(ခ)-ပျူမြို့ဟောင်း(၃)မြို့အား ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းမြင့်မားမှုများ ကျန်ရစ်အောင် မျိုးစေ့ချပေးခဲ့ခြင်း ဆိုင်ရာမေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၇.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံ၏ ရှေးပျူမြို့ဟောင်း ၃ မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့တို့အား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်သတင်းကို ၂၅-၆-၂၀၁၄ ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင်တွေ့ရှိရပါကြောင်း၊ အဆိုပါသတင်း၏ စာပိုဒ်တစ်ပိုဒ်တွင် ပျူမြို့ဟောင်း ၃ မြို့တို့သည် ပုဂံခေတ်အား မြန်မာ့လက်ရာမြောက်မှုနှင့် ဘာသာသာသနာ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းမြင့်မားမှုကျန်ရစ်အောင် မျိုးစေ့ချပေးနိုင်ခဲ့သည်ဟု ရေးသားထားခြင်းသည် မိမိ သိရှိ ထားသည့် အကြောင်းအရာ ဖြစ်စဉ်များတို့နှင့် ကွဲလွဲနေပါသဖြင့် တိကျခိုင်လုံသော အဖြေမှန်ကို သိရှိလိုပါကြောင်း၊  ပုဂံပြည်၏ ဗုဒ္ဓဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံ အမွေအနှစ် တို့သည် သုဝဏ္ဏဘူမိ သထုံပြည် မွန်တို့ဌာနီမှ ရရှိခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံထား ရှိပြီးမှသာလျှင် ဖွံ့ဖြိုးတိုးတက်လာခြင်းကို ရှေးဟောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရှိထားပါ ကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ကြေးမုံသတင်းအရ ပုဂံခေတ်ယဉ်ကျေးမှုသည် ပျူ သုံးမြို့မှ မျိုးစေ့ချခဲ့သည်ဟု ညွှန်းဆိုရေးသားထားပါသဖြင့် တင်ပြပါသမိုင်းတွေ့ရှိချက် အထောက် အထားများတို့နှင့် မတူကွဲပြားခြားနားမှုရှိကြပါ၍ အဆိုပါမတူညီသည့် အချက်နှစ်ချက်အနက် မည်သည့်အချက်က မှန်ကန်သည်ကို ဦးစွာ သိရှိလိုပါကြောင်း၊

ဒုတိယမေးခွန်းအနေဖြင့် ပုဂံပြည်ရှိ ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရှေးဟောင်းစေတီပုထိုး အဆောက်အဦများ၊ ယဉ်ကျေးမှုအနုပညာလက်ရာအမွေအနှစ်များ၊ ကျောက်စာများတို့သည် ပျူမြို့ ဟောင်း ၃ မြို့မှ မျိုးစေ့ချခဲ့သော အမွေအနှစ်များဖြစ်သည်ဟုဆိုပါလျှင် မှန်ကန်ခြင်းရှိ/မရှိနှင့် အဆိုပါ ပုဂံပြည်ရှိ ရှေးဟောင်းစေတီပုထိုးကျောင်းများနှင့် ယဉ်ကျေးမှုအနုပညာလက်ရာ အမွေအနှစ်များ၊ ကျောက်စာများတို့သည် သုဝဏ္ဏဘူမိ သထုံပြည် မွန်တို့ယဉ်ကျေးမှုကို အခြေခံ၍ ရရှိလာသော ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်ဟု ဆိုပါလျှင် မှန်ကန်ခြင်းရှိ/မရှိ၊ ပျူမြို့ဟောင်း ၃ မြို့တို့သည် ပုဂံခေတ်အား ဘာသာသာသ နာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ အဆင့်အတန်းမြင့်မားမှု ကျန်ရစ်အောင် မျိုးစေ့ချခဲ့ခြင်း ဆိုသည့် ကိစ္စသည် မှန်ကန်မည်ဆိုပါက (က) ပုဂံခေတ်သည် ယဉ်ကျေးမှုအမွေအနှစ်များ အဆင့်မြင့် မားနေရန် လိုအပ်မည်ဖြစ်ပါသော်လည်း အနော်ရထာမင်းလက်ထက်အထိ ပုဂံပြည်ကို အရည်းကြီး ရဟန်းအယူဝါဒများ အဘယ်ကြောင့် လွှမ်းမိုးခြင်းခံနေရပါသနည်း။ (ခ) ပုဂံပြည့်ရှင် အနော်ရထာမင်း ကြီးသည် သထုံပြည်မှ ကြွရောက်လာသော အရှင်အရဟံအမည်ရှိ မွန်ရဟန်းတော်ထံမှ ဗုဒ္ဓဘာသာ အယူဝါဒအဆုံးအမများတို့ကို လက်ခံရယူရန် အဘယ်ကြောင့် လိုအပ်ပါဦးမည်နည်း။ (ဂ) ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် ပိဋကတ်တော် အစုံ ၃၀ နှင့် စာပေပရိယတ္တိများ၊ ယဉ်ကျေးမှုအနုပညာများ၊ ပန်း ၁၀ မျိုးပညာရှင်များ အစရှိသော အမွေအနှစ်များတို့ကို သထုံပြည့်ရှင် မနူဟာမင်းထံ တိုက်ခိုက် သိမ်းယူရန် အဘယ်ကြောင့်လိုအပ်ပါဦးမည်နည်း အစရှိသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါ သည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းဆွေ
အဖြေ
ဖြေကြားချက် 

ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးလက်ထက်တွင် ရှင်အရဟံ ခေါ် မွန်ရဟန္တာမထေရ်သူမြတ်နှင့်တွေ့ပြီး ဗုဒ္ဓ၏အဆုံးအမများကို နာယူခဲ့ခြင်း၊ သထုံမှ ပိဋကတ်တော်သုံးပုံရရှိခဲ့ခြင်းတို့ကြောင့် ပုဂံပြည်သည် ထေရဝါဒ ဗုဒ္ဓသာသနာ စာပေယဉ်ကျေးမှုတိုးတက်စည်ကားလာသည်မှာ လွှတ်တော်ကိုယ်စားလှယ် တော်ကြီး တင်ပြသကဲ့သို့ မှန်ကန်ပါကြောင်း၊  ပုဂံပြည်တွင် ယခင်အဆက်ဆက်မင်းများ လက်  ထက် ကတည်းက ရိုးရာယဉ်ကျေးမှုများ ထွန်းကားနေပြီဖြစ်သော်လည်း သုဝဏ္ဏဘူမိ သထုံပြည်၏ အမွေ အနှစ်ကြောင့် ပိုမိုထွန်းကားစည်ကားလာသည်ဟုဆိုပါက ပိုမိုမှန်ကန်မည်ဟု ဆိုလိုချင်ပါကြောင်း၊ မိမိအနေဖြင့် တင်ပြလိုသည်မှာ မျက်မှောက်ခေတ်ကာလ၏ ယဉ်ကျေးမှုဖြစ်စဉ်တို့၏ ဝိသေသနှင့် လက္ခဏာ (Cultural Significance and Identity) ကိုဖော်ထုတ် အဓိပ္ပာယ်ကောက် ယူရာ တွင် ရှေးဟောင်းသမိုင်းမှတ်တမ်းတို့သာမက ရှေ့ဟောင်းသုတေသနနည်းလမ်းတို့ဖြင့် ရှာဖွေဖော်ထုတ် တင်ပြသည့်အခါ ပိုမိုတိကျပြီး ခိုင်မာသည့်အဓိပ္ပာယ်ဖော်ညွှန်းချက်တို့ကို ရရှိလာမှာဖြစ်ပါကြောင်း၊

ပျူမြို့ဟောင်းသုံးမြို့ကို လေ့လာသုံးသပ်ရာတွင် ရှေးဟောင်းသုတေသနဆိုင်ရာများ စူးစမ်းလေ့ လာခြင်း (Studies on Archaeological Evidence) နှင့် စာပေမှတ်တမ်းအထောက်အထားဆိုင်ရာ လေ့လာခြင်း (Studies on Historical, Chronological, Written Record) တို့နှင့် လေ့လာသုံးသပ် ပါကြောင်း၊ ရှေးဟောင်းသုတေသဆိုင်ရာ လေ့လာသုတေသနပြုမှုကြောင့် တွေ့ရှိခဲ့ကျွန်းကျန် ရုပ်ဝတ္ထု အထောက်အထားများ (Tangible Evidence) အရလည်းကောင်း၊ တောင်အာရှ (South Asia)နှင့် အရှေ့တောင်အာရှ (Southeast Asia) ဒေသတို့မှာ တွေ့ရှိသော ကြွင်းကျန်ရစ်သော ဝတ္ထု ပစ္စည်း များနှင့် နှိုင်းယှဉ်ဆက်စပ်၍လည်းကောင်း၊ သိပ္ပံနည်းကျခေတ်မီသက်တမ်းတွက်ချက်မှုအရ လည်း ကောင်း ပျူမြို့ဟောင်းများသည် (က) ခရစ်နှစ်မတိုင်မီ ၂ ရာစုမှ ခရစ်နှစ် ၉ ရာစုအကြား မြို့ပြ ယဉ်ကျေးမှုထွန်းကားခဲ့ခြင်း၊ (ခ) အိန္ဒိယနိုင်ငံရှိ ပွင့်ထွန်းပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာ ယုံကြည် ကိုးကွယ်မှုကို လက်ခံခဲ့ခြင်းနှင့် ဗုဒ္ဓယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံတို့ကို လက်ခံကျင့်သုံးခဲ့ခြင်း၊ အရှေ့ အာရှနှင့် အရှေ့တောင်အာရှတို့သို့ ပြန့်ပွားပျံ့နှံ့ရောက်ရှိစေခြင်း၊ (ဂ) ဗိသုကာအနုလက်ရာတွင် မိမိတို့ ရှိရင်စွဲ နည်းပညာနှင့် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာလက်ရာ၊ အနုပညာလက်ရာတို့ကို ပေါင်းစပ်၍ ထူးခြားဆန်းသစ်လှသော ဟန်၊ လက်ရာတို့ကို ဖန်တီးနိုင်ခဲ့ခြင်း၊ (ဃ) အိန္ဒိယနိုင်ငံသုံး ဗြဟ္မီဆင့်ပွားအက္ခရာကိုအသုံးပြုပြီးတော့ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတို့ကို ရေးသားအသုံးပြု ခြင်းနှင့်အတူ ဖော်ပြပါဗြဟ္မီဆင့်ပွားအက္ခရာတို့ကို မူတည်၍ ပျူအက္ခရာနှင့် ပျူဘာသာတို့ကို တီထွင်ဖန်တီးနိုင်ခဲ့ခြင်း၊ (င)ရှေးဟောင်းသုတေသနဆိုင်ရာ အထောက် အထားများကို ခေတ်ပြိုင် တရုတ်မှတ်တမ်းများနှင့် နှိုင်းယှဉ်လေ့လာရာမှာ တိုက်ဆိုင်ဆက်စပ်လျက်ရှိခြင်း အထက်ဖော်ပြပါ အထောက်အထားများ၏ ကျိုးကြောင်းဆက်စပ်ဖော်ပြချက်များအရ ပျူယဉ်ကျေးမှု (ဝါ) ပျူမြို့ဟောင်း သုံးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်ကာလ၌ ဘာသာ၊ စာပေ၊ ကိုးကွယ်မှု၊ ဓလေ့ထုံးစံ၊ ဗိသုကာ၊ အနုပညာ၊ အတတ်ပညာ အတတ်ပညာတို့သည် ဗုဒ္ဓဘာသာနှင်‌့ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံကာ မြို့ပြမြို့ဟောင်းများဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်များအရ ကိုက်ညီမှုရှီတဲ့အတွက် ထိုပျူမြို့ဟောင်းများအနက်မှ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ် ညီလာခံက ကမ္ဘာ့အမွေအနှစ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်ပါကြောင်း၊ ပျူမြို့ဟောင်းများရှိ ဗိသုကာလက်ရာများနှင့် ပုဂံခေတ်အစောပိုင်း ကာလ ဗိသုကာအနုလက်ရာများဟာ တစ်ခုနှင့်တစ်ခု ဆင့်ပွားကူးလူးဆက်ဆံနေခြင်းများကို တွေ့ရှိရပါကြောင်း၊  ကိန်းဘရစ်တက္ကသိုလ် က အာရှနှင့် အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်မှု ပညာရှင် ပါမောက္ခ Professor Dr.Janic Stargardt, Sidny Sussex College, University of Cambridge ကလည်း ပျူယဉ်ကျေးမှုသည် ပုဂံခေတ်ယဉ်ကျေးမှုဖြစ်တည်တိုးတက်မှု၊ ဖွံ့ဖြိုးမှုအတွက် အရေး ပါကြောင်းကို ထောက်ခံပြောကြားခဲ့ပါကြောင်း၊

အနော်ရထာခေတ်မတိုင်မီကတည်းက ပုဂံဒေသတွင် ပျူဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဗိသုကာ၊ အနုပညာလက်ရာများ ရှိသည်မှာလည်း သမိုင်းအထောက်အထားများအရ တွေ့ရှိနိုင်ပါကြောင်း၊ အဆိုပါသမိုင်းဝင် အထောက်အထားများသည် ပုဂံနှင့်ပျူ ကောင်စွာဆက်စပ်နေကြောင်းကို ပညာ ရှင်အသီးသီးတို့က လေ့လာဆန်းစစ်တင်ပြပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဂံဒေသတွင် တွေ့ရှိသော ပျူ၊ မွန်၊ မြန်မာ တို့၏ ပေါင်းစပ် ဖွဲ့စည်းတည်ထားသော ယဉ်ကျေးမှုဆိုင်ရာ သက်သေ သာဓကများ သည် ပုဂံ ယဉ်ကျေးမှုမြင်ကွင်းအတွက် အရေးပါသည့်အချက်ဟု သတ်မှတ်နိုင်ပါကြောင်း၊ ရှေးဟောင်းသမိုင်း မှတ်တမ်းများတွင် ဖော်ပြချက်များကို ရှေးဟောင်းသုတေသန အထောက်အထား များဖြင့် ပိုမိုပြည့်စုံစွာ ပုံဖော်တည်ဆောက်ခြင်းဖြင့် သက်ဆိုင်ရာယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုကို ဖန်တီးခဲ့သော လူမှုအဖွဲ့ အစည်း၏ ကြီးကျယ်မှု၊ တီထွင် ဖန်တီးမှု စွမ်းအားကို ပိုမိုသိရှိနားလည်နိုင် မည်ဟု တင်ပြလိုပါကြောင်း၊ ထို့ကြောင့် ပုဂံခေတ် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့သည် ယဉ်ကျေးမှုနှင့် ပျူလူမျိုးများ က ပါဝင်၍ မျိုးစေ့ချခဲ့သည်ကို ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများက ထောက်ခံ ညွှန်ပြလျှက်ရှိသည်ကို တင်ပြလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 နောက်ဆုံးမေးခွန်းနှင့်စပ်လျဉ်းပြီး ပျူမြို့ဟောင်းနှင့် ပျူယဉ်ကျေးမှုသည် ပုဂံခေတ်ဦးကာလ အစောပိုင်းတွင် ပုဂံခေတ်၏ ဘာသာ၊ သာသနာနှင့် ဗိသုကာအနုပညာများ၊ ယဉ်ကျေးမှု အမွေ အနှစ်များကို အနေအထားတစ်ခုအထိအဆင့်မြင့်စေရန် အတူတကွ ဆောင်ရွက်ခဲ့ကြသော်လည်း နှစ်ကာလ ကြာမြင့်လာသောအခါ အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် ဗုဒ္ဓဘာသာသည်ပင် အခြားဝါဒများနှင့် ရောထွေးယှက်တင်ပြီး ပုဂံပြည်တွင် လည်း အရည်းကြီးရဟန်းများ၏အယူဝါဒ လွှမ်းမိုးခဲ့ရခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့်ပင် အနော်ရထာမင်းကြီးသည် ရှင်အရဟံရ၏ ဗုဒ္ဓအဆုံးအမတရားတော်ကို နာယူပြီး သထုံကိုတိုက်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုများကို ယူခဲ့ခြင်းဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ ပျူမြို့ ဟောင်းသုံးမြို့အား UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ပုဂံခေတ် ဗုဒ္ဓဘာသာ စတင်ဖွံ့ဖြိုးမှုကို ပိုမို အားပြု‌စေသော အထောက် အကူပြုအချက်အလက်များ ရရှိရေး အတွက် မြန်မာသမိုင်းအဖွဲ့ပညာရှင်များ၊ ရှေးဟောင်း သုတေသနဆိုင်ရာ အတွေ့အကြုံရှိသူများ၊ သုဝဏ္ဏဘူမိယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံရှိသူများ၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသီ များနှင့် စိတ်ပါဝင်စားသူများ၊ လွှတ်တော်ကိုယ်စား လှယ်တော်ကြီးများအား ဖိတ်ကြားပြီးတော့ ဆွေးနွေး ပွဲပြုလုပ်ပြီး အကူအညီ ရယူ ဆောင်ရွက် ပေး သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။  

ဦးလှမောင်(ချောင်းဆုံ) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပထမတစ်ချက်က ပုဂံခေတ်၏ ယဉ်ကျေးမှုများသည် ပျူယဉ်ကျေးမှုမှဖြစ်တည်တိုးတက်လာသည်ဟု လည်းကောင်း၊ သုဝဏ္ဏဘူမိ မွန်တို့ဌာနီမှရရှိသည်ဟုလည်းကောင်း ဖြေကြားပါကြောင်း၊  နံပါတ်(၂) ပုဂံခေတ်ယဉ်ကျေးမှုတို့သည် ပျူယဉ် ကျေးမှုမှ ရာခိုင်နှုန်းမည်မျှအခြေခံသည်၊ သုဝဏ္ဏဘူမိ ယဉ်ကျေးမှုကို မည်မျှအခြေခံသည်ဆိုတော့ မေးခွန်းကို ဖြေကြားနိုင်မည်ဆိုပါက ဖြေကြားပေးစေ လိုပါ ကြောင်း၊  အကယ်၍ သုဝဏ္ဏ ဘူမိ မွန်တို့ဌာနီမှ ၅၀ ရာခိုင်နှုန်းအခြေခံသည် ဆိုပါက ပုဂံ ယဉ်ကျေးမှု တိုးတက်ခြင်းသည် ပျူရော မွန်တို့၏ ယဉ်ကျေးမှုကိုပါ အခြေခံခဲ့သည်ဟု ဆိုနိုင် ပါခြင်းရှိမရှိ၊ နောက်တစ်ချက်ကတော့ သို့တည်းမဟုတ် သုဝဏ္ဏဘူမိ မွန်တို့ဌာနီမှ ရရှိခဲ့သည့် ယဉ်ကျေးမှုသည် ပိုမိုများပြားနေမည်ဆိုပါက ပုဂံယဉ်ကျေးမှုသည် မွန်ကျေးမှုတို့ကို အခြေခံ၍ ရရှိပါသည်ဟု ဆိုနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းထပ်ဆင့်မေးမြန်းပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး     ဦးသန်းဆွေ

ပထမမေးခွန်းကို ဖြေကြားရန် လိုအပ်ခြင်းမရှိဟု ထင်မိပါကြောင်း၊ ဒုတိယမေးခွန်းဖြစ်သည့် ပျူယဉ်ကျေးမှုအခြေခံ စံနှုန်းကို ရာခိုင်နှုန်း တွက်ရမည်ဆိုပါက လွယ်ကူခြင်းမရှိပါကြောင်း၊ နံပါတ်(၃)နှင့် (၄)ကို ပေါင်းစပ်ဖြေရ မည်ဆိုပါက သုဝဏ္ဏဘူမိကို မတိုက်ခင်ကတည်းက ပုဂံသည် သူ့ဘာသာ၊ သာသနာနှင့် သူ့ယဉ်ကျေးမှုရှိပါကြောင်း၊ ထို့ကြောင့် ပုဂံပြည်၏ ရှိရင်း ယဉ်ကျေးမှုနှင့် သုဝဏ္ဏဘူမိမှ မွန်တို့၏ ယဉ်ကျေးမှု ပေါင်းစပ်ပြီး ပုဂံသည် ပိုပြီးတိုးတက်လာသည်သာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။