလှယ်များဖြစ်သော မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်း၍ မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
နိုင်ငံတော်သမ္မတကလည်း ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့သော သဝဏ်လွှာတွင်လည်း မြေပြင် ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော မြို့နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အသီးသီးတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ရွေးချယ်တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အများပြည်သူကို အထောက်အကူ ပြုစေမည့်အပြင် ပကတိအခြေအနေမှန်ကိုလည်း လွှတ်တော် များက အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည်ဖြစ်ပါ၍ စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် ဖော်ပြပါရှိခြင်းကြောင့် ဒေသ အသီးသီးတွင် မြေကိစ္စများဆောင်ရွက်ရာ၌ ကိုယ်စားလှယ်များ အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေသည်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း။
မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီကို စတင်ဖွဲ့စည်းချိန်မှစပြီး ယနေ့အချိန်အထိ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ထို့ပြင် မြေ ဒုတိယသမ္မတကြီးကိုယ်တိုင် တိုင်းဒေသကြီး/ ပြည်နယ် လေးခုကို ကွင်းဆင်းပြီး မြေယာများကို ပြည်သူ့ လက်ဝယ် လွှဲပြောင်းပေးအပ်ပြီးဖြစ်သကဲ့သို့ မြေအသုံးချမှုစီမံခန်ခွဲရေး ဗဟိုကော်မတီဝင်များအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေများကို ၂၂ ကြိမ် ကွင်းဆင်းပြီး မြေကိစ္စ ရပ်များများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် တွေ့ကြုံနေရသော အတားအဆီးအခက်အခဲများကို ပေါင်းစပ်ဖြေရှင်းပေးခြင်း များဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
မြေယာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ(၅)ရပ်နှင့် စွန့်လွှတ်မြေများကို သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်ရာတွင် လိုက်နာဆောင်ရွက်ရန် ချမှတ်ထားသော လုပ်ငန်းစဉ်(၄)ရပ် တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်တို့က ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟို ကော်မတီ အဖြင့် မြေယာအမှု စုစုပေါင်း ၁၀၂၂၅ မှုကို စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး မြေကိစ္စ ၇၄၅ မှုနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ငါးကြိမ် ပေးပို့ထားပြီးဖြစ်ပါကြောင်း။
မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဆောင်သောကော်မတီဝင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများ၏ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟို ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၁/၂၀၁၅) ဆုံးဖြတ်ချက်များအရ အဆင့်ဆင့်သော မြေအသုံးချမှုစီမံခန့်ခွဲမှု ကော်မတီ များအနေဖြင့် အပတ်စဉ် ၊ လစဉ် တွေ့ဆုံညှိနှိုင်းပြီး ဖြေရှင်း ဆောင်ရွက်မှုများကို ထိထိရောက်ရောက် ဆောင် ရွက်ရန်၊ ပြည်သူများ ယုံကြည်အားကိုးမှုရှိလာစေရေး စီမံဆောင်ရွက်ရန်၊ မြို့နယ်အလိုက် ကွင်းဆင်း ဖြေရှင်း ဆောင်ရွက်ပေးရန်၊ ပြည်သူများကို မြေယာဥပဒေများ ရှင်းလင်းအသိပေးရန်၊ ဖြေရှင်းဆောင်ရွက်ပြီး မြေ ကိစ္စများကို ပွင့်လင်း မြင်သာစွာ ရှင်းလင်းအသိပေးရန်၊ စိစစ်ဖြေရှင်းရန် ကျန်ရှိသောမြေကိစ္စများနှင့် စုံစမ်းရေးကော်မရှင်မှ ထပ်မံပေးပို့လာသော မြေကိစ္စများကို လျင်မြန်သွက်လက် ထိရောက်စွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် အချိန်ဇယားရေးဆွဲပြီးဆောင်ရွက်ရန်နှင့် သက်ဆိုင်သူများကို စွန့်လွှတ်မြေများ အမြန် ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားရန် ဆုံးဖြတ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီမှ ချမှတ် ထားသော မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်တို့မှ လိုက်နာအကောင်အထည်ဖော် ကြီးကြပ် ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ ကော်မတီအဆင့်ဆင့်အနေဖြင့် လိုက်နာအကောင်အထည်ဖော် ဆောင် ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိခြင်း၊ ခိုင်လုံသော အထောက်အထားများနှင့်တကွ တင်ပြတိုင်ကြား လာခြင်းများရှိပါက စိစစ်ဆောင်ရွက်မှုများပြုလုပ်ပြီး နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ၊ အခြားပါဝင်ပတ်သက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးဝင်းမြင့် (ပုသိမ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်များရှိသော်လည်း အောက်ခြေတွင် ရပ်/ကျေးမြေစီမံခန့်ခွဲပြီး ကိစ္စဖွဲ့သည့် အခါ ထွေ/အုပ်က ၎င်းတို့နှင့် အဆင်ပြေမည့် လူများကိုသာ ခန့်အပ်ခြင်း ကိုယ်စားလှယ်များ စစ်ပြီးသား အမှုတွဲများကို ပြန်လည်ပေးခြင်းမရှိခြင်း၊ မြေသိမ်းဆည်းခံ တောင်သူလယ်သမားများ၏ ထွက်ဆိုချက်များကို လျစ်လျူရှုထားခြင်းများ တွေ့ရှိရပါကြောင်း၊ အစီရင်ခံစာ အပိုင်း(၅)တွင်ပါရှိသည်များသည်လည်း မြေပြင် တွင် ှိ ဖြစ်ပျက်နေသော အခြေအနေများနှင့် လုံးဝကွဲလွဲနေသည်များရှိသည်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်သူများကို တိုင်တန်းထားသည် စာများလည်း မိမိတွင်ရှိပါကြောင်း၊ ထို့ကြောင့် ယင်းသို့ဆောင်ရွက်သူများကို အရေးယူသည်ဆိုပါကအရေအတွက် မည်မျှ အရေးယူခဲ့သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီအနေနှင့် အဆင့်ဆင့်သော ကော်မတီများကို ဖွဲ့စည်းရာတွင် မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင် ၎င်းတို့ အလိုရှိ သူများဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ထားကြောင်း အမည် စာရင်းကို တိကျစွာရရှိပါက စိစစ်ပြီးတော့ တည်ဆဲ ဥပဒေများအရ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင်လည်း သက်ဆိုင်ရာ ၃၀-၁၁-၂၀၁၄ ရက်နေ့မှ ၃၁-၁၂-၂၀၁၄ ရက်နေ့ အထိဆောင်ရွက်ပြီးစီးမှုများကိုလည်း စိစစ် ပြီး့ အချိန်မီ သတင်းထုတ်ပြန်သွားမှာဖြစ်ပါကြောင်း။
မြေပြင်မှာကွဲလွဲမှုများကို တိကျစွာ နေရာနှင့် ရှင်းလင်းတင်ပြရင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။ အစိုးရ အဖွဲ့အနေဖြင့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး လယ်မြေ၊ ယာမြေများအပြင် ပြည်သူများနစ်နာဆုံးရှုံးတဲ့ အခြားမြေများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပဒေကြောင်းအရ ဖြေရှင်းရမည့် ကိစ္စရပ်များဆိုသည်များမှာ သိမ်းယူခံမြေများကိုဘဲ ဖြေရှင်းဆောင်ရွက်ပေးတာဖြစ်ပြီး ပုဂ္ဂလိက မြေယာပိုင်ဆိုင်မှုအရှုပ်အရှင်းများနှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း၊ ထုတ်ပြန်ထားသော ဥပဒေ၊ နည်း ဥပဒေများနှင့် လိုက်နာမှုမရှိကြောင်းကို တိတိကျကျတိုင်ကြားပါက စုံစမ်းဖော် ထုတ်ပြီး ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အခြားသူဆက်နွယ်ပတ်သက်သူများကို တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ပါ ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းမြင့်(ပုသိမ်)မှ ဆက်စပ်မေးခွန်းကို ထပ်မံမေးမြန်းပါသည်။
မိမိအနေဖြင့် မည်သည့်လုပ်ငန်းများဆောင်ရွက်ခြင်းမရှိဘဲ သိမ်းဆည်းခံခြင်း၊ ယင်းသိမ်းဆည်းခံမြေကို မူလလူများကသာ ပြန်လည်ဝင်ရောက်၍ လယ်ယာခြံမြေလုပ်ရာမှ ယခုအခါ ကျူးကျော်မှုဖြင့် တရားစွဲနေခြင်း များသည် ဥပဒေနှင့် လွဲနေသည်ဆိုခြင်းကို တင်ပြလိုခြင်းဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးအနေဖြင့် တိတိကျကျ ပြောနိုင်ပါက ဆောင်ရွက်ပေးမည်ဆိုခြင်းကြောင့် အမှုတစ်ခုခြင်းစီအတွက် မိမိတင်ပြလိုပါကြောင်း။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက သက်ဆိုင်ရာပြည်ထဲရေးဒုတိယဝန်ကြီးနှင့် တစ်ခုချင်း၊ တစ်မှုချင်းစီပြောနိုင်ရန် စီစဉ်ပေးပါရန် မေတ္တာရပ်ခံမေးမြန်းပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက မှတ်ချက်ပြုပြောကြားပါသည်။
ယခု အချိန်မပေးနိုင်သည့်အတွက် တစ်မှုချင်း၊ တစ်ခုချင်းကိစ္စကို သီးခြားထပ်ပြီးညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ရန်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားပါသည်။
