မြန်မာနိုင်ငံတိုင်းရင်းသားအမျိုးသမီးများသည် ယဉ်ကျေးမှု ကိုးကွယ်ရေးဘာသာ က နှစ်ပေါင်းများစွာလွှမ်းခြုံပြီး လူ့အခွင့်အရေးအပြည့်အဝ မရရှိသော အမျိုးသမီး များဖြစ်သည့်အတွက် ဒီမိုကရေစီခေတ် ပြောင်းလဲသော အချိန်တွင် အမျိုးသမီးများ အခွင့်အရေးကို အထူးစဉ်းစားပေးစေလိုပါကြောင်း၊ နိုင်ငံတကာကို လေ့လာ ကြည့်သည့်အခါတွင်လည်း အနောက်နိုင်ငံများ၊ အရှေ့တောင်အာဆီယံနိုင်ငံများတွင် အမျိုးသမီးဝန်ကြီးဌာန သီးသန့်ထားပေးကြသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတကာတွင် အမျိုးသမီးကိုဦးစားပေး Lady First စနစ်ကိုကျင့်သုံးသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း Lady First စနစ်ကိုကျင့်သုံးစေချင်ပါကြောင်း၊ အမျိုးသမီးများကို အထူးဦးစားပေးစနစ် ကျင့်သုံးမည်ဆိုပါက တိုင်းပြည်အေးချမ်း သာယာပြီး ပိုတိုးတက်မည်ဟုလည်း ယုံကြည် ပါကြောင်း၊ အမျိုးသမီးများသည်လည်း ကဏ္ဍာစုံတွင် တိုးတက်ဖွံ့ဖြိုး ရန်လို လားကြပြီး ကျေးရွာများ၊ မြို့များ၊ ပြည်နယ်၊ တိုင်းများတွင် အဖွဲ့များဖွဲ့ကာ လူမှုရေး လုပ်ငန်းများ လုပ်ရှားနေကြသော်လည်း ရပ်တည်ချက်မရှိ၊ ဦးခေါင်း မရှိသကဲ့သို့ဖြစ်နေကြသည့်အပြင် ယခုအစိုးရသစ် လက်ထက်တွင် အမျိုးသမီးများဦးစား ပေးလုပ်ပေးနေသော်လည်း ပြည့်စုံလုံလောက်မှု မရှိသေးပါကြောင်း၊ ထို့ကြောင့် ၂၀၁၄-၁၅ ခုနှစ် ပြည်ထောင်စု ဘတ်ဂျက်ရေးဆွဲသည့်အခါ အမျိုးသမီးများ ဘတ်ဂျက်ခွဲဝေပေးပြီး နှစ်စဉ်၊ လစဉ် ရပ်တည်နိုင်အောင် အမျိုးသမီးဝန်ကြီးဌာနကိုထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
မိမိတို့ မြန်မာ့အသိုင်းအဝိုင်းတွင် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းယဉ်ကျေးမှုအရ အမျိုး သမီးများအား ခွဲခြားဆက်ဆံ မှုမရှိသလောက်ဖြစ်ပြီး အခြားအာရှနိုင်ငံ များနှင့် နှိုင်း ယှဉ်ပါက သာလွန်ကောင်းမွန်နေသည့်အပြင် အခြားဘာသာနိုင်ငံများတွင် မရသည့် အခွင့်အရေးများရထားသည်ကိုလည် တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အိမ်နီးခြင်းနိုင်ငံများ ထက် ပိုမိုလွတ်လပ်ပြီး နိုင်ငံဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းနှင့် အခြားကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခဲ့သော မြန်မာအမျိုးသမီးများ ကို ခေတ်အဆက် ဆက်တွေ့မြင်နိုင် မှာဖြစ်သည့်အပြင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားပြည်တွင်းဥပဒေများ တွင်လည်း ကျား၊ မ ခွဲခြားခြင်းမရှိဘဲ တန်းတူညီတူနေရာပေးဆောင် ရွက်နိုင်ရန် ပြဋ္ဌာန်း ထား ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသမီးများအတွက် အခွင့်အရေး အားဖြင့် အခန်း (၁) ပုဒ်မ ၃၂ အပိုဒ်ခွဲ(က)တွင် နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်ဟုလည်းကောင်း၊ အခန်း(၈) ပုဒ်မ ၃၅၀ မှာလည်း အမျိုးသမီး များသည် တူညီ သောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့် လစာကိုခံစားခွင့်ရရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၃၅၁ မှာ ပြဋ္ဌာန်းချက်တွင်လည်း မိခင်များ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိ စေရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၅၂ တွင် နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာ တွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်သောအရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့် ထားခြင်းကို ခွဲခြားမှုမပြု ရ။ သို့ရာတွင်အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်အတွက် အမျိုးသားများ အားရွေးချယ်ခန့်ထားခြင်းကို ဤဥပဒေအရ အဟန့်အတားမဖြစ်စေရဟု ပြဋ္ဌာန်းထားပါကြောင်း၊
အဆိုပါ ပြဋ္ဌာန်းချက်များသည် မြန်မာအမျိုးသမီးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော အခွင့်အရေးများဖြစ်ပြီး ယခုအခါ လူမှုဝန်ထမ်းဦးစီးဌာနသည် Gender Equality Network နှင့် ပူပေါင်းပြီး အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ကိုယ်စားလှယ်များနှင့် စုစုပေါင်း ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲ (၂) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး အလုပ် ရုံဆွေးနွေးပွဲ ရလဒ်အဖြစ် ဥပဒေရေးဆွဲရေး လမ်းပြမြေပုံချမှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ စုစုပေါင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်သည် အမျိုးသမီးများ ဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံသည် မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်အပိုင်းအခြားတွင် ရှိနေသော အမျိုးသမီးများဖြစ်၍ လူဦးရေဖွဲ့စည်းမှု demographic အရ မြန်မာ့လူအဖွဲ့အစည်းမှာ အမျိုးသမီးများဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေသည့် အတွက် ပြဋ္ဌာန်း ထားသည့် ဥပဒေပါအခွင့်အရေးများကို အမျိုးသမီးများလက်တွေ့ခံစားနိုင်ရန် အစိုးရ၊ အရပ်ဘက်၊ လူ့အဖွဲ့ အစည်းနှင့် အမျိုးသမီးထုကြီးကိုယ်တိုင်က တာဝန်ရှိပါကြောင်း၊
အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်လုံးတွင် အမျိုးသမီးများ ပါဝင်မှု အချိုးအစားအနေဖြင့် ၂၀၀၈-၀၉တွင် အမျိုးသမီး များ၏ ပါဝင်မှုရာခိုင်နှုန်း ၅၁.၄၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ၅၁.၆၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ၅၂.၃၉ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းများအတွင်း ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အရာရှိကြီးများအဆင့်တွင် အမျိုးသမီးပါဝင်မှု အချိုးအစားသည် ၂၀၀၈-၀၉ တွင် ၃၂.၅၂ ရာခိုင်နှုန်း၊ ၂၀၀၉-၂၀၁၀တွင် ၃၆.၀၃ ရာခိုင်နှုန်းနှင့် ၂၀၁၀-၂၀၁၁တွင် ၃၆.၃၁ ရာခိုင်နှုန်း ဖြစ် ပါသောကြောင့် မြန်မာအမျိုးသမီးများ၏ ပါဝင် ဆောင်ရွက်မှု တိုးတက်လာကြောင်း၊
နိုင်ငံတော်၏ ကြီးလေးသောတာဝန်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ဒုတိယဝန်ကြီးအဆင့် ခုနစ်ဦး ပါဝင် ထမ်းဆောင်လျက်ရှိသည့်နည်းတူ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များတို့တွင်လည်း အမျိုးသမီး ၅၃ ယောက် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်တွင် အမျိုး သမီး ၂၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၄ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၂၄ ဦး ပါဝင် တက်ရောက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေဖြင့် နိုင်ငံတကာ အမျိုး သမီးအခွင့်အရေး များဆိုင်ရာ သဘောတူစာချုပ်များကို ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၁၉၅၄ ခု ကုလသမဂ္ဂ အမျိုးသမီး များ နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ်အပါအဝင် နိုင်ငံ တကာစာချုပ်များကို လေးစား လိုက်နာခဲ့ ရုံသာမက မြန်မာနိုင်ငံအမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃-၂၀၂၂ (၁၀)နှစ်တာ ကာလအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲပြီး မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်တွင် Beijing Platform for Action and UNCEDAW အပေါ် အခြေခံပြီး လုပ်ငန်းနယ်ပယ် ၁၂ ခု သတ်မှတ်ထည့်သွင်းထားပြီး အခြေခံရည်ရွယ်ချက်သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည့်အတွက် အမျိုးသမီးနှင့် ဆုံးဖြတ်ချက် ချမှု၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး စသည့် လုပ်ငန်းဧရိယာ နှစ်ခုဖြင့် ငြိမ်းချမ်းရေး တည်ဆောက် မှုဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ ပါဝင်မှု တိုက်ရိုက်ပတ်သက်သော လုပ်ငန်းဧရိယာများ ပါဝင်ပါကြောင်း၊
မြန်မာအမျိုးသမီးအများစုသည် ယဉ်ကျေးမှုဓလေ့ထုံးစံအရ မိမိတို့ ကိုယ်တိုင် ပြင်ပရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရေးနှင့် ဦးစီးဦးဆောင်ပြုရေးတို့အတွက် ဆန္ဒနည်းပါးကြ၍ လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများ ကိုယ်တိုင်ကိုယ်ကျပါဝင်လာစေရန် အတွက် ၂၀၁၀ ခုနှစ်မှစပြီး အမျိုးသမီး အခွင့်အရေးဆိုင်ရာအသိ ပညာပေးလုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ရလဒ် ကောင်းများရရှိခဲ့ပါကြောင်း၊ အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံတကာအလှူရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ တန်းတူညီမျှရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူ များနှင့် သက်ကြီးရွှယ်အိုများအတွက် ညွှန်ကြားရေးမှူး တစ်ဦးဦး ဦးဆောင်သည့်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဌာနခွဲတစ်ခု သီးခြားတိုးချဲ့ဖွင့်လှစ်ရန် တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီး/ အမျိုးသားတန်းတူညီမျှမှု ရရှိရေးအတွက် အသိပညာပေးအစီအစဉ်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ် များတွင် ဆောင်ရွက် လျက်ရှိခြင်း၊ မိမိတို့ နိုင်ငံတွင်လည်း အမျိုးသား/ အမျိုးသမီး ခွဲခြားဆက်ဆံမှုမရှိခြင်း၊ အပြန် အလှန်လေးစားမှု၊ အပြန်အလှန်ရင်းနှီးရိုင်းပင်းမှုများရှိခြင်း၊ ပညာရေးကဏ္ဍများတွင်လည်း အမျိုးသမီးများအနေဖြင့် ပညာ သင်ကြားမှုအခွင့်အရေးနှင့် လူမှုဘဝလုံခြုံပြည့်ဝစွာရရှိခြင်းတို့ကြောင့် အရည်အချင်းသာရှိပါက ဝန်ကြီးဌာန တစ်ခုထက်သာမက အမျိုးသမီးဝန်ကြီးများများစွာ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးကို သာခန့်အပ်ရ မည်ဟု ဥပဒေတွင် ပြဋ္ဌာန်းချက်မရှိခြင်းကြောင့် အမျိုးသမီးရေးရာဝန်ကြီးဌာနတစ်ခု သတ်မှတ်ထား ရှိပေးရန် မဖြစ်နိုင် သေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
