(ဃ)-အခွန်ဦးစီးဌာနမှ စာချုပ်တံဆိပ်ခေါင်းနှင့် ရုံးခွန်တော် တံဆိပ်ခေါင်းများကို အတု ပြုလုပ်သော မိတ္တူဆိုင်များ ရှိနေပါသဖြင့် ဖော်ထုတ်အရေးယူပေးရန် နှင့်တံဆိပ်ခေါင်းများ လွယ်ကူစွာဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၆.၂၀၁၄)

ဦးခင်မောင်ဝင်း (လမ်းမတော်)မြန်မာနိုင်ငံ အခွန်ဦးစီးဌာနမှ ရောင်းချသော အခွန်တံဆိပ်အမျိုးမျိုးအနက် ကပ်တံဆိပ်ခေါင်းများမှလွဲပြီး ကျန်တံဆိပ် ခေါင်းများဖြစ်သော စာချုပ်တံဆိပ်ခေါင်းများ၊ ရုံးခွန်တော်တံဆိပ်ခေါင်းများကို ကာလာပရင်တာဖြင့် အထူးပြုလုပ်ပြီး မိတ္တူဆိုင်များတွင် ရောင်းချလျက်နေသည်ကို သိရှိရပါကြောင်း၊ ထိုမိတ္တူဆိုင်များကို ထိထိရောက်ရောက်ဖော်ထုတ် အရေးမယူနိုင်ပါက နိုင်ငံတော်အတွက် အခွန်ရရှိမှုများစွာ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တရားရုံးများတွင် အမှုတွဲတွင်ကပ်သည့် တံဆိပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပြန်လည်အသုံးမပြုနိုင်စေရန် ပယ်ဖျက်ရမည် ဖြစ်သော်လည်း ပယ်ဖျက်ခြင်းမပြုဘဲ မသမာသည့်ဝန်ထမ်းတချို့က ပြန်လည်ရောင်းချ အသုံးပြုလျက်ရှိနေပါကြောင်း၊ စာချုပ်တံဆိပ်ခေါင်းများကို ဝယ်ယူရရှိရန် အခက်အခဲများစွာဖြစ်နေအတွက် ပြင်ပရှိစာချုပ်တံဆိပ်ခေါင်း ရောင်းဝယ်သည့် ဆိုင်များတွင် တစ်စောင်လျှင် ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ၁၀၀၀ ကျပ်စသည်ဖြင့် ပြည်သူများက အမြတ်ပေး ဝယ်ယူနေရသည့်အတွက် ရုံးခွန်တော်တံဆိပ်ခေါင်း၊ စာချုပ်တံဆိပ်ခေါင်းအတုများကို ဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် ပြည်သူများ တံဆိပ်ခေါင်းများ ဝယ်ယူရာတွင် လွယ်ကူစေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ပြည်တွင်းအခွန်များဦးစီးဌာနက ဖြန့်ဝေရောင်းချလျက်ရှိသော ပုံနှိပ်တံဆိပ်ခေါင်းများဖြစ်သည့် အခွန်တံဆိပ်ခေါင်းများ၊ ရုံးခွန်တော်တံဆိပ်ခေါင်းများသည် ပုံနှိပ်ထားသည့် မြန်မာမှု ပန်း၊ ခြင်္သေ့ရုပ်နှင့် အင်္ဂလိပ်မြန်မာစာသားများကို အလွယ်တကူ တုပ၍ မရနိုင်စေရန် လုံခြုံမှုအစီအမံများ ဆောင်ရွက်ထားရှိသော်လည်း တိုးတက်မြင့်မားလာသည့် နည်းပညာများနှင့်အတူ ကာလာပရင်တာများ အသုံးပြုပြီး ရောင်းချသည့်ဆိုင်များရှိသည်ကို သိရှိရသောကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြည်ထဲရေးဝန်ကြီးဌာနအကူအညီဖြင့် ဝင်ရောက်သိမ်းဆည်းပြီး အတုအစစ် ခွဲခြားနိုင်ရန် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးကို ပေးပို့စိစစ်ခဲ့ပါကြောင်း၊ အတုဖြစ်ကြောင်း သိရှိရသည့်အတွက် အရေးယူဆောင်ရွက်သည့်နေရာတွင် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရသူ တစ်ဦးနှင့် ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ်ချမှတ်ခံရသူ (၆) ဦး စုစုပေါင်း (၇) ဦး ပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသူ/နိုင်ငံသား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အရေးယူပိုင်ခွင့်ရှိသည့်  ဝရမ်းမပါဘဲ ဖမ်းဆီးရသည့်အမှုများကိုလည်းကောင်း၊ ရဲအရေးယူပိုင်ခွင့်မရှိသော်လည်း တရားရုံး၏ ဝရမ်းစာအရလည်းကောင်း ဖမ်းဆီးရန်လိုအပ်သည့် အမှုအခင်းများကို အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးခွန်တံဆိပ်ခေါင်း၊ စာချုပ်တံဆိပ်ခေါင်း အတုများနှင့်စပ်လျဉ်း၍ အတုလုပ်ခြင်း၊ လက်ဝယ်ထားခြင်း၊ အတုလုပ်သည့်ကိရိယာများ ထားရှိလုပ်ကိုင်ရောင်းချခြင်း စသည်တို့နှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာဥပ‌ဒေပုဒ်မ ၂၅၅၊ ၂၅၆၊ ၂၅၇၊ ၂၅၈နှင့် ၂၅၉ တို့အရ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ အတုပြုလုပ်မှုများ နှင့်ပတ်သက်၍ ယခုအချိန်တွင် တိုင်ကြားမှုများမရှိသော်လည်း ရုံးခွန်တံဆိပ်ခေါင်းများ၊ စာချုပ်တံဆိပ်ခေါင်းများ အတုပြုလုပ်ခြင်းများကို ဆက်လက်စိစစ် ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တံဆိပ်ခေါင်းအစစ်မှာ ရေစာပါရှိသည့်အတွက် အတုနှင့်အစစ် ခွဲခြားနိုင်သကဲ့သို့ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံမှလည်း လုံခြုံရေးအား အဆင့်မြှင့်တင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

တံဆိပ်ခေါင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၂၆၄ ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်နှင့် ရန်ကုန်မြို့၊ အမှတ်(၁၇/ဃ)၊ ၃၆ လမ်းအလယ်၊ ကျောက်တံတားမြို့နယ်တွင် အရောင်းကောင်တာတစ်ခုစီ ဖွင့်လှစ်ပြီး ရုံးချိန်အတွင်း ရောင်းချပေးခဲ့ပါကြောင်း၊ သို့သော် မြို့နယ်တစ်မြို့နယ်တွင် တစ်နေရာသာ ရုံးချိန်အတွင်း ရောင်းချပေးနိုင်သည့်အတွက် ပြင်ပတွင် တံဆိပ်ခေါင်းဈေးနှုန်း ကြီးမြင့်မှုများဖြစ်ပေါ်ခဲ့ပြီး ပြင်ပအရောင်းဆိုင်များတွင် ဈေးနှုန်းကြီးမြင့်နေမှုများကို ဖြေရှင်းနိုင်ရေးအတွက ၁၄-၁-၂၀၁၄ ရက်နေ့မှစတင်ပြီး ယခင် ရောင်းချပေးလျက်ရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ရုံးများအပြင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲပေါင်း ၂၃၆ ခု၊ ရန်ကုန်တိုင်းဒေသကြီး၊ ပင်စင်ဦးစီးဌာနမှူးရုံးတို့တွင် ထပ်မံတိုးမြှင့် ရောင်းချပေးခဲ့ပါကြောင်း၊ စတင်တိုးချဲ့ ရောင်းချချိန်များတွင် ပြင်ပတွင် ဈေးနှုန်းမြင့်မားနေသည့်အတွက် လာရောက်ဝယ်ယူသူ များပြားခဲ့ပြီး ယခုအချိန်တွင် ပြင်ပတွင် အမြတ်ပေးဝယ်ယူမှု မရှိသလောက်ဖြစ်သည့်တွက် အမှန်တကယ် အသုံးပြုလိုသူများသာ လာရောက်ဝယ်ယူလျက်ရှိပါကြောင်း၊ ထို့အပြင် တံဆိပ်ခေါင်းများ ပြတ်လပ်မှုမရှိစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက် ဖြည့်တင်းနိုင်ရေးအတွက်  ပုံနှိပ်စက်အသစ်များ ထပ်မံဝယ်ယူပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် တံဆိပ်ခေါင်းများ ပြတ်လပ်မှုမရှိစေရေးအတွက် (၇) စာ သိုလှောင်ထားပြီး ဖြစ်ပါကြောင်း၊ တံဆိပ်ခေါင်း ဝယ်ယူလိုသူများအနေဖြင့် ကျိုးကြောင်းဖော်ပြလျက် အရောင်းဌာနများတွင်  ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါကြောင်းနှင့် အရောင်းကောင်တာများ ပိုမိုဖွင့်လှစ်နိုင်ရေးအတွက် လိုင်စင်ရအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနိုင်ရန် နည်းဥပဒေများ ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းဥပဒေများထုတ်ပြန်ပြီးပါက လိုင်စင်ရအရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချ ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။