(ခ)-ရမည်းသင်းမြို့နယ်၊မြို့လှ၊ကမ္မ၊ဝါးရုံတောကျေး ရွာအုပ်စုများရှိ လယ်မြေများအား သဲနုန်းထိုးခြင်းမှ ကာကွယ်ရန်အတွက်ဆည်တစ်ခုဆောက်လုပ်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၄)

ဦးဘိုနီ (ရမည်းသင်း)ရမည်းသင်းမြို့နယ်အပါအဝင် အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မိုးရေချိန်အင် မတန် နည်းသောဒေသ များဖြစ် ပါကြောင်း၊ မိုးရေချိန်ပျမ်းမျှ ၃၀- ၄၀ လက်မကြားသာရှိပြီး  ၃၀ လက်မ အောက်လျော့ နည်းသောနှစ်လည်း ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေသည် အင်မတန်အရေး ပါသော အရင်းအနှီးတစ်ခုဖြစ်ပြီး ကျေးရွာတိုင်းတွင် စိုက်ပျိုးနိုင်သောမြေများ စိုက်ပျိုးနိုင်ရန်၊ လယ်ယာမြေများ မပျက်စီးမဆုံးရှုံးရန် ကာကွယ်နိုင်မှသာ လယ်ယာမြေ များစိုက်ပျိုး အောင်မြင်ပြီးစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ် ပါကြောင်း၊ ကျေး လက်ဒေသများဖွံ့ဖြိုးတိုး တက်မှုရရှိနိုင်ရန်အတွက်  ကျေးရွာများနှင့်သက် ဆိုင်သော ချောင်းမြောင်းများကို အသေးစိတ် စူးစမ်းလေ့လာပြီး ဖြစ်နိုင်ချေ ရှိသော နေရာများတွင်  ရေရရှိရေးအတွက် ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ခြင်း များ ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ထို့သို့ပြုလုပ်ခြင်းဖြင့် လယ်ယာမြေများအောင်မြင်ရန် အကျိုးပြုနိုင်မည့် အပြင်  နိုင်ငံတော်တစ်ဝှမ်းတွင်လည်း ဖြစ်နိုင်ချေအဆင့်များ ရှိနိုင်ပါကြောင်း၊ 

ရမည်းသင်းမြို့နယ်အတွင်းရှိ မြို့လှအုပ်စု၊ ကမ္မအုပ်စု၊ ဝါးရုံတောကျေးရွာအုပ်စုများတွင် လယ်ယာစိုက် ပျိုး နေသော မြေဧကပေါင်း ၂၀၀၀ ကျော်ရှိသော်လည်း မြို့လှအုပ်စု၊ ဝါးရုံတောအုပ်စုအတွင်းရှိ လယ်မြေဧကများ သည် ချောင်းရေကြောင့် သဲထိုးသဖြင့်လယ်မြေများ စိုက်ပျိုးနိုင်ခြင်း မရှိတော့ပါကြောင်း၊ တံတားဦးကျေးရွာ ဆိုပါက ရွာလုံးကျွတ်လယ်မြေများ လက်လွတ်ဆုံးရှုံးနေပြီဖြစ်ပါကြောင်း၊  ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တွင် ယခုသဲထိုးချောင်းသုံးချောင်းဆုံရာ ရွှေဒါးချောင်းထိပ်တွင် ရေကာဆည် တစ်ခုတည်ဆောက်ပေးရန် မေးမြန်း စဉ်က ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ပေါ်မူတည်ပြီး ဖြစ်နိုင်စွမ်းရှိပါက စီမံဆောင်ရွက် ပေးမည်ဟုဖြေကြား ခဲ့ပါကြောင်း၊ သို့သော်ယနေ့အချိန်ထိ မည်သို့သောဆောင်ရွက်ချက်မှ မရှိသေး၍ ဆည်ငယ်တစ်ခု တည်ဆောက်ပေးနိုင်/မပေးနိုင်နှင့် လယ်မြေများသဲထိုးမှု မှကာကွယ်ရန် ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် တောင်သူ များဝင်ငွေတိုးပြီး ဆင်းရဲမှုလျော့ချနိုင်ရေး မည်ကဲ့သို့များ အစီအမံထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး၊ ဦးအောင်သိမ်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး၊ ဦးအောင်သိမ်းလယ်ယာမြေများ သဲထိုးခြင်းမှကာကွယ်ရန်၊ ကုတင်ကန်-ကျီးနီကန်များ သို့ ရေဖြည့်ပေးနိုင်ရန်နှင့် ဆည်ရေသာက်ဧရိယာ ၉၅၀ ဧကကို  စိုက်ပျိုးရေပေးဝေ ရန်အတွက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြို့လှကျေး ရွာအုပ်စု၊ မြို့လှရွာအနီးတွင် ကျောက်တိုင်ရေလွှဲဆည် တည်ဆောက်ရန် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လ ၃၀ အတွင်းဆောင်ရွက်မည့် လုပ်ငန်းများစာရင်းတွင် ၂၀၁၅-၁၆ ခုနှစ် တတိယ ၁၂ လ လုပ်ငန်းဆောင်ရွက်မည့်စာရင်း၌ ခန့်မှန်းကုန် ကျငွေ ကျပ်သန်း ၃၅၀ ထည့်သွင်းရေးဆွဲထားပါ ကြောင်း၊

ကျောက်တိုင်ရေလွှဲဆည်သည် ၁၉၇၃ ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ တာဝန်ယူ၍ မူလရွှေဒါးချောင်းကို ပိတ်ပြီးတည်ဆောက်ထား သည့် ရေလွှဲဆည်ဖြစ်ပါကြောင်း၊  ၁၉၉၃ ခုနှစ်တွင် ရွှေဒါးချောင်းရေကြီးမှုကြောင့် ရေလွှဲတာအတွင်းရေအလုံး အရင်းဝင်ရောက်ကာ ဝင်ရောက်သောရေ ပမာဏနှင့်ရေထုတ်နိုင် သောပမာဏမမျှတမှုကြောင့် တာပေါင် ကျိုးပေါက်ခြင်းဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုအခါ ကျောက်တိုင်ရေလွှဲတာနှင့် ရေထုတ်ပေါက်များမရှိသော်လည်း ရွှေဒါးချောင်းမှတိုက်ရိုက် မြောင်းတူး ဖော်ဖောက်လုပ်ခြင်းနှင့် တူးမြောင်း၏ အာဒီ ၂၀၀၀ ခန့်တွင် ရေတံလျှောက်တစ်ခု ဆောက်လုပ်ခြင်းဖြင့် ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ ရရှိသော ရန်ပုံငွေဖြင့်ဆောက်လုပ် ရေပေးဝေလျက်ရှိပါကြောင်း၊ ဆည်မြောင်းဦးစီး ဌာနမှ ကျောက်တိုင်ရေလွှဲဆည်ကို အခိုင်အမာပြန်လည်တည်ဆောက်နိုင်ရန် ရွှေဒါးချောင်းကို အလျားလိုက် တိုင်းတာခြင်းနှင့် ဖြတ်ပိုင်းတိုင်းတာခြင်း၊ ဒီဇိုင်းပုံစံများရေးဆွဲခြင်း၊ ရေးဆွဲထားသော ဒီဇိုင်းပုံစံအရရန်ပုံငွေ တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိပါက လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။