(ဃ)-အမျိုးသားညီလာခံကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့(သို့)ချီးမြှင့်ခံစားခွင့်စသည့်အသိ အမှတ်ပြု ဆောင်ရွက်ပေးမှု တစ်ခုခုပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၄. ၂.၂၀၁၄)

ဦးခင်မောင်ညို (ပေါက်)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၅ (က) တွင် နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်ဟု  ပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရသောကြောင့် နိုင်ငံတော်သမ္မတကြီးမှလည်း ဥပဒေနှင့် အညီရဟန်း၊ လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းပေးနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတော်ကို  ဒီမိုကရေစီစနစ်ထွန်းကား၍ အနာဂတ်တွင် နိုင်ငံတော်ကြီး ရေရှည်အကျိုးကောင်း မွန်စေရေးအတွက် ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်စေရန် မရှိမဖြစ်လိုအပ်သည့်အတွက် ၁၉၉၃ ခုနှစ်မှစ၍ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ ပါတီခေါင်းဆောင်များအပါအဝင် နိုင်ငံတော်အတွင်းရှိ မြို့နယ်အားလုံးမှ တိုင်းရင်းသား ကိုယ်စားလှယ်များသည် အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့ရာ ၃-၉-၂၀၀၇ ရက်နေ့ တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးအတွက် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များမဟုတ်သော မြို့နယ်အသီးသီးတို့မှ တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သည့် အရပ်သားကိုယ်စားလှယ်များသည် ယခုအခါ အသက်အရွယ်ကြီး ရင့်အိုမင်းခြင်း၊ ကျန်းမာရေးမကောင်းဖြစ်၍ စီးပွားရေးချို့တဲ့ရသည့်အပြင် လူမှုဘဝရပ်တည်ရန် ခက်ခဲသည့် ကိုယ်စားလှယ်များလည်း ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအနေဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအားလုံး သို့မဟုတ် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်၍ ယနေ့ထိ အသက်ရှင်လျက်ရှိနေသည့် အမျိုးသားညီလာခံကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ သို့မဟုတ် ချီးမြှင့်ခံစားခွင့်စသည့် အသိအမှတ်ပြုဆောင်ရွက်မှု ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးမောင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများကို အများဆန္ဒနှင့်အညီ ချမှတ်ပေးရန်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ အမျိုးသားညီလာခံကို ၉-၁-၁၉၉၃ ရက်နေ့တွင် ကိုယ်စားလှယ်အမျိုးအစား (၈) မျိုးခွဲခြားကာ ကိုယ်စားလှယ်ဦးရေ ၇၀၂ ဦးဖြင့် စတင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ်အချို့ကို ရုပ်သိမ်းကာ ၁၉၉၆ ခုနှစ်တွင် ယာယီဆိုင်းငံ့ထားခဲ့ရာမှ ၁၇-၅-၂၀၀၄ ရက်နေ့တွင် ယခင်ကျင်းပစဉ်ကအတိုင်း ကိုယ်စားလှယ် ၁၀၈၈ ဦးနှင့် ဆက်လက်ကျင်းပခဲ့ပါကြောင်း၊ အမျိုးသားညီလာခံစုံညီ အစည်းအဝေး ကျင်းပရာ ၅-၁၂-၂၀၀၅ ရက်နေ့တွင် ရောက်ခွင့်ရှိသော ကိုယ်စားလှယ် ၁၀၈၀ ဦးအနက် ကိုယ်စားလှယ် ၁၀၇၄ ဦး၊ ၁၀-၁၀-၂၀၀၆ ရက်နေ့တွင် တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ် ၁၀၈၁ ဦးအနက် ကိုယ်စားလှယ် ၁၀၇၅ ဦး၊ ၁၈-၇-၂၀၀၇ ရက်နေ့တွင် တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ် ၁၀၇၁ ဦးအနက် ကိုယ်စားလှယ် ၁၀၅၈ ဦး၊ ၃-၉-၂၀၀၇ ရက်နေ့တွင်  တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ် ၁၀၇၁ ဦးအနက် ကိုယ်စားလှယ် ၁၀၆၂ ဦးသာ တက်ရောက်ခဲ့ပါကြောင်း၊ ယခင်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူဆောင် တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်ကောင် စီမှဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ၁၁-၇-၁၉၇၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃၂/၇၈ ဖြင့် ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၇-၁၂-၂၀၀၉ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၀၉ ကို ထုတ်ပြန်ပြီး ခေတ်စနစ် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရေးအတွက် ယခင်ပြဋ္ဌာန်းထားရှိခဲ့သော ဘွဲ့တံဆိပ်များအနက် အချို့အား ဆက်လက်အသုံးပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြန်လည်ပြဋ္ဌာန်းခြင်းနှင့် ဘွဲ့တံဆိပ်ပုံသဏ္ဍာန်များအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အား ထုတ်ပြန်ကြေညာ ခဲ့ပါကြောင်း။

ပြဋ္ဌာန်းချက်တွင် သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်ဟူ၍ သုံးမျိုးခွဲခြားချီးမြှင့်ရန် သတ်မှတ်ထားရာ သင်္ဂဟတွင် သုဓမ္မသင်္ဂဟ ဘွဲ့များ (၃) ဆင့်နှင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ (၅) ဆင့်၊ ဘွဲ့တံဆိပ်တွင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့များ (၃) ဆင့်နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့များ (၅)၊ တံဆိပ်တွင် တပ်မတော်ဆိုင်ရာ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်နိုင်မှု၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဟူ၍ ခွဲခြားသတ်မှတ် ချီးမြှင့်ခဲ့ပါကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရာတွင် ပြည့်စုံရမည့်အရည်အချင်းများကို စွမ်းဆောင်မှု အတိုင်းအတာအရ စနစ်တကျ သတ်မှတ်ပြ ဋ္ဌာန်းပြီး ပြဋ္ဌာန်းထားသည့်အတိုင်းသာ ယနေ့အထိ ချီးမြှင့်နေခြင်းဖြစ်ပါကြောင်း။

အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား အမျိုးသားညီလာခံကျင်းပစဉ် ကာလတစ်လျောက် လုံးတွင် နိုင်ငံတော်မှ စားသောက်နေထိုင်စရိတ်များ၊ ခရီးစရိတ်၊ နေ့တွက်စရိတ်နှင့် ကျန်းမာရေးဆိုင် ရာ စောင့်ရှောက်မှုများကို အပြည့်အဝ ဆောင်ရွက်ပေးသည့်အပြင် ဆေးနှင့်ပစ္စည်းများကို သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ပါကြောင်း၊ အမျိုးသား ညီလာခံမှ တစ်စိတ်တစ်ပိုင်း တက်ရောက်ပြီး ထွက်ခွာသွားသူများ၊ ကွယ်လွန်သွားသူများ၊ တက်ရောက်လေ့လာသူများဟူ၍ရှိရာ အမျိုးသားညီလာခံကိုယ်စားလှယ်များသည် မိမိတို့၏ လူမှုဘဝလုံခြုံရေးအတွက် တစ်မျိုးသားလုံး၏ တာဝန်တစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေး ဆောင် ရွက်ပေးခွင့်ရရှိခဲ့သူများဖြစ်ပါကြောင်း၊ အရည်အချင်းရှိကြသော်လည်း အမျိုးသား ညီလာခံတွင် ပါဝင်တက်ရောက် လိုသော ဆန္ဒရှိပါလျက် ပါဝင်တက်ရောက်ခွင့်မရှိကြသူများသည် အမျိုးသားညီလာခံ ကိုယ်စားလှယ် အဖြစ် နိုင်ငံတော်မှ ရွေးချယ်တာဝန် ပေးအပ်ခံရခြင်းသည် အလိုအလျောက် ထိုက်တန်သော အခွင့်အရေး ဆုလာဘ်အဖြစ် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသားညီလာခံ ကျင်းပဆောင်ရွက်ခဲ့ခြင်းနှင့် ပါဝင်ဆောင်ရွက် တက်ရောက်ခဲ့ကြသူ ကိုယ်စားလှယ်ကြီးများကို နိုင်ငံတော်မှအသိအမှတ်ပြု မှတ်တမ်းတင်ထားရှိပြီး ဖြစ်ပါကြောင်း၊ ၁၇-၁၂-၂၀၀၉ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ထုတ်ပြန်ခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်သည် အမျိုးသားညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးသည့် နောက်ပိုင်းမှသာ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ အခြားသောချီးမြှင့်မှုများကို လည်း နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှသာ စဉ်းစားဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါ၍ ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။