(ဂ)-မိုင်းရှူးမြို့တွင်လိုအပ်နေသောမီးသတ်ယာဉ်နှင့် မီးသတ်ရုံးအဆောက်အဦအတွက် ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ (၃.၂.၂၀၁၄)

မိုင်းရှူးမြို့နယ်သည် ကိုယ်ထူကိုယ်ထမီးသတ်ယာဉ်တစ်စီးသာရှိသည့်အတွက် လုံလောက်မှုမရှိသေးပါကြောင်း၊  ယခင် က ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော မီးသတ်အဆောက်အဦသည်လည်း ဟောင်းနွမ်းပျက်ဆီး နေပြီး ယာဉ်ဝင် ထွက်ခက်ခဲသော လမ်းကြားအတွင်းသို့ရောက်ရှိနေပြီး မီးသတ်ရုံးအဆောက်အဦအသစ် ဆောက်လုပ်ရန် မြေနေရာ ရရှိထားပြီးဖြစ်ရာ မီးသတ်ယာဉ်အသစ်တစ်စီး ထပ်မံချထားပေးရန်နှင့် မီးသတ်အဆောက်အဦအသစ် ဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင်‌့ ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက အဘယ်ကြောင့် ဆောင် ရွက်မပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၇ အုပ်စု၊ မြို့ပေါ်အိမ်ခြေ ၁၅၆၄ လုံးနှင့် မြို့ပေါ်လူဦးရေ ၂၂၄၄၆ ဦး၊ ဌာန ဆိုင်ရာ အဆောက်အဦး ၂၄ လုံးရှိပါကြောင်း၊ ယင်းမြို့နယ်တွင် ၁-၁-၂၀၁၃ ရက်နေ့မှ ၃၀-၁၁-၂၀၁၃ ရက်နေ့ထိ မီးလောင်မှု ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၄၃၄၀၀၀၀ ခန့်ဆုံးရှုံးခဲ့ပါကြောင်း၊ မိုင်းရှူးမြို့နယ် မီးသတ်စခန်းသည် မူလ ၃ ယူနစ် အဆင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ၁ ဦး၊ လက်ထောက် မီးသတ် ဦးစီးမှူး ၁ ဦး၊ မီးသတ်တပ်ကြပ်ကြီး ၃ ဦး၊ မီးသတ်တပ်ကြပ် ၃ ဦး၊ မီးသတ်ဒုတိယတပ်ကြပ် ၁ ဦး၊ မီးသတ်တပ်သား ၆ ဦး စုစုပေါင်းဝန်ထမ်း ၁၅ ဦးနှင့် မီးသတ်ယာဉ် ၃ စီးထားရှိရမည်ဖြစ်သော်လည်း လက်ရှိ လက်ထောက်မီးသတ်ဦးစီးမှူး ၁ ဦး၊ မီးသတ်ဒုတိယတပ်ကြပ် ၁ ဦး၊ မီးသတ်တပ်သား ၈ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် ဖောလ်မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ဟီးနိုး မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အီစူးဇူးမီးသတ်စက်ယာဉ် ၁ စီး၊ စုစုပေါင်းမီးသတ်ယာဉ် ၃ စီးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၅၇ ဦးတို့ဖြင့် မိုင်းရှူးမြို့နယ်၏ မီးဘေးကြိုတင်ကာ ကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းရှူးမြို့နယ် သည် ၃ ယူနစ်အဆင့် ဖွဲ့စည်းပုံခွင့်ပြုထားရှိပြီး စခန်းယူနစ်သတ်မှတ်ချက် အရထားရှိရမည့် မီးသတ်ယာဉ် ၃ စီး ထားရှိပြီးဖြစ်သောကြောင့် ယူနစ်သတ်မှတ်ချက်ပြည့်မီပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မီးသတ်ယာဉ် ၃ စီးအနက် ဖောလ်မီးငြိမ်း သတ်ယာဉ်ကို မိုင်းရှူးမြို့ပေါ် မီးသတ်စခန်းတွင်ထားရှိပြီး ကျန်ရှိသော ဟီးနိုးမီးသတ်ရေသယ်ယာဉ်နှင့် အီစူးဇူး မီးသတ်စက်ယာဉ်တို့ကို လုပ်ငန်းလိုအပ်ချက်အရ မိုင်းရှူးမြို့မှ ၁၉ မိုင်ဝေးသော လွိုင်‌ဆောင်ထောက်၊ မိုင်းရှူးရတနာမြေ တောင်ပေါ်တွင်ထားရှိပြီး မီးငြိမ်းသတ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃-၁၄ ခုဘတ်ဂျတ်တွင် ဝယ်ယူပြီးဖြစ်သော မီးသတ်ယာဉ်များမှ ၁ စီးအား ဖြည့်ဆည်းဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ မိုင်းရှူးမြို့နယ် မီးသတ်စခန်းကို မိုင်းရှူးမြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရားကြီးလမ်း၊ မြေဧရိယာ ၃.၃၅ ဧကပေါ်တွင် ၃၀x၆၀ ပေ သွပ်မိုး ယာယီအဆောက်အဦးရှိသော အရန်မီးသတ်စခန်းတွင် အခြေချဖွင့်လှစ်ထားရှိပြီး မိုင်းရှူးမြို့နယ် မီးသတ်စခန်းကို မိုင်းရှူးမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ပတ္တမြားမြို့ကွက်သစ်၊ ဘောလုံးကွင်းရပ်၊ ကွင်းအမှတ် (၄)တွင်ရှိသော မြေဧရိယာ ဝ.၉၅ ဧကပေါ် တွင် ဆောက်လုပ်ရန် မြေပေးမိန့် ရရှိထားပြီးဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မိုင်းရှူးမြို့နယ် မီးသတ်စခန်းအတွက် ၆၅x၅၂ ပေ ရှိသော နှစ်ထပ် မီးသတ်စခန်း အဆောက်အဦ ၁ လုံး၊ ၁၀၀x၄၀ ပေ ရှိသော လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းနေအိမ် ၁ လုံး တို့ကို ဆောက်လုပ်ပေးရန်နှင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး ဖြည့်တင်းပေးရန် ရှမ်းပြည်နယ်(တောင်ပိုင်း) မီးသတ်ဦးစီး ဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ၁၁-၁၀-၂၀၁၃ ရက်စွဲပါ စာအမှတ်ဖြင့် တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ၃၁-၁၀-၂၀၁၃ ရက်စွဲပါစာအမှတ်ဖြင့် ခန့်မှန်းခြေငွေ စာရင်း ရေးဆွဲ တင်ပြထားပြီး ခွင်‌့ပြုမိန့်ရရှိပါက ဖြည့်ဆည်း ဆောက်ရွက်ပေး မည် ဖြစ်ပါကြောင်း ၊နိုင်ငံတော်အတွင်း မီးဘေးလုံခြုံရေး သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် မြို့နယ်တိုင်းတွင် ဦးစီးအရာရှိဦးစီးသော အင်အား ၉ ဦး ပါဝင်သော မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး ၁ ရုံးနှင့် ဒုတိယမီးသတ်ဦးစီးမှူးဦးစီးသော အင်အား ၂၈ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးနှင့် မီးသတ်စက်ယာဉ် ၁ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၄ စီး ပါဝင်သော မြို့နယ် မီးသတ်စခန်း ၁ ခုတို့ဖြင်‌့ တာဝန်ချထားသွားရန်အတွက် နိုင်ငံတော်ကို ဖွဲ့စည်းပုံခွင့်ပြုမိန့် တင်ပြတောင်းခံခဲ့ရာ ၂၆-၁၂-၂၀၁၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၁၃) ဖြင့် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်နှင့်အညီ မိုင်းရှူးမြို့နယ် မီးသတ်စခန်း၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရေးအတွက် ဘဏ္ဍာငွေခွင့်ပြုမိန့် တင်ပြတောင်း ခံဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။