(ခ)-မော်လိုက်မြို့ရှိချင်းတွင်းမြစ်ကမ်းနားလိုင်းနှင့်မြို့ တွင်းလိုင်းအတွက်မီးအားမြှင့်စက်တစ်လုံးစီနှင့်မီး ကြိုးလိုင်းများအသစ်အစားထိုးလဲလှယ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၇.၂.၂၀၁၄)

ဦးသောင်း (မော်လိုက်)မော်လိုက်မြို့ပေါ်တွင် လျှပ်စစ် မီးစက်သစ်တစ်လုံးရရှိရေးအတွက် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ရာ လျှပ်စစ်မီးစက် အသစ် အင်ဆောအမျိုးအစား ၅၀၀ ကေဗွီအေ စက်တစ်လုံးနှင့် လစဥ ဂါလံ ၁၁၇၈ ရရှိခဲ့ပြီး  တစ်ညလျှင် နှစ်နာရီခန့် လျှပ်စစ်မီး ရရှိပါကြောင်း၊ အိမ်သုံးမီတာ  အလုံးရေ ၇၀၀ ကျော် သုံးစွဲနေသည့်အပြင် မော်လိုက်မြို့နယ်အနေဖြင့် ချင်းတွင်းမြစ်ကမ်းပါး တွင် တည်ဆောက်ထားသည့်အတွက်လည်း ရှည်လျားသော မြို့တစ်မြို့ဖြစ် ပါကြောင်း၊ အချို့မီးသုံးစွဲရာ နေရာများသည်  မီးစက်တည်ရှိရာမှ  ၁၃ မိုင်ခန့်ကွာဝေးသည့်အတွက် လျှပ်စစ်မီးအားကို ၆၅ ဗို့မှ  ၈၅ ဗို့ အကြားသာရရှိ ပါကြောင်း၊ မော်လိုက်မြို့နယ်တွင်လည်း လျှပ်စစ်ဓာတ်အားမလုံလောက် မှု ကြောင့် ကညင်ဆီ၊ ရေနံဆီများသုံးစွဲနေရပြီး  မကြာခဏ မီးလန့်မှုများဖြစ်ပေါ်နေသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးပိုမိုလင်းနိုင်စေရန် ကမ်းနားလမ်းအတွက် ၅၀၀ ကေဗွီအေမီး အားမြှင့်စက် တစ်လုံး၊ မြို့တွင်းလိုင်းအတွက် ၂၀၀ ကေဗွီအေမီးအားမြှင့်စက်တစ်လုံး စုစုပေါင်း မီးစက် နှစ်လုံး တပ် ဆင်ပေးနိုင်ခြင်းရှိ/ မရှိနှင့် ကြိုးများသည်လည်း ၁၉၅၈ ခုနှစ်ကစတင် အသုံးပြုခဲ့ခြင်းကြောင့်  အသစ် လဲ လှယ်ပေးနိုင် ခြင်းရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦး မော်လိုက်မြို့တွင် အိမ်ခြေ ၁၀၅၁ အိမ်ရှိပြီး မီးသုံးသူဦးရေ ၆၃၂ ဦးကို ဒီဇယ်ဓာတ်အားပေးစက် ဖြင့် တစ်နေ့လျှင် နှစ်နာရီ ဓာတ်အားဖြန့်ဖြူးပေးထား ပါကြောင်း၊ ယခင်က မီးလင်းရေးကော်မတီပိုင် ၃၀၀ ကေဗွီအေ ကူမင်း(Cummin) စက်ဖြင၊ ဓာတ်အားပေးခဲ့ပြီး ၂၄-၅-၂၀၁၃ ရက်နေ့မှစတင်ကာ ဌာနပိုင် ၅၀၀ ကေဗွီအေ အင်မျူးဆိုး (Inmesol) စက်ဖြင့် ယခုအချိန်ထိ ဓာတ်အားပေး လျှက်ရှိပါကြောင်း၊

မော်လိုက်မြို့အတွက် မြို့မ (၁)၊ မြို့မ (၂) ရပ်ကွက်များမှာ သစ်သားတိုင်နှင့် သံတိုင်များမှာ ကွန်ကရစ်တိုင်ဖြင့် အစားထိုးလဲလှယ်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် များ တွင် လည်းကောင်း၊ ဝ.၄/၁၁ ကေဗွီ ၅၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တိုးချဲ့တပ်ဆင်ရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေမှ ဆောင်ရွက်ရန် ထည့်သွင်း လျာထားပြီး ဖြစ်သည့်အပြင် ကျန်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ထရန်စဖော်မာခွဲရုံများ၊ ဓာတ်အား လိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ အစားထိုးတည်ဆောက်ခြင်း၊ ပြုပြင်လဲလှယ်ခြင်းလုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ဘတ်ဂျက်ရန်ပုံ ငွေများတွင် ထည့်သွင်း လျာထား ဆောင်ရွက် ရန် ညှိနှိုင်းပြီး ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို  တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ နှစ်အလိုက် ဘတ်ဂျက်ရန်ပုံငွေ တင်ပြတောင်းခံပြီး ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။