စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့နယ် ခွဲသည် အထူးခက်ခဲသည့်ဒေသဖြစ်သည့်အတွက် လစာနှစ်ဆ ခံစားခွင့်ရ ရှိသော ဒေသလည်းဖြစ်ပါကြောင်း၊ ယခင် နိုင်ငံတော်အကြီးအကဲများက ဗန်းမော်ချိုင့်ဝှမ်းဖွံ့ဖြိုးတိုး တက်ရေး အထူးစီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့တဲ့ ဒေသလည်းဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ်ကဆောင် ရွက်ခဲ့ကြသော ပလနမ တည်ဆောက်ခဲ့ကြသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦးများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် အဖြစ်သတ်မှတ်၍ မြို့သစ်မြို့နယ်ခွဲရှိ ဌာနဆိုင်ရာဝန်ထမ်းများကို နေထိုင်ခွင့်ပေးထားပါကြောင်း၊ သို့သော် အဆောက်အဦများသည် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်လာပြီဖြစ်ခြင်းကြောင့် အမိုးများ မလုံခြင်း၊ ကြမ်းခင်းများ အောက်သို့ နိမ့်ကျခြင်းများ ကြုံနေကြပါကြောင်း၊ မိုးတွင်းအခါကာလများတွင် ပလပ်စတစ်များ ကာရံပြီး နေရတဲ့အဆင့်မျိုးရှိလာသည့်အတွင် ဝန်ထမ်းများက အိမ်ခြေ အဆောက်အဦ များကို ပြန်လည် ပြင်ဆင်လိုပေးစေလိုပါကြောင်း၊ ပြင်ဆင်မည်ဆိုပါကလည်း အကြီးစားပြင် ဆင်မှုများ ပြုလုပ်လုပ်ရမည်ဖြစ်ခြင်းကြောင့် ထပ်မံ၍ အသစ်ဆောက်လုပ်ပေးခြင်းသည်သာ ပိုမို သင့်လျော် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း စားသောက်နေထိုင်ရေး အင်မတန်ခက်ခဲသည့်အပြင် ဖွံ့ဖြိုးမှုနောက် ကျခဲ့သော ဒေသခံပြည်သူတွေများကလည်း အဆိုပါဝန်ထမ်းများကို ၎င်းတို့ဒေသတွင် အဆင်ပြေ စွာနေထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများကို သက်ဆိုင်ရာအဖွဲ့အစည်း များမှ ပြန်လည်ဆောက်လုပ်ပေးစေ လိုကြောင်း၊ ထို့ကြောင့် မြို့သစ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ အဆောက်အဦးများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်စီမံချက်များ ချမှတ်ပြီး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သို့စီမံဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ ဇယား (၁)၊ ပုဒ်မ ၁၈၈ ၊ဇယား(၂)တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးရုံး၏ ၂၀၁၁ ခုနှစ်၊ စက်တင် ဘာလ ၁၅ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ရန်ဖြစ်ခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရှစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရသုံးငွေစာရင်းများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်/ မြို့နယ်ခွဲအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၏ ရသုံးငွေစာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးတမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိနေအိမ် နှစ်ခန်းတွဲ ဆောက်လုပ်ခြင်း လုပ်ငန်း အတွက်ကို ငွေကျပ် ၁၁.၅၂ သန်းဖြင့်လည်းကောင်း၊ တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ နေအိမ်ဆောက်လုပ်ခြင်းလုပ်ငန်း အတွက်ကို ငွေကျပ် ၁၀.၉၂ သန်း၊ တမူးမြို့နယ် ဒုတိယဦးစီးမှူးနေအိမ် သုံးခန်းတွဲဆောက်လုပ်ခြင်း လုပ်ငန်းအတွက်ကို ငွေကျပ် ၁၇.၂၈၀ သန်းဖြင့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၃-၁၄ ခုနှစ်ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၉၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းအတွက်ကို တမူးမြို့နယ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းအသုံးစရိတ် တင်ပြတောင်းခံထားမှုမရှိခြင်းကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်း REတွင် ထည့်သွင်းတောင်းခံစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အလားတူ ဆောင်ရွက် ရမည့် ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲများကို လည်းနှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
