(ခ)-ဝါးတန်းဆန်စပါးကုန်စည်ဒိုင်အားနိုင်ငံတကာ အဆင့် မီကုန်စည်ဒိုင်(Commondity Exchange Center)အဖြစ်အဆင့်မြှင့်တင်ပြင်ဆင်ခွင့်ပြုရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ (၃.၂.၂၀၁၄)

ဒေါက်တာနေလင်း (ဆိပ်ကမ်း) ဆန်စပါးကုန်စည်ဒိုင် ဝါးတန်းသည် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းပါအတိုင်း ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်က စတင်ကာ ဆန်စပါးကုန်စည်ဒိုင်ဝါးတန်းအဖြစ် ယနေ့အထိတိုင်အောင် ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်စည်များအသင်း၏  ဆန်စပါးကုန်စည်ဒိုင်ဝါးတန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းမှာ ဆန်စီးဆင်းမှုမှန်ကန်ရေး၊ ဈေးကွက် တည်ငြိမ်မှန်ကန်စွာဖြစ်ပေါ်လာရေး၊ သိုလှောင်ဈေးကစားမှုမပြုရေး၊ ပစ္စည်းမှန်ဈေး မှန် ရောင်းဝယ်နိုင်ရေးနှင့် ပြည်ပသို့ ဆန်စပါး တင်ပို့ရေး တို့ကို ရည်ရွယ်ထားပါကြောင်း၊  ယခု အသင်းသားအင်အား ၁၃၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အရေးအကြီးဆုံး၊ အချက်အကျဆုံး ဆန်လက်ကားရောင်းဝယ်သည့် ကုန်စည်ဒိုင်တစ်ခုဖြစ်သည့်အပြင်  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နေ့စဉ်ဆန်ပေါက်ဈေးနှုန်းကိုလည်း ပြည်တွင်းဆန်ပေါက်ဈေး နှုန်းထားအ တိုင်း ပြဋ္ဌာန်းရောင်းဝယ်ဖောက်ကားလျက်ရှိသော ကုန်စည်ဒိုင်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ ဆန်စပါးများ သင်္ဘောများ အဓိက ဆိုက်ကပ်ဆိပ်ကမ်းနေရာဖြစ်သည့် အတွက်လည်း ဆန်စပါးကုန်စည်ဒိုင်သည် ရန်ကုန်မြို့တွင် အသင့်တော်ဆုံးနေရာအဖြစ် ဖွင့်လှစ်ရောင်းချလျက် ရှိခြင်းအပြင် ရန်ကုန်မြို့အတွင်းကို ရောက်ရှိလာသော ဆန်ပမာဏစာရင်းဇယားကိုလည်း မှန်ကန်တိကျစွာ တွက် ချက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ် ပေါင်းစပ်ဆောင်ရွက် လျက်ရှိသော ကုန်စည်ဒိုင်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ ဆန်စပါးအခွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းတွင် ပြည်ပသို့ ဆန်တန်ချိန် ၁.၄ သန်းအထိ တင်ပို့နိုင်ခဲ့သောကုန်စည်ဒိုင်တစ်ခုဖြစ်ခြင်း၊  ပြည်တွင်းဆန်စီးဆင်းမှု အချက်အချာကျဆုံးဖြစ်ခြင်း၊ နိုင်ငံတကာကုန်သည်များနှင့် ပြည်ပဧည့်သည် များဝင်/ ထွက်သွားလာမှု နီးစပ်လွယ်ကူသော ဆိပ်ကမ်းနယ်မြေရှိ ဝါးတန်းဆန်းစပါးကုန်စည်ဒိုင်ကို နိုင်ငံတကာကုန်စည်ဒိုင် အဖြစ် ပြင်ဆင်ပြီး ပြည်တွင်း/ပြည်ပဈေးကွက် ဝင်ရောက်နိုင်ရေးတို့အတွက် လက်ရှိသိုလှောင်ရုံကို နိုင်ငံတကာ အဆင့်မီ ကုန်စည်ဒိုင်အဖြစ် အဆင့်မြှင့်တင်ရန် ပြင်ဆင်ခွင့်ပြု/မပြုနှင့် ခေတ်မီဆန်စပါးကုန်စည်ဒိုင် အဆောက် အဦ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အဆောက်အဦကနေ BOT စနစ်နှင့် ရင်းနှီးမြှုပ်နှံပြီး တည်ဆဲရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းပါ အစီအစဉ်များအတိုင်း လွှဲပြောင်းသုံးစွဲဆောင်ရွက် ခွင့်ပြုရန်အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်
အဖြေ

မြန်မာနိုင်ငံရဲ့ အဓိကဆိပ်ကမ်းဖြစ်သော ရန်ကုန်မြို့ ဆိပ်ကမ်းသည်ဆိုလို့ရှိရင် ယခုလက်ရှိ နိုင်ငံတကာကုန်စည် တင်ပို့အားလုံးကိုလည်း တာဝန်ယူနေခြင်းဖြစ်သည့်အပြင် ရန်ကုန်မြို့နှင့် ကုန်တင်/ကုန်ချဆောင်ရွက်နေခြင်း လည်းဖြစ်ပါကြောင်း၊ တာဖြစ်ပါတယ်။ ဆန်စပါးနှင့် ပတ်သက်ပြီးတော့ သီလဝါဆိပ်ကမ်းတွင် ဆိပ်ကမ်းဧရိယာ ခုနှစ်နေရာရှိပါကြောင်း၊  ခုနှစ်နေရာတွင် တစ်နေရာမှာ ၃၇ ဧကနှင့် ၃၇ နေရာ သတ်မှတ်ထားပြီး  ကောက်ပဲသီးနှံ၊ ဆန်စပါးနှင့်ပတ်သက်ပြီးတော့ စုစုပေါင်း ငါးနေရာ သတ်မှတ်ထားပြီးဖြစ်ပါကြောင်း။  ယင်းနေရာသည် နောင်တစ် ချိန်တွင် နိုင်ငံတကာအတွက် Export ၊ Inport လုပ်မယ့် ဂရိုပေ့စ် သီးနှံများ တင်ပို့ရန်ဖြစ်ပါကြောင်း၊ ယခုကိုယ်စား လှယ်တော်ကြီးမေးမြန်းချက်နှင့်ပတ်သက်၍လည်း လမ်းမတော်ကမ်းနားဒေသအဆင့်မြှင့်တင်ရေး Master Plan တွင် ပါရှိထားပြီးဖြစ်ပါကြောင်း၊ Master Plan ၏ အဓိက ရည်ရွယ်ချက်သည် မြစ်တွင်းသွား၊ ပြည်တွင်း ခုတ်မောင်း ရေယာဉ်အားလုံးဆိုက်ကပ်ရန် ပြည်တွင်းသွား ခေတ်မီဆိပ်ကမ်းတစ်ခုဆောက်ရန်အတွက်ဖြစ်ပါကြောင်း၊ ယင်းဆိပ်ကမ်းတွင် Commodity Exchange Center ထည့်သွင်းရန်လည်း Master Planတွင် သတ်မှတ်ပါရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် Master Plan တင်ဒါခေါ်သည့်အချိန်တွင် အသင်း အဖွဲ့အနေနှင့် အဆိုပါနေရာကို  တင်ဒါခေါ်ယူရန် အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။