(က)-နိုင်ငံတော်အတွင်း လယ်ယာမြေ ဆုံးရှုံးမှုကိစ္စများနှင့် အခြေခံလူတန်းစားများ အတွက် အရစ်ကျပေးချေသည့် တိုက်ခန်းကိစ္စများ မည်သို့ စီစဉ်ထားသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၇.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ယခင်ကာလများက လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရပြီး ယနေ့ မြေယာမရှိဖြစ်နေသော လယ်သမားများ အရေးကို ဖြေရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအစိုးရ အနေဖြင့် နည်းမျိုးစုံကြိုးစား ဖြေရှင်းဆောင်ရွက်ပေးနေပါသော်လည်း မိမိတို့မြို့နယ်များတွင် နှစ်ဦးနှစ်ဖက် လျော်ကြေးပေးခြင်းများလွဲ၍  အခြား ထူးခြားမှုများ မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲသို့ အခြေအနေများနှင့် ပတ်သက်၍ လက်တွေ့အခြေအနေကို လေ့လာကြည့်ပါက ဗဟိုက မြို့နယ်ကို စိစစ်တင်ပြရန် ညွှန်ကြားသော်လည်း အောက်ခြေတွင် စိစစ်မှုအားနည်းခြင်း၊ မှန်ကန်စွာ ပြန်လည်တင်ပြမှု မရှိခြင်း၊ အဖွဲ့အစည်းအမည်ခံပြီး တရားဥပဒေနှင့် ညီညွတ်စွာ ဆောင်ရွက်မှု မရှိခြင်းများတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပုံမှန်ရုံးလုပ်ငန်းပိုင်း ဗဟိုအပိုင်းနှင့် စာဖြင့် အောက်ခြေသို့ ဆက်သွယ်မေးနေသမျှအချိန်ထိ မမှန်မကန်တင်ပြခြင်းမျိုးကို ကြုံတွေ့နေရဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယုံကြည်စိတ်ချရသော အဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးရန် ဆုံးဖြတ်ရန် လိုအပ် နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများ ကျေနပ် မျှတမှုရှိစေရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊

 ဒုတိယအချက် အနေဖြင့် တိုးပွားလာသော နိုင်ငံ၏လူဦးရေ၊ စီးပွားရေးအရ ကျေးလက်ဒေသကနေ မြို့ပေါ် တက်လာသည့် လူဦးရေ တိုးပွားလာခြင်းကြောင့် ကျူးကျော်နေထိုင်နေရသူများကိစ္စကိုလည်း မည်သို့ဖြေရှင်းဆောင်ရွက်ပေးရန် စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း၊

 တတိယ အချက်အနေဖြင့် ပြည်ထောင်စုအစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုးများ၊ တန်ဖိုးသင့် အိမ်ရာများသည် အခြေခံလူတန်းစားများအတွက် မည်သို့မျှ မတတ်နိုင်ခြင်း၊ လက်သင့်ရာပေးနေခြင်းများ ရှိနေခြင်းများကြောင့် လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသည့် လက်ရှိ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အစရှိသည့် နိုင်ငံ့ဝန်ထမ်းများကို လစဉ်အရစ်ကျ ပေးသွင်း ရသည့် စနစ်မျိုးဖြင့် စီစဉ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက မည်သို့ ဖြေရှင်းပေးရန် စီစဉ်ထားသည့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
အဖြေ
ဖြေကြားချက် 

ပထမ မေးခွန်းဖြစ်သည့် လယ်ယာမြေဆုံးရှုံးမှုကိစ္စများနှင့်ပတ်သက်ပြီး မြစ်သစ် စီမံကိန်း အကောင် အထည်ဖော်နိုင်ရန် လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက် ခဲ့ရပြီး တည်ဆောက်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြို့ပြစီမံကိန်းများ ဖော်ထုတ်စဉ် ကာလတွင်လည်း မြေပေါ်ရှိလူနေထိုင်မှုရှိသော အဆောက်အဦ၊ လယ်တဲ၊ ကျူးကျော်တဲ များကို နေထိုင်မှုအဆင်ပြေစေရန် (၂၀ ပေ x ၆၀ ပေ) (၄၀ ပေ x ၆၀ ပေ) မြေကွက်များ မြေစည်ပင် စရိတ် အခမဲ့ဖြင့်လည်းကောင်း၊ မြေစည်ပင် စရိတ်ပေးသွင်းခြင်းဖြင့် လည်းကောင်း၊ ပြန်လည်နေရာချ ထားပေးခဲ့ပါကြောင်း၊ အချို့ဒေသများတွင် စိုက်ပျိုးခြင်းမရှိသောမြေ လယ်ဧက ၁ ဧက လျှင် ကျပ် ၁၀၀၀၀ နှုန်း စိုက်ပျိုးထားသောလယ်မြေ ၁ ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် နစ်နာကြေး/ လျော်‌ကြေး ပေးခဲ့သည့်အချိန်က ကာလပေါက်ဈေးထက်ကျော်လွန် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မြို့သစ် အတွင်းရှိ ကျေးရွာများအား မြို့ကွက်အဆင့်မြှင့်တင်ဖော်ထုတ်ပေးခဲ့ပြီး အဆိုပါနေရာများမှာပင် ကျေးရွာရှိ အိမ်ခြေများအား စနစ်တကျအကွက်ရိုက်၍ ပြန်လည်နေရာချထားပေးခဲ့ပါကြောင်း၊ မြို့သစ်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် စက်မှုမြို့/စက်မှုဇုန်များ တည်ဆောက် ပေးခဲ့ခြင်းများအပြင်  လူမှုရေးအဆောက်အအုံများကိုလည်း ပြည်သူများ ကျေနပ်မျှတမှုရှိအောင် တည်ဆောက် ပေးခဲ့ပါကြောင်း၊ ယခုအချိန်ထိ မိမိတို့အဖွဲ့အနေဖြင့် အောက်ခြေအထိကွင်းဆင်းပြီး ပြည်သူများ၏ လိုအပ်ချက်များကို အမှန်တကယ် အဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

ဒုတိယမေးခွန်းဖြစ်သော နေထိုင်ရန် မြေပိုင်ဆိုင်မှုမရှိသူများဆိုသည်မှာ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့သို့ အလုပ်အကိုင်ရှာဖွေရင်း ပြောင်းရွှေ့လာကြသော ကျူးကျော် မိသားစုများနှင့် ရန်ကုန်မြို့တွင် ကျူးကျော်တဲအိမ်များအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် မိသားစုများဖြစ်ပါကြောင်း၊ ထိုသို့ အနေကြာ ကျူးကျော်တဲအိမ်များစာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ စာရင်းကောက်ယူလျက်ရှိသည့်အပြင် အငှားချပြည်သူ့အိမ်ရာစနစ်ကိုလည်း  အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

တတိယမေးခွန်းဖြစ်သည့် တိုက်ခန်းများကို အခြေခံလူတန်းစားများအတွက် လစဉ်အရစ်ကျ ပေးသွင်းသည့်စနစ်မျိုး စီစဉ်ထားခြင်းရှိ/မရှိနှင့်ပတ်သက်၍ လစဉ်ဝင်ငွေပုံမှန်ရှိသော အလုပ်အကိုင် ရှိသူတိုင်း အကျုံးဝင်မည့် တစ်ဦးချင်းဝင်ငွေ စုဆောင်းမှုစနစ် (Myanmar Provident Fund) ကို ထူထောင်ရန်နှင့် ဝင်ငွေနည်းသော အခြေခံလူတန်းစားများ ဝယ်ယူနိုင်စွမ်းရှိသည့် တန်းဖိုးနည်း အိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လစဉ်အရစ်ကျဖြင့် နှစ်ရှည် ပေးသွင်းနိုင်ဝယ်ယူသည့်စနစ်ကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (Construction and Housing Development Bank) မှ အသေးစိတ်တွက်ချက်ပြီး စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။