မိမိတို့ မွန်ပြည်နယ်တွင် မြို့နယ် ၁၀ ခု၊ မြို့နယ်ခွဲ နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး လူမျိုးပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်ထဲတွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု၊ လောင်းကစားမှုများ ပေါများစွာပြုလုပ်နေမှုများရှိသည့် အပြင် တချို့လောင်းကစားမှုသည် ပွဲလမ်းသဘင်များဖန်တီး၍ လောင်းကစားမှု များ ဆောင်ရွက်ခြင်း၊ တချို့ချဲဒိုင်များနှင့် မူးယစ်ဆေးဝါးတွဲဖက်၍ လုပ်ကိုင်နေခြင်းများ လည်း မြို့နယ်များနှင့် ကျေးရွာများ အဆင့်များအထိ ပြန့်နှံ့ခြင်းများရှိနေပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်တွင် အထူးမူးယစ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်၊ ပွင့်လင်းရာသီတွင် ပွဲလမ်းသဘင်များဖန်တီး၍ လောင်းကစားမှု လုပ်ဆောင်နေခြင်းများကို ဖမ်းဆီးရန်နှင့် မူးယစ်ဆေးဝါးများနှင့် ချဲဒိုင်များပူးတွဲ၍လည်းကောင်း၊ မူးယစ်ဆေးဝါးများကို သီး သန့်ရောင်းဝယ်မှုများလုပ်ဆောင်နေခြင်းကိုလည်းကောင်း၊ ထိရောက်စွာဖမ်းစီးရန် အစီအစဉ်ရှိ/ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ အစီအစဉ်မရှိလျှင် လည်း မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ် ပြီး ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ် အဖွဲ့ များကို သတ်မှတ်ပေးပြီး မူးယစ်ဗဟိုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးနှင့် သာသ နာရေး ဝန်ကြီးဌာနမှဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မှဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊ ယင်းအဖွဲ့အစည်းကြီးမှ မူးယစ်ဆေးဝါးပပျောက်ရေးကို ဘက်ပေါင်းစုံ တိုက် ဖျက်ချေမှုန်းရေး မဟာဗျူဟာဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု ချုပ်ငြိမ်းပပျောက်ရေး မဟာဗျူဟာ တစ်ရပ် ကို ချမှတ်ဆောင်ရွက်ခဲ့သည့်အပြင် ယင်းမဟာဗျူဟာနှစ်ရပ် အောင်မြင်စွာဆောင် ရွက်နိုင်ရန်အတွက် ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိပ်နှင်းရေးနည်းဗျူဟာ သုံးရပ်ကို လည်း ချမှတ်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ၊ ၁၉၉၇၊ ၂၀၀၇ ၊ ၂၀၁၁ ခုနှစ်များတွင် အဆင့်ဆင့်ပြင် ဆင်ဖွဲ့စည်းခဲ့မှုများပြုလုပ်ခဲ့ပြီး ဗဟိုအဖွဲ့အောက်ရှိ အဖွဲ့ ၁၀ ဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ခုနှစ်မှ စတင်ခဲ့ရာ၂၀၁၄ ခုနှစ်တွင် စီမံကိန်း ကာလကုန်ဆုံးသော်လည်း မူးယစ်ဗဟိုအစည်း အဝေး(၂/၂၀၁၂)က ၅ နှစ် ထပ်မံတိုးမြှင့်ခဲ့သည့်အတွက် ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ အထိကို အကောင် အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရန် မူးယစ်ဗဟိုအဖွဲ့ လက်အောက်ရှိ မူလဖွဲ့စည်း ထားသောလုပ်ငန်း အဖွဲ့ ၁၃ ဖွဲ့ကိုလည်း တူညီသော ကဏ္ဍအလိုက်ပေါင်းစပ်ဖွဲ့စည်းပြီး လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်း ဆောင် ရွက်ခဲ့ပါကြောင်း။
ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်မှ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်ထိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကိုလည်းဖွဲ့စည်း၍ မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာဆောင် ရွက်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မူးယစ် ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနကို မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့ စည်းခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းဖွဲ့စည်းပုံအရ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ်နှင့်သထုံမြို့နယ်တို့တွင် တပ်စွယ် တစ်စွယ်စီ ထားရှိပြီး မာ်လမြိုင်မြို့နယ်နှင့် ရေးမြို့တို့တွင် တပ်ဖွဲ့စုအမှတ် (၃၈)နှင့် (၃၉)တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ပပျောက်ရေး အတွက် မိုးကျိုးစီမံချက်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ စတင် ဆောင်ရွက်ခဲ့ပြီး လက်အောက် ခရိုင်/မြို့နယ်များကို မူးယစ်တားဆီးနှိမ်နှင်းရေးကို အရှိန်အဟုန်မြှင့်ဆောင် ရွက်ရန် ကြပ်မတ်ကွပ်ကဲခြင်း၊ ပြည်သူလူထုနှင့်ကျောင်းသားလူငယ်တို့ အတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်ကြပ်မတ်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်း မူး ယစ်ဆေးဝါးဖမ်းဆီး အရေးယူမှုအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အမှု ၃၃ မှု၊ တရားခံကျား ၄၂ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၅၀ ဦး၊ ဆေးခြောက် ၃.၄၃ ကီလို၊ စိတ်ကြွဆေးပြား ၁၀၁၉ ပြား၊ ဘိန်းစာရွက် ဝ.၃၇၅ ကီလို၊ စုစုပေါင်းတန်ဖိုး ကျပ် ၆၁၅၈၇၅၀၊ ၂၀၁၂ ခုနှစ်တွင် အမှု ၄၄ မှု၊ တရားခံကျား ၅၉ ဦး၊ မ ၁၂ ဦး၊ ပေါင်း ၇၁ ဦး၊ ဆေးခြောက် ၁၅.၃၇ ကီလို၊ စိတ်ကြွဆေးပြား ၃၃၆၈ ပြား၊ ဘိန်းစာရွက် ၂၂.၁၁ ကီလို၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၃၇၅၁၀၀၀၊ ၂၀၁၃ ခုနှစ်တွင် အမှု ၁၀၅ မှု၊ တရားခံကျား ၁၄၅ ဦး၊ မ ၂၃ ဦး၊ ပေါင်း ၁၆၈ ဦး ဆေးခြောက် ၄.၅၁၇ ကီလို စိတ်ကြွဆေးပြား ၂၀၇၂၄၃ ပြား၊ ဘိန်းစာရွက် ၁၆.၄၃ ဂရမ်၊ စိတ်ပြောင်း ဆေးဝါး ၂၇၉ ပြား၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၃၅၈၁၇၇၅ ကို သိမ်းဆည်းရမိအရေးယူဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါး အသိပညာပေးဟောပြောမှုများကို ၂၀၁၃ ခုနှစ်မှာ ပညာပေးဟောပြောမှု ၃၃၆ ကြိမ်နှင့် ကျောင်းသား ကျောင်းသူများ၊ ပြည်သူလူထုစုစုပေါင်း ၇၆၁၃၃ ဦးတို့ကို အသိပညာပေး ဟောပြောမှုများဆောင်ရွက်မှုများရှိပါကြောင်း။
မွန်ပြည်နယ်အတွင်း လောင်းကစားမှုပပျောက်ရေးအတွက်ကို ကော်မတီများဖွဲ့စည်းပြီး ကော်မတီအလိုက် လောင်းကစားမှုများ ကင်းစင်ပပျောက်ရေးအတွက် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် လစဉ်ဆောင်ရွက်ချက်အပေါ် အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ပြီး အားနည်းချက်များမဖြစ်ပေါ်အောင် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်တပ်ဖွဲ့အနေဖြင့်လည်း လောင်းကစားဒိုင်ကြီးများ ဖော်ထုတ် ဖမ်းဆီးခြင်း၊ ထိရောက်လောင်းကစားမှုများ ဖမ်းဆီးခြင်းနှင့် ပြည်သူလူထု၊ ဝန်ထမ်းများ ၊ ကျောင်းသားလူငယ် များကို လောင်းကစားမှုများ၏ ဆိုးကျိုးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ လောင်းကစား မှုတိုက်ဖျက်ရေးတွက် ပူးပေါင်းပါဝင်လာစေရန်တို့အတွက် လောင်းကစားမှုပပျောက်ရေး မြို့နယ်ကော်မတီငါးရပ်ကိုလည်း ဖွဲ့စည်းပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောခြင်းများကိုလည်း ဆောင် ရွက်လျက်ရှိပါကြောင်း။
လောင်းကစားမှုများ ဖမ်းဆီးအရေးယူမှုအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အမှုပေါင်း ၈၆ မှု၊ တရားခံ ကျား ၇၄ ဦး၊ မ ၄၂ ဦး၊ စုစုပေါင်း ၁၁၆ ဦး၊ လောင်းကြေးငွေစုစုပေါင်း ကျပ် ၆၇၉၄၁၇၅၊ ၂၀၁၂ ခုနှစ်တွင် အမှုပေါင်း ၁၂၉ မှု၊ တရားခံကျား ၁၃၄ ဦး၊ မ ၇၃ ဦး၊ စုစုပေါင်း ၂၀၇ ဦး၊ လောင်းကြေးငွေစုစုပေါင်း ကျပ် ၉၅၆၀၅၀၅၊ ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့အထိ အမှုပေါင်း ၁၂၈ မှု၊ တရားခံကျား ၁၇၄ ဦး၊ မ ၇၁ ဦး၊ စုစုပေါင်း ၂၄၅ ဦး၊ လောင်းကစားမှု လောင်းကြေးငွေစုစုပေါင်း ကျပ် ၇၇၆၇၇၆၅ တို့ကို သိမ်းဆည်းရမိ အရေးယူဆောင်ရွက်ပြီး လောင်းကစားမှု အသိပညာပေးဟောပြောမှုများကို ပြည်သူလူထုအခြေပြု ၅၁၁ ကြိမ်ဖြင့် ပြည်သူစုစုပေါင်း ၂၁၄၅၅ ဦးတို့ကို အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း ပွဲလမ်းသဘင်များ ထည့်သွင်းကျင်းပရာ၌ လောင်းကစားမှုများ မပါဝင်စေရန် ပွဲမိန့်လျှောက်ထားသူများကို လောင်းကစားမှုများမပါဝင်ကြောင်း ဝန်ခံကတိ လက်မှတ်များကို ပွဲမိန့်လျှောက်လွှာနှင့် အတူ ပူးတွဲတင်ပြလျှောက်ထားမှသာ ပွဲမိန့်များထောက်ခံပေးခြင်း၊ ခွင့်ပြပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း လျှို့ဝှက်သတင်းစုံစမ်းခြင်းဖြင့် လောင်းကစားမှုများ လျှို့ ဝှက်ထည့်သွင်းပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မွန်ပြည်နယ်ရဲတပ်ဖွဲ့ကို မူးယစ်ဆေးဝါးမှုခင်းများ၊ လောင်းကစားမှုခင်းများနှင့် အခြားသတင်း များ ပေးပို့တိုင်ကြားနိုင် ရန်အတွက် ဖုန်းအမှတ် ၀၅၇၁၉၉ နှင့် ၀၅၇၂၄၉၈၇ တို့ကို တပ်ဆင်ထားရှိပြီး ဖုန်းနံပါတ်များကိုလည်း ပြည်သူ များသိရှိတိုင်ကြားနိုင်ရန်အတွက် အသိပေးကြော်ငြာထားရှိပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးမှုခင်းများ၊ လောင်း ကစားမှုခင်းများကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ ဖုန်းဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ သတင်းပေးပို့တိုင်ကြားလာပါက ဖမ်းဆီးရေးအဖွဲ့များ ဖွဲ့စည်းပြီး အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့်လောင်းကစားမှုများ ကင်းစင်ပပျောက်ရေး အတွက်ကို မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် ရဲတပ်ဖွဲမှူးတို့က ကြပ်မတ်လျက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် မူးယစ်ဆေး ဝါးအန္တရာယ် တားဆီး ကာကွယ်ရေး(မိုးကြိုး)စီမံချက်၊ လောင်းကစားမှုပပျောက်ရေးစီမံချက်တို့ကို ရေးဆွဲ အရေးယူ လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ထပ်မံ၍ ဒေါ်မိမြင့်သန်း(ရေး)မှ ဆက်စပ်မေးခွန်းကို ထပ်မံမေးမြန်းပါသည်။
စံပြကျေးရွာနှင့် နှင်းစုံကျေးရွာဆိုသော ကရင်ရွာနှစ်ရွာတို့တွင် ပွဲလမ်းသဘင်များ ဖန်တီးပြီး လောင်းကစားမှု များဆောင်ရွက်ခြင်းကို လေ့လာသိရှိသည့်အတွက် လောင်းကစားမှုဆောင်ရွက်နေခြင်းများကို ဖမ်းဆီးရန် အစီအစဉ် ရှိ/မရှိဆိုသည်ကို လည်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဒေါ်မိမြင့်သန်း (ရေး)၏ ဆက်စပ်မေးခွန်းများကို ပြည်ထဲရေးဝန်ကြီး၊ ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှ ရှင်းဖြေကြားပါသည်။
မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုဆိုင်ရာကိစ္စများကို စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် အပြင် အထူးစီမံချက်အနေဖြင့် ၂၀၁၃ ခုနှစ် ဇွန်လကစတင်ပြီး မိုးကြိုးစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မည်သည့်အမှုကိုမဆို အထူးစီမံချက်မရေးဆွဲသော်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များ အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးစီမံချက် အနေဖြင့် မူးယစ်ဆေးဝါးများနှင့် လောင်းကစားမှု များ ပြုလုပ်လေ့၊ ပြုလုပ်ထများသော ဒေသများကို အထူးစီမံချက် ရေးဆွဲပြီး ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။
