(ဃ)-လဲချားမြို့နယ်ပြည်သူ့ဆေးရုံအား အဆင့်မြှင့် ၂၅ ခုတင်ဆံစံကိုက်ဆေးရုံအဖြစ်သို့တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၅.၃.၂၀၁၄)

ဦးစိုင်းမောင်တင် (လဲချား)လဲချားမြို့နယ် ပြည်သူ့ဆေးရုံသည် ယခင်ရှမ်းစော်ဘွားများခေတ်က တိုက်နယ်ဆေးရုံ အဖြစ် တည်ရှိခဲ့ပြီး တိုက်နယ်ဆေးရုံမှ ၁၆ ခုတင်ဆံ့ဆေးရုံအဖြစ် ၎င်းမှတစ်ဆင့် ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်ဆင့် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု များ ပေးလျက်ရှိပါကြောင်း၊ သို့သော် ပင်မအဆောက်အအုံကြီးသည် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေခန့် ရှိပြီး အဆောင် (၂) ဆောင်သည်လည်း ဟောင်းနွမ်းနေပြီဖြစ်ပါကြောင်း၊  လူနာများအား ဆေးကုသရာတွင် အဆောက်အအုံနေရာအခက်အခဲရှိသဖြင့် ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံအဖြစ် ရရှိရေးဆောင်ရွက်ပေးရန် မြို့နယ်ဖွံ့ဖြိုးရေးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ လွိုင်လင်ခရိုင် ရှိ ပြည်ထောင်စုဝန်ကြီးများမှတဆင့် ရှမ်းပြည်နယ်အစိုးရ တင်ပြခဲ့သော်လည်း လဲချားမြို့နယ် ပြည်သူ့ဆေးရုံကို အဆင့်မြင့် ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံအဖြစ် ပြောင်း လဲတိုးမြှင့်ပေးရန် ၂၀၁၄-၁၅ ဘတ်ဂျက်နှစ် စာရင်းတွင် မပါရှိသောကြောင့် ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် သီးခြား ရန်ပုံငွေဖြင့် ထည့်သွင်းဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား စံကိုက်ဝန်ထမ်းအင်အား ၅၅ ဦးပါသော ဖွဲ့စည်းပုံအဖြစ် ၁၅-၁၁-၂၀၀၄ ရက်စွဲပါ စာအမှတ်၊ စမ-၁/ဖစခ(၂၅) ၀၇၄ အရ ခွင့်ပြုမိန့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ လဲချားမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား အဆင့်မြင့်တင်ပြီး ၂၅ ခုတင်ဆံ့ စံကိုက်ပြည်သူ့ဆေးရုံ အဖြစ်သို့ ပြောင်း လဲရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် လျာထားချက်တွင် ပါဝင်ခြင်းမရှိပါသဖြင့်ဆောက် ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာဒေသန္တရ စီမံကိန်းများတွင် ပါဝင်နိုင်ရန်အတွက် ဆောင်ရွက်နိုင် ပါကြောင်း ဖြေကြားပါသည်။