ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်သည် ကျန်းမာရေးမြှင့်တင်မှု လုပ်ဆောင်မှုကဏ္ဍတွင် အလွန် အားနည်လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရသည် တိုင်းရင်းဆေးပညာအခန်းကဏ္ဍကို အားပေး မြှင့်တင်ပေးလျက် ရှိသည့်အတွက် ကျေးသီးမြို့နယ်အတွင်း တိုင်းရင်းဆေးပေးခန်းတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုင်းရင်းဆေးပညာ ဝန်ထမ်းစေလွှတ် ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဖြင့် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်မှုကို ၂၀၁၁-၁၂ ခုနှစ်မှစတင်၍ အမျိုးသားစီမံကိန်း ရည်မှန်းချက်များဖြင့် စနစ်တကျစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်တွင် ၂၀၁၄-၁၅ ခုနှစ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးခန်းများဖွင့်လှစ်ရန် အစီအစဉ် မရှိသေးသော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ၍ ဖွဲ့စည်းပုံနှင့် ဘဏ္ဍာငွေခွင့်ပြုချက် တောင်းခံပြီး မြေနေရာကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
