မိမိ၏ မြို့နယ်အတွင်း တစ်ခြားမြို့ နယ်များမှပုံစံ (၁၀) ဖြင့်ထွက်ရှိလာပြီး ဇမ္ဗူသီရိမြို့နယ် အတွင်း တရားဝင်နေထိုင်ခွင့်ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆)ပြု လုပ်ပေးနိုင်ရန် လျှောက် ထားခဲ့ရာ မြို့နယ်လဝကဦးစီးမှူးမှ ၎င်းတို့ဌာနမှ ထုတ်ပေးသောအချက် (၆)ချက်ပါ ပုံစံစာ ရွက်ပေါ်ရှိ အချက်များပြည့်စုံပါက နေ့ချင်းပြီးပြု လုပ်ပေးမည်ဟုဆိုကာ ပုံစံစာရွက်များ ထုတ်ပေးပါကြောင်း၊ ထိုပုံစံစာရွက်များဖြည့်စွက်ရန် ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ရမှ လက်မှတ်ရေးထိုးပေး မည်ဖြစ် ကာမြို့နယ်ထွေအုပ်ကို ခွင့်ပြုချက်တောင်းခံသော်လည်း နေပြည်တော်ကောင် စီမှနေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များရဲ့ပုံစံ (၆၆) ကိုပိတ်ထားသည် ဟု ဆိုပါကြောင်း၊ သို့ပါသောကြောင့် ဇမ္ဗူသီရိမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူ များသည် တရားဝင်နေထိုင်ခွင့်ရရှိရန်နှင့်ပျောက်ဆုံး မှတ်ပုံတင်အသစ်ပြုလုပ်ရန် အခက်အခဲတွေ့နေရသည့် အတွက် နေပြည်တော်ကောင်စီနယ်မြေ အတွင်း ပုံစံ (၆၆) မရရှိသေး သည့် ပြည်သူများ ပုံစံ (၆၆) ထပ်မံစိစစ်၍ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိ သဖြင့်ပြောင်းရွှေ့နေထိုင်ကြလာသော ပြည်သူများ၊ နေရင်းဒေသမှ ပုံစံ(၁၀)ဖြင့် ထွက်ရှိလာပြီး နေပြည်တော်ကောင် စီနယ်မြေအတွင်း၌ နေထိုင်ကြသည်မှာ သုံးလေးနှစ်ရှိသော်လည်း ပုံစံ(၆၆) ထုတ်ပေးရန် အကြောင်းအမျိုးမျိုးဖြင့် ငြင်း ပယ်ခံနေရ သောပြည်သူများအတွက် မည်ကဲ့သို့စဉ်းစားပေးမည်နှင့် ပုံစံ (၆၆)မရှိခြင်းကြောင့် မိုးပွင့်စီမံကိန်းရှိသော် လည်း မှတ်ပုံတင်လုပ်ခွင့်မရရှိသေးသော ပြည်သူများအရေအတွက် မည်မျှ ကျန်ရှိနေသေးသည်ကို သိရှိခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ရရှိရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည် ကိုသိရှိလို ပါကြောင်း မေးမြန်းပါသည်။
ဤမေးခွန်းနှင့်အလားတူစွာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တွင်ဒေါ်စန္ဒာမင်းမှ ပင်နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ ရွှေ့ပြောင်းအလုပ် သမားများ နေရာချထားပေးရေး၊ ပုံစံ (၆၆/၆) ပြုလုပ်ပေးရေးနှင့် မှတ်ပုံတင်မရှိသူများ မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်းသည့်မေးခွန်းမေးမြန်း လာခြင်း အားနေပြည်တော်ကောင်စီမှ တာဝန်ယူဖြေကြားရန်ညွှန်ကြားချက်အရ မိမိဝန်ကြီးဌာန ၏ဖြေကြားချက်အား နေပြည်တော်ကောင်စီသို့ ပေးပို့ခဲ့ပြီးဖြစ်သည့်အပြင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်၍ အခြားမြို့နယ်များမှ ပုံစံ ၁၀ ဖြင့် ပြောင်းရွှေ့ဝင် ရောက်နေထိုင်သူများအား လုပ်ထုံးလုပ်နည်းညွှန်ကြား ချက်နှင့် အညီ ဖြေလျော့ခြင်းနည်းဖြင့် စိစစ်ကာ မြို့နယ်ဦးစီး ဌာနမှူးရုံးများတွင်လည်းကောင်း၊ ကွင်းဆင်းမိုးပွင့် စီမံချက်များဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ ကာယကံရှင်များမှ နောက်ဆုံးနေထိုင်ခဲ့သောမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ (၁၀)၊ အိမ်ထောင်စု ဦးစီး၏လျှောက်လွှာ၊ ဝင်ရောက်နေထိုင်လိုသည့် လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူး၏ထောက်ခံချက်၊ ပြောင်းဝင်မည့်အိမ်ခန်း သို့မဟုတ် အိမ်အားပိုင်ဆိုင်သည့် အထောက်အထား မူရင်း /မိတ္တူများဖြင့် အိမ်ထောင်ဦးစီးကိုယ်တိုင် သို့မဟုတ် အိမ်ထောင်စုထဲမှ အသက်၁၈နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီး၏ ကိုယ်စားလှယ်လွှဲစာဖြင့် လျှောက်ထားလာပါက မှန်ကန်မှုရှိလျှင် နေ့ချင်းပြီး အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)အား အခမဲ့ဆောင်ရွက်ထုတ်ပေးပြီး နိုင်ငံသာစိစစ်ရေး ကတ်ပြားပြုလုပ်ပေးရန် လျှောက်ထားလာပါ က လိုအပ်သောအထောက်အထား၊ အချက်အလက်များပြည့်စုံပြီး တိုင်းရင်းသားဖြစ်လျှင် လျှောက်ထားသည့်နေ့မှစ၍ အများဆုံး ၂၈ ရက်အတွင်းဆောင်ရွက် ထုတ်ပေးလျက်ရှိပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ထုတ်ပေးခြင်းနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၏ ၁၈- ၈- ၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၁/၂-၂/ ဦး-၁ ဖြင့် ရပ်ဆိုင်းထားပေးပါရန် ညှိနှိုင်းအကြောင်းကြားလာသည့်အတွက် ပုံစံ (၁၀)ဖြင့် ပြောင်းဝင်လာသူများသို့ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပါကြောင်း၊
အဆိုပါ ကာလအတွင်း နေပြည်တော်ကောင်စီအနေဖြင့် နေပြည်တော်ကောင်စီ၊ မြေနေရာစီမံခန့်ခွဲ မှုစိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျဖြစ်စေရန် အဆောက်အဦစာရင်းကောက်ယူခြင်း၊ ကျေးရွာ နယ်နိမိတ်မှတ်တိုင်များစိုက်ထူခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေချိန်ဖြစ်ပြီး၊ နေပြည်တော် စည်ပင်သာ ယာရေးကော်မတီ ကနေရာချထားပေးသောမြေကွက်များ၊ရောင်း ချပေးထားသောမြေကွက်များ၊ ပိုင်ဆိုင်မှုသေ ချာသောမြို့တွင်းမြေများရှိ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများသို့ပြောင်းရွှေ့ ဝင်ရောက်ခွင့်ပြုခြင်းဖြင့် မြို့ပြစီမံကိန်းအတွက် အဟန့်အတားမဖြစ်စေသော်လည်း မူလရွာမြေဟုအတည်ပြုရန် စိစစ်ဆဲကျေးရွာများ သို့ ပြောင်းရွှေ့ဝင်ရောက် ခွင့်ပြုခြင်းဖြင့် မြို့ပြစီမံကိန်းအတွက် လည်းကောင်း(Naypyitaw Citizenship) ထိန်းသိမ်းရေးအတွက်လည်းကောင်း၊ အခက်အခဲအရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီက နေရာချထားပေးသောမြေကွက်များ၊ ရောင်းချပေးထားသောမြေကွက်များ၊ ပိုင်ဆိုင်မှုသေ ချာသော မြို့တွင်းမြေများရှိ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများသို့ ပြောင်းရွှေ့ဝင် ရောက်ခြင်းဖြစ်လျှင် လူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆)ထုတ်ပေးရေးနှင့် ကျေးရွာများရှိ အဆောက်အဦများသို့ ပြောင်းရွှေ့ဝင်ရောက်ခြင်းဖြစ်လျှင် အိမ်ထောင်စုလူဦးရေပုံစံ (၆၆/၆) လော လောဆယ်ထုတ်ပေးခြင်းမပြုရန် ညှိနှိုင်းမှုများ ပြုခဲ့ပါကြောင်း၊
ထို့ကြောင့် ဇမ္ဗူသီရိမြို့နယ်၊ ဝန်ထမ်းနေအိမ်ရပ်ကွက်များဖြစ်သော သိဒ္ဓိ(၉)ရပ်ကွက်သို့ ပုံစံ (၁၀)ဖြင့် ပြောင်းရွှေ့လာ သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ချက်ခြင်းဆောင်ရွက်ပေးခဲ့ပြီး ယခုမှမြေကွက်ဝယ်ယူ၍ အိမ်ထောင်စု လူဦးရေပုံစံစာရင်း(၆၆/၆)အသစ် သီးခြားထုတ်ပေးရန်လျှောက်ထားလာပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ဆောင်ရွက်ထုတ်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဇမ္ဗူသီရိမြို့နယ် အပါအဝင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှူးရုံးများသို့ ပုံစံ (၁၀)ဖြင့် ပြောင်းရွှေ့ဝင်ရောက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ဖြင့် အိမ်ထောင်စုလူ ဦးရေ စာရင်း ပုံစံ (၆၆/၆) လျှောက်ထားမှုအား အခမဲ့နေ့ချင်းပြီး ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
ဇမ္ဗူသီရိမြို့ နယ်အတွင်းရှိ အောင်ဇမ္ဗူရပ်ကွက်မှ အိမ်ထောင်စုအချို့သည် ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် ဒေသ ခံတိုင်းရင်းသားများဖြစ်သော်လည်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) မရှိ၍ တင်ပြလာမှုအပေါ် ဥပဒေနှင့် အညီဆောင်ရွက်နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ပေးအပ်သည့် စိစစ်ရေး အဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုပေါင်း ၅၂ စုတွင် အိမ်ထောင်စု ၂၃ စုမှာ ယခင်ထုတ်ပေး ထားပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) ပျောက်ဆုံး၍ လက်ဝယ်ကိုင်ဆောင်ထား ခြင်းမရှိဘဲ ရုံးလက်ခံမှတ်တမ်းဖြင့် တိုက်ဆိုင်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) မိတ္တူမှန်များကို ၁၁-၁၀-၂၀၁၃ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီး ကျန်ဘိုးစဉ်ဘောင် ဆက် နေထိုင်ခဲ့သည့် ဒေသခံတိုင်းရင်းသားအိမ်ထောင်စု ၂၉ စုအား စိစစ်ရေးအဖွဲ့မှ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ထုတ်ပေးသင့်ကြောင်း စိစစ်ချက်အရ ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ညှိနှိုင်းချက် ဖြင့် ၂၈-၁၁-၂၀၁၃ ရက်နေ့တွင် ၎င်းအိမ်ထောင်စု ၂၉ စုအား အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) အားထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် မိုးပွင့်စီမံချက် (၅)ဖြင့် ကွင်းဆင်းဆောင်ရွက် ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးအပြင် မူလအိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များပြုလုပ်ခဲ့ပြီး အကြောင်းကြောင်းကြောင့် လက်ဝယ်ကိုင်ဆောင်ထားခြင်း မရှိသူများအား ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေး၍ မိတ္တူမှန်ထုတ်ပေးခြင်းကို အိမ်ထောင်စု ၉၂၂ စုနှင့် လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီသည့် ပုံစံ (၁၀)ဖြင့်လျှောက်ထားလာသည့် အိမ်ထောင်စု ၆၄၆ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၅၆၈ စုကို အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆) များ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန သည်နေပြည်တော်ကောင်စီနယ်မြေအတွင်းနေ ထိုင်သူပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား မိုးပွင့်စီမံချက်များဖြင့် ၁-၇-၂၀၁၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ရာ မိုးပွင့်စီမံချက်အဆင့် (၅)အထိ ဆောင်ရွက်ပြီးဖြစ်ခဲ့သည့်အပြင် ထပ်မံ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၁၃-၁၁-၂၀၁၃ ရက်နေ့မှ စတင်ကာ One Stop Service အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ၅-၁-၂၀၁၄ ရက်နေ့အထိ စုစုပေါင်းအိမ်ထောင်စု လူဦးရေစာရင်းဆိုင်ရာလုပ်ငန်း ၇၁၅၈ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၄၂၁၁ ကတ်ထုတ်ပေးခဲ့ ပြီးဖြစ်ပါကြောင်း။ ဆက်လက်၍ မိမိဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်လျက် ရှိပါကြောင်း၊
နေပြည်တော်ကောင်စီနယ်မြေအတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိသဖြင့် ပြောင်းရွှေ့နေထိုင်လာသော ပြည်သူ များအတွက် ပထမပိုင်းတွင် ရှင်းလင်းဖြေကြားခဲ့သည့်အတိုင်း မိမိတို့ဝန်ကြီးဌာနသည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စီမံချက်များချမှတ်ကာ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
