ပြန်လည်ထူထောင်ရေး၊ လူငယ်ပြုပြင်ရေး၊ လူငယ်ပြုပြင် ပျိုးထောင်ရေးစခန်းများအား ၁၉၈၂ ခုနှစ်မှစ၍ ရွှေပြည်သာ၊ ဝက်ထီးကန်စခန်း၊ ဝက်ထီးကန်ကျေးရွာအုပ်စု၊ ပြည်မြို့ နယ်၊ ရွှေပြည်အေး (ဖယ်ခုံမြို့နယ်)၊ ကယားပြည်နယ်၊ ရွှေပြည်သစ်(မူဆယ်ခရိုင်)တို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်းစခန်းများသည် မူးယစ်ဆေးစွဲလူငယ်များသာမက လူကြီးများစိတ်ဓာတ်ပြုပြင်ရေး၊ လူငယ်များစိတ်ကျရောဂါခံစားနေရသူများကို စခန်း သွင်းကုသပေးပါကြောင်း၊ နိုင်ငံတကာတွင် အနုပညာရှင်များ၊ ရုပ်ရှင်မင်းသားမင်းသမီး များကို တရားရုံးမှ လူမှုရေးပြစ်ဒဏ်ချမှတ်လျှင် ၎င်းစခန်းများကဲ့သို့သော နေရာများအား ပို့ဆောင်ပြုပြင်သည်ကို ကြားသိရပါကြောင်း၊ အထက်ပါစခန်းများတွင် ပြည်သူ့ရဲ၊ အ ကျဉ်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ ကျန်းမာရေး ဌာနတို့မှဝန်ထမ်းများဖြင့် စုပေါင်းဖွဲ့စည်းထားသည်ကို သိရှိရပါကြောင်း၊ အထက်ပါစခန်း ၃ ခု၊ ရွှေပြည်အေးနှင့် ရွှေပြည်သစ်များတွင် ရန်ပုံငွေမရှိသဖြင့် ဝန်ထမ်းများ ဆက်လက် မထားနိုင်ခြင်း၊ အဆောက် အဦများ ပျက်စီးနေခြင်းတို့ကြောင့် ရပ်နားထားကြောင်း၊ ရွှေပြည်သာစခန်းသည် ငွေကြေးတတ်နိုင်သည့်မိဘများမှ ကုန်ကျစရိတ်၊ စားစရိတ်နှင့် အခြားစရိတ်များကျခံ၍ လာရောက်အပ်နှံသော လူငယ်များကိုသာ လက်ခံပြုစု ပျိုးထောင်ပေးနေသည်ကိုလည်း သိရှိရပါကြောင်း။
သို့ရာတွင် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီဖြစ်သည့်အတွက် အဆောက်အဦများပျက်စီးနေပြီး လမ်း၊ ရေ၊ မီး၊ မိလ္လာစနစ်များပါ ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်လူငယ်အများစုသည် မူးယစ်ဆေးဝါး သုံးစွဲနေ သဖြင့် လူငယ်ပြုပြင်ပျိုးထောင်ရေး စခန်းများရှိခြင်းသည် တိုင်းပြည်အတွက်တန်ဖိုးရှိသည့် ကာယ၊ ဉာဏလုပ်သား များ ပြန်လည်ရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ လူငယ်ပြုပြင်စခန်း ရွှေပြည်သာ၊ ဝက်ထီးကန်စခန်းအား နိုင် ငံတော်၏ပံ့ပိုးမှုဖြင့် ပြန်လည်ပြုပြင်တည်ဆောက်၍ လူငယ်များအား စခန်းသွင်းလေ့ကျင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် အလားတူစခန်းများ တည်ဆောက်ပေးရန်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်း ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူး ယစ်ဆေးဝါးသုံးစွဲမှု ကုသရေးလုပ်ငန်းများကို လက်ရှိအခြေအနေတွင် ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ထားသော ဆေးကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မူးယစ်ကိုတာဝန်ယူဆောင် ရွက်နေသော လူငယ်များပြုစုပျိုးထောင်ရေးစခန်း ရွှေပြည်အေး၊ ရွှေပြည်သစ်၊ ရွှေပြည် သာ ၃ ခုကိုလည်း ဖွင့်လှစ်ထားရှိပါကြောင်း၊ ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေးဌာန သည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကသဲကျေးရွာအနီးတွင် တည်ရှိပြီး ၁-၈-၁၉၈၃ ရက်နေ့၌ ကသဲ ဘက်စုံပြန်လည် ထူထောင်ရေးစခန်းအနေဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ၁၆-၆-၂၀၀၂ ရက်နေ့တွင် ရွှေပြည်အေး လူငယ်ပြုစု ပျိုးထောင်ရေးစခန်းဟု လည်းကောင်း၊ ၂၀-၁၀-၂၀၀၂ ရက်နေ့တွင် ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေးဌာန ဟုလည်းကောင်း အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေးဌာနတွင် ၁၆-၁၀-၁၉၈၃ ရက်နေ့မှ ၂၉-၁၂-၂၀၀၅ ရက်နေ့ထိ သင်တန်း အမှတ်စဉ် (၁) မှ (၂၈) အထိ သင်တန်းသား ၄၄၅ ဦး ကို လက်ခံလေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် သင်တန်းသားရရှိမှု အခက်အခဲ များကြောင့် ဆက်လက်ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါကြောင်း။
ရွှေပြည်သစ် လူငယ်ပြုစုပျိုးထောင်ရေးဌာနကို မူဆယ်မြို့နယ်(တီးမား)တွင် ၂၀၀၇ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သင်တန်းသား ၉၂ ဦးကို လက်ခံလေ့ကျင့်ပြုစုပျိုးထောင်နိုင်ခဲ့သော်လည်း နယ်မြေလုံခြုံရေး အခြေအနေ အရ ၂၄-၉-၂၀၁၁ ရက်နေ့မှ စတင်ပြီး လုံးဝပိတ်သိမ်းခဲ့ရပြီး အဆိုပါစခန်းကိုလည်း နေရာပြောင်းလဲ ပြန်လည် ဖွင့်လှစ်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးရေဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်မားသောဒေသ များပေါ် မူတည်ပြီး ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရပ်မိရပ်ဖများနှင့်ပူးပေါင်းပြီး လူထုအခြေပြု မူးယစ်ဆေးဝါးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။
သို့ဖြစ်ပါ၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွင် ၂၀ ဦး၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက လားရှိုးမြို့နယ်တွင် ၃၁ ဦး၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် ပန်စလိကျေးရွာတွင် ၃၁ ဦး၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလက စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်တွင် ၂၅ ဦးတို့ကို လူထုအခြေပြု မူးယစ်ဆေးဝါးကုသခြင်းလုပ်ငန်းများကို မူးယစ်ဗဟိုဌာန၏ ဦးဆောင် မှုဖြင့် ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့နှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဝက်ထီးကန်ရှိ ရွှေပြည်သာ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းကို ၁၉၈၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်၌ သင်တန်းသား ၁၁၁ ဦးဖြင့် ၁ ကြိမ်၊ ၁၉၈၃ ခုနှစ်၌ သင်တန်းသား ၁၈၃ ဦးဖြင့် ၁ ကြိမ်၊ သင်တန်းသား ၂၉၉ ဦးဖြင့် ၁ ကြိမ် စုစုပေါင်း ၃ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားရရှိမှုအခက်အခဲများကြောင့် ၁၉၈၄ ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိ ရပ်နားခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ပြစ်ဒဏ်ကျခံနေသူများကို စိတ်ဓာတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရန်နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လေ့လာဆည်းပူးနိုင်ရန်အတွက် ၁၉၉၅ ခုနှစ်တွင် ၃၀ ဦးဖြင့် ၁ ကြိမ် ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ သင်တန်းသား ၅၀ ဦးစီဖြင့် ၁ ကြိမ်စီ ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ မိဘအပ်ဆေးဖျက် သင်တန်းသားအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်ထိ ၁၀၅ ဦး၊ ၂၀၀၈ ခုနှစ်တွင် ၁ ဦး၊ ၂၀၀၉ ခုနှစ် ၁ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၂ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၉ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၃ ဦး၊ ၂၀၁၃ မှ ၂၀၁၄ ဇန်နဝါရီလအထိ ၄၂ ဦးဖြင့် စုစုပေါင်း ၁၈၄ ဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ပြုပြင်ပေးနိုင်ခဲ့ပြီး ယခုအချိန်တွင် မိဘအပ်သင်တန်းသား ၆ ဦးကိုလည်း ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ၁၆-၁၀-၂၀၀၂ ရက်နေ့တွင် ရွှေပြည်သာ လူငယ်ပြုစုပျိုးထောင်ရေးဌာနအဖြစ် ထပ်မံအဆင့်မြင့်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သင်တန်းသား တစ်ဦးလျှင် ၄၃၂ ကျပ် ၁၀ ပြားနှုန်း၊ မွေး/ရေဗဟိုမှ ၁၆၅ ကျပ်နှုန်းဖြင့် နံနက်ခင်းစာ၊ နံနက်စာနှင့် ညနေစာများကို စုစုပေါင်းရန်ပုံငွေ ၅၉၇ ကျပ် ၁၀ ပြားနှုန်းဖြင့် ကျွေးမွေးရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် သင်တန်းသားရရှိမှုအခက်အခဲများကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ အုပ်ထိန်းသူများက ၎င်းတို့၏သားသမီးများ အား ပြန်လည်ပြုစုပျိုးထောင်ပေးရန်အပ်နှံသော သင်တန်းသား အနည်းငယ်ကိုသာ လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ ၈-၈-၂၀၁၃ ရက်နေ့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရွှေပြည်သာ လူငယ်ပြုစုပျိုးထောင်ရေးဌာနကို ရွှေပြည်သာ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းဟု ပြောင်းလဲခဲ့ပါကြောင်း၊ ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေး စခန်းနှင့် ပတ်သက်သော အဆောက်အဦများကို အုပ်စု ၄ စုခွဲပြီး ဖွဲ့စည်းထားရှိပြီး အုပ်စု (၁) သည် အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအတွက် သတ်မှတ်ထားသောနေရာ ဖြစ်ပြီး အုပ်စု (၂) မှ (၄) အထိသည် သင်တန်းသား များနေထိုင်ရာ ပုံစံတူအဆောက်အဦများ ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ မူးယစ်ဆေးကုသလိုသူ အရေ အတွက် ရရှိမှုပေါ်မူတည်ပြီး မူလအဆောက်အဦများကို လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်ပါကြောင်း၊ မူးယစ်ဗဟိုအဖွဲ့အနေဖြင့် မိဘများအပ်နှံခြင်း သို့မဟုတ် မိမိ ဆန္ဒအလျောက် မူးယစ်ဆေးဝါးဖျက်လိုသော မူးယစ်ဆေးစွဲသူများရှိပါက ယခင်မူလ မူးယစ်ဆေးဖျက် သင်တန်းများကဲ့သို့ သင်တန်းများ ဆက်လက်ဖွင့်လှစ်သွား မည်ဖြစ်ပါကြောင်း။ သို့ဖြစ်ပါ၍ အဆောက်အဦများ ပြင်ဆင်မွန်းမံရေး သည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသော်လည်း သင်တန်းသားရရှိမှုတိုးမြင့်လာပါက သီးခြား ကိစ္စတစ်ရပ်အနေဖြင့် ဘဏ္ဍာငွေခွဲဝေရရှိရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလော အခြေအနေအရ ကျန်ရှိသောတိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
