(ဃ)-မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် ရှိအငြင်းပွားနေသောစိုက်ပျိုးမြေများအတွက်တောင် သူလယ်သမားများသို့ပုံစံ(၇)ထုတ်ပေးသွားရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၄)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆယ်၏အထက် ရေဝေရေလဲဧရိယာတွင် ဧက (၉၀၀၀၀) ကျော်ခန့်ရှိခဲ့ရာ အငြင်းပွားနေသော စိုက်ပျိုးမြေများအတွက် တောင်သူလယ်သမားများသို့ ပုံစံ(၇)ထုတ်ပေးသွားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးအေးနိုင် (ဆင်ပေါင်ဝဲ)မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပရက်ကျင်၊ ဝက်ကသင်းကျေးရွာတို့၏ အရှေ့ဘက်ရှိ ရန်ပယ်ဆည်ကို နိုင်ငံတော်မှ ၂၀၀၀ ခုနှစ်တွင် တည်ဆောက် ၍ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခင်က ဆည်၏ အထက် ရေဝင်ရေလဲဧရိယာတွင် ဧက ၉၀၀၀၀ ကျော်ခန့်ရှိခဲ့ရာ တောင်သူ ၁၅၃၀ ဦးပိုင် လယ်မြေ ၄၄၃၆.၆၂ ဧက၊ ယာမြေ ၂၁၇၅၀.၁၁ ဧက၊ အခြားကျေးရွာ သာသနာ၊ သုဿန်မြေ ၅၅၄.၈၃ ဧက အသီးသီးပါဝင်ခဲ့ကြောင်း။

ရန်ပယ်ဆည် တည်ဆောက်ပြီး နောက်ပိုင်းတွင် အထက်ဖော်ပြပါ ဧရိယာများကို ၂၀၀၃ ခုနှစ်တွင် သစ်တောမိန့်အမှတ် (၄၈/၂၀၀၃)ဖြင့် အဆိုပြုကာကွယ်တော အဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် သစ်တောမိန့်အမှတ် (၃၅/၂၀၀၅)ဖြင့် ဘရုံကြိုးဝိုင်း အဖြစ်အတည်ပြု သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့အတည်ပြု သတ်မှတ် လိုက်သည့်နောက်ပိုင်း မူလဆည် တည်ဆောက်ပြီးစတွင် ဓားမဦးချ လုပ်ကိုင်ခဲ့သော တောင်သူလယ်သမားများ မှာ ယခုအခါ ပုံစံ (၇)လည်းမရ၊ ပုံစံ(၇)မရတဲ့အတွက် စိုက်ပျိုးသည့်ချေးငွေလည်း မရမည်ကို စိုးရိမ်လာကြပါ ကြောင်း၊

ဘရုံကြိုးဝိုင်းမှ တောင်သူမြေများကို ကျူးကျော်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သစ်တောဦးစီးဌာနမှ တစ်ဧကလျှင် သစ်ပင် ၁၅၀ ရောနှောစိုက်ပေးရန် တောင်သူတွေကို တာဝန်ပေးခဲ့ကြောင်း၊ တောင်သူများမှ ယခင်ကတည်း မိမိတို့ လယ်များဖြစ်သည့်အတွက် တစ်ဧကသစ်ပင် ၁၅၀ စိုက်ပေးရန် လက်မခံလိုကြောင်းစသည့် မကျေနပ်ချက်များ အား လေ့လာကြားသိရပါကြောင်း၊ ယခုကဲ့သို့ မကျေမလည်ကိစ္စရပ်များကို သက်ဆိုင်ရာမှ အချိန်မီညှိနှိုင်းဖြေ ရှင်းပေးသင့်ပါကြောင်း၊ သို့ပါ၍-

မေးခွန်း(၁) အထက်ဖော်ပြပါ အငြင်းပွားနေသော လယ်မြေ၊ ယာမြေ၊ စိုက်ပျိုးမြေများအတွက် သက်ဆိုင် ရာ တောင်သူလယ်သမားများသို့ ပုံစံ(၇)ထုတ်ပေးသွားရန် အစီအစဉ်ရှိ/မရှိ။

မေးခွန်း(၂) ထုတ်ပေးရန်အစီအစဉ်ရှိပါက မည်သည်‌့ကာလတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ဒုတိယဝန်ကြီး ဦးအုန်းသန်းလိပ်တိုက်၊ ညာတောကျေးရွာ အုပ်စုတွင် ရန်ပယ်ရေလှောင်တမံအား ၁၉၉၉-၂၀၀၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၈-၂-၂၀၀၂ ရက်နေ့မှာ ဖွင်‌့လှစ်ခဲ့ ပါကြောင်း၊ ရေလှောင်တမံ၏ မူလအကျိုးပြုရေသောက်ဧရိယာမှာ ဧက ၁၀၀၀၀ ဖြစ်ပြီး မိုးစပါး ၉၂၀၀ ဧက၊ နွေစပါး ၈၉၂ ဧက လက်ရှိစိုက်ပျိုးလျက်ရှိကြောင်း ရန်ပယ်ချောင်းရေလှောင်တမံရဲ့ ရေဝေရေလဲဧရိယာမှာ ၈၄ စတုရန်မိုင်ရှိကြောင်း။

ဆင်ပေါင်ဝဲမြို့နယ် ဘရုံကြိုးဝိုင်း ဖြစ်ပေါ်လာရခြင်းမှာ တောင်တွင်းကြီးမြို့နယ် ရန်ပယ် ဆည် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ၎င်းဆည်ထဲသို့ စီးဝင်သည့် ဘရုံချောင်း ရေဝေရေလဲဧရိယာအတွင်း မြေဆီလွှာတိုက်စားမှု ကာကွယ်ရန် ကြိုးဝိုင်း အဖြစ် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ကြိုးဝိုင်းဖွဲ့စည်းရန် သစ်တောဦးစီးဌာနမှ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာန၏ ၁၉-၁၁-၂၀၀၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၀၃)ဖြင့် အဆိုပြုကြိုးဝိုင်းတောဖွဲ့စည်းရန် ကြေညာခဲ့ကြောင်း၊ အဆိုပြုကြိုးဝိုင်း မြေပေါ်တွင် သို့မဟုတ် သစ်တောထွက်ပစ္စည်းပေါ်တွင် စိတ်ဝင်စားသူများမှ ဆိုင်ရာဆိုင်ခွင့် ရရှိရေးအတွက် အရေးဆိုခြင်း သို့မဟုတ် တောင်ယာစိုက်ပျိုးလုပ်ကိုင်ခွင့်ရရန်အတွက် အရေးဆိုခြင်း စသည်တို့အား ၃၀-၁-၂၀၀၄ ရက်မတိုင်မီ တင်သွင်းလျှောက်ထားကြရန် ကြေညာခဲ့ကြောင်း၊ သစ်တောအရာရှိအဆင့်ဆင့် မှတ်ချက် များနှင့်အတူ ဆိုင်ရာဆိုင်ခွင့်တောင်းဆိုသော တောင်သူ ၉၉၁ ဦး တင်ပြတောင်းဆိုသည့် လယ်ယာမြေ ၉၀၈၂.၆၅ ဧကအား သစ်တောကြေးတိုင်ပုံစံ(၂)ဖြင့် ထောက်ခံတင်ပြ၍ ထပ်မံတိုးချဲ့ ခြင်းမပြုစေဘဲ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကို သစ်တောကြေးတိုင်ပုံစံ(၃)ဖြင့် ခွင့်ပြုခဲ့ကြောင်း၊ ဆိုင်ရာဆိုင်ခွင့်ဖြင့် ခွင့်ပြုသည့်အမိန့်ကို သုံးလအတွင်း သစ်တောရေးရာဝန်ကြီးထံ အယူခံဝင်လိုက ဝင်နိုင်ကြောင်းကို ထည့်သွင်း ကြေညာခဲ့ကြောင်း၊ သစ်တောကြေးတိုင်ပုံစံ(၄)တွင် အစိုးရမှခွင့်ပြုရန် ထောက်ခံတင်ပြ သည့် လျော်ကြေးငွေ မတွေ့ရှိရကြောင်း ယင်းသို့အဆင့်ဆင့်စိစစ်ပြီးမှ သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၄-၁၀-၂၀၀၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၀၅) ဖြင့် ဘရုံအဆိုပြု ကြိုးဝိုင်းဧရိယာ ၃၅၀၀၀ ဧကအားအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဘရုံကြိုးဝိုင်းအဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း။ ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၃(၁)/၇/သမ္မတရုံးဖြင့် သစ်တောကြိုးဝိုင်း ကြိုးပြင်တောများတွင် နှစ်ကာလအတိုင်းအတာတစ်ခုအထိ တရားမဝင် ကျူးကျော် ခြေချနေထိုင်သည့် ရွာစုနှင့်အိမ်ထောင်စုများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းပြီး မှန်ကန်သော စာရင်းဇယားများကောက်ယူကာ ကျေးရွာသစ်များ ဖွဲ့စည်းနေရာချထားရန် ကိစ္စနှင့်စပ်လျဉ်းပြီး စာရင်းကောက်ယူမှု များအရ ဆင်ပေါင်ဝဲမြို့နယ် ဘရုံကြိုးဝိုင်းအတွင်း ပြည်ထဲရေးအမည်ပေါက် ကျေးရွာအုပ်စု လေးအုပ်စု၊ ကျေးရွာ ၁၀ ရွာ၏ မြေဧရိယာနှင့် အခြားမြေဧရိယာ ၅၅၄.၈၃ ဧက၊ လယ်မြေဧရိယာ ၄၄၃၆.၆၂ ဧက၊ ယာမြေဧရိယာ ၂၁၇၅၀.၈၁ ဧကကို စာရင်းကောက်ယူရရှိခဲ့ကြောင်း။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးရုံး၏ ၁၅-၁၀-၂၀၁၃ ရက်စွဲပါ ရုံးအမိန့်ကြော်ငြာစာအမှတ် (၂၀၃/၂၀၁၃)အရ ဘရုံသစ်တောကြိုးဝိုင်း အတွင်းမှ ရွာမြေ ၅၂၁.၁၀ ဧက သာသနာ/အများပိုင် ၃၃.၇၃ ဧကနှင့် လယ်မြေဧရိယာ ၄၄၃၆.၆၂ ဧက စုစုပေါင်း ၄၉၉၁.၄၅ ဧကအား ကျေးရွာမြေ၊ သာသနာ/အများပိုင်မြေနှင့် လယ်မြေများအဖြစ် ပြောင်းလဲအသုံးပြုရန် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဘရုံသစ်တောကြိုးဝိုင်းမြေအတွင်း ယာမြေ ၂၁၇၅၀.၈၁ ဧကနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူများ တိုးချဲ့လုပ်ကိုင်းခြင်း မရှိစေရန်နှင့် ပြည်သူများပိုင်ဆိုင်ခွင့်ရရှိပြီး ဆက်လက်လုပ်ကိုင်ရန် အတွက် မြေယာတစ်ဧကအတွက် အပင် ၁၅၀ နှုန်းဖြင့် နှစ် ၃၀ လုပ်ပိုင်ခွင်‌့ရရှိမည့် ဒေသ ခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းကိုစီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ် မိုးရာသီမှာ ဘရုံသစ်တောကြိုးဝိုင်းအတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်နိုင်ရေး အတွက် ဆင်ပေါင်းဝဲမြို့နယ် သစ်တောဦးစီးဌာနမှ ကုန်းဘိုကျေးရွာအုပ်စုမှာ ၁-၂-၂၀၁၄ ရက်နေ့တွင်လည်းကောင်း ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ပြီး ဆန္ဒရှိသူများစုဖွဲ့၍ ၂၀၀ ဧက တည်ထောင် ဆောင်ရွက်သွားရန် စီမံထားရှိကြောင်း၊ တောင်သူများ၏ယာစည်းရိုးများ နှင့် ၎င်းတို့၏ဆန္ဒအရ ယာမြေများမှာ သီးနှံသစ်တော ရောနှောစိုက်ပျိုးစေလျက် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော တည်ထောင်ခွင့် လက်မှတ် ပေးအပ်၍လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း။ သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေး ခဲ့ပြီးဖြစ်သော စိုက်ပျိုးမြေများအား ဆက်လက်လုပ် ကိုင်နိုင်သော တောင်သူများအနေဖြင့် ၂၀၁၂ ခုနှစ် ‌မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဧက ၅၀ အောက်ဖြစ်ပါက နည်းဥပဒေ ၁၅ နည်းဥပဒေခွဲ(ခ) နှင့်နည်းဥပဒေ ၃၀ အရ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့သို့လည်းကောင်း၊ ဧက ၅၀ အထက်ကျော်လွန်ပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့လည်းကောင်း၊ လုပ်ပိုင် ခွင့် လျှောက်ထားရယူဆောင်ရွက်နိုင်ကြောင်း။ အဆိုပါလုပ်ပိုင်ခွင့်ရရှိသူများမှာ မိမိစိုက်ပျိုးလုပ် ကိုင်ခွင့် ရရှိသော မြေလွတ်၊ မြေရိုင်းများအား လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရန်အတွက် လယ်ယာမြေနည်း ဥပဒေ ၃၅ နှင့် ၄၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ရန် လျှောက်ထားနိုင်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိရေးအတွက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကိုလည်း မကွေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ ကြီးကြပ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ခြင်း မပြုရသေးသော ယာမြေဧရိယာ ၂၁၇၅၀.၈၁ ဧကကို လုပ်ကိုင်နေသော တောင်သူများအနေဖြင့် တရားဝင်လုပ်ပိုင် ခွင့်ရရှိရေးအတွက်  သက်ဆိုင်ရာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆည်၏ အထက် ရေဝေရေ လဲဧရိယာမှာ ဧက ကိုးသောင်းကျော်ခန့်ရှိရာ အငြင်းပွားနေသော စိုက်ပျိုးမြေများအတွက် သစ်တောကြိုးဝိုင်း‌မြေ အဖြစ်မှပယ်ဖျက် ပေးခဲ့သောလယ်မြေများကို ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ အနီး ကပ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့် မကွေးတိုင်းဒေသကြီး မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့က သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေး ထားခြင်း မရှိသော ယာမြေများကို သက်ဆိုင်ရာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ ဆက်လက် တင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။