(ဂ)-ပြည်သူများ၏ကျန်းမာရေးကြိုတင်ကာကွယ်နိုင် ရန်နယ်လှည့်ကုသခြင်း၊ ရောဂါရှာဖွေခြင်း၊ ဆေး ဝါးဖြန့်ဖြူူးခြင်း၊ပညာပေးခြင်းလုပ်ငန်းများကိုဆောင် ရွက်ပေးရန်နှင့်ကျေးရွာအုပ်စုတိုင်းတွင်သားဖွားဆ ရာဝန်များခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၅.၃.၂၀၁၄)

ဦးအောင်မြင့် (ဂန့်ဂေါ)ကျန်းမာရေးဝန်ကြီးဌာနအတွက်နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် အတွက်  နိုင်ငံတော်မှ ဘဏ္ဍာရန်ပုံငွေများ တိုးမြှင့်ခွဲဝေပေးသည့် အပြင် ဆေးရုံကြီးဆေးရုံငယ် အဆောက်အဦများ တည်ဆောက်ပေးခြင်း၊ ဆေးဝါးနှင့် စက်ကိရိယာများ ဖြည့်ဆည်းပေးခြင်း အစရှိသဖြင့် ကျန်းမာရေးစောင်‌့ရှောက် မှုလုပ်ငန်း များ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် ကျေးလက်နေပြည်သူများ အနေဖြင့်ကျန်းမာရေး ဗဟုသုတအားနည်းခြင်း၊ ရောဂါရှာဖွေစမ်းသပ် စစ်ဆေးမှု မရှိခြင်း၊ ငွေကြေးကုန်ကျမှုမတတ်နိုင်၍ မြို့သို့သွားရောက် ပြီးဆေးမကုသနိုင်ခြင်း များ၊ ဆေးစစ်ဆေးခြင်းများ မဆောင်ရွက်နိုင်ခြင်းများကြောင့် အချိန်မတန်ဘဲ အသက် ဆုံးရှုံး ရခြင်းများ၊ နာတာရှည်ရောဂါခံစားရခြင်းများ၊ အနာနှင့်ဆေးမတည့်၍ အသက် ဆုံရှုံးရခြင်းများ ရှိနေကြပါကြောင်း၊ အချို့ရောဂါများသည် ကုသခြင်းထက် ကြိုတင် ကာကွယ်ခြင်းက ပိုမိုထိရောက်သည့်စကားနှင့်အညီ ကြိုတင်စမ်းသပ်စစ်ဆေး၍ မိမိတွင်မည်သည့်ရောဂါ ရှိသည်ကို သိရှိပြီးအနေအထိုင်၊ အစားအသောက်၊ အသွားအလာများဆင်ခြင်၍ ဂရုစိုက်နေထိုင်ကြရမည် ဖြစ် ပါကြောင်း၊ နိုင်ငံတော်မှ မြို့နေပြည်သူများအတွက် သာမကကျေးလက်နေဆင်းရဲသား ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးသင့်ပါကြောင်း၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ သာမက မြို့ကြီးများတွင် တာဝန်ထမ်းဆောင်နေကြသည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ကိုယ်တိုင် ကျေးလက်နေပြည်သူများထံ စီမံချက်ဖြင့်သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ဥပမာအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စိစစ်ကြည့်ကြပ်မှုဖြင့် မကွေးတိုင်းမှ အထူးကုဆရာဝန်ကြီးအဖွဲ့သည် ဂန့်ဂေါမြို့သို့လာရောက်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးလက်တောရွာများမှ ရောဂါဝေဒနာရှင် မိဘပြည်သူများကို အခမဲ့ဆေးကုသပေးခြင်း၊ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်း၊ သွေးစစ်ပေးခြင်း၊ ခွဲစိတ်ပေးခြင်း အစရှိသဖြင့် ဆေးကုသပေးခဲ့ရာ တစ်ရက်အတွင်း လူနာပေါင်း ၂၆၀၀ ကျော် လာရောက်၍ ဆေးကုသမှု ခံယူခဲ့ကြသည်ကို မြင်တွေ့ရပါကြောင်း၊ တပ်မတော်မှ နယ်လှည့်ပြီး အထူးကုဆရာဝန်ကြီးများဖြင့် ဆေးကုသပေးခြင်းများ၊ အလုပ်သမားများအတွက် လူမှုဖူလုံရေးဌာနမှ အထူးကုဆရာဝန်ကြီးများဖြင့် အထူးကုဆေးရုံအဆင့်ရှိ ဆေးကုသရေး မော်တော်ယာဉ်ကြီးများဖြင့် လူနာများထံ သွားရောက်၍ ဆေးကုသပေးနေသည်ကိုလည်း ကြားသိရပါကြောင်း၊ ထို့အတူ တရုတ်နိုင်ငံမှဆေးရုံ သင်္ဘောကြီးသည် မြန်မာနိုင်ငံကိုလာရောက်ပြီး ပြည်သူများအား ဆေးကုသပေးခြင်းများ ပြုလုပ်ခဲ့သည်ကိုလည်း ကြားသိရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း  နိုင်ငံတော်အတွင်း အထူးကုဆရာဝန်ကြီးများအဖွဲ့ဖြင့် အထူးကုဆေးရုံကြီးများအဆင့်ရှိ ဆေးကုသရေး မော်တော်ယာဉ်ကြီးများ၊ ရထားလမ်းကြီးများ၊ လေယာဉ်ပျံကြီးများ၊ သင်္ဘောကြီးများဖြင့် လမ်းခရီးတစ်လျောက်ရှိ ကျေးလက်တောရွာနှင့် မြို့ငယ်များပါမကျန်နယ်လှည့်ပြီး ဆင်းရဲ သားပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ပါက ပြည်သူ များအတွက် များစွာတန်ဖိုးရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် (၁) ပြည်သူများ၏ ကျန်းမာရေးကြိုတင်သိရှိပြီး ကာကွယ်နိုင်ရန် နိုင်ငံတော်မှ စီမံချက်တစ်ရပ်ချမှတ်၍ ရောဂါရှာဖွေစမ်းသပ် စစ်ဆေးသောလုပ်ငန်းအား ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း၊ (၂) အထူးကု ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့ဖြင့် အထူးကုဆေးရုံကြီးများအဆင့်ရှိ ဆေးကုသယာဉ်မော်တော်ယာဉ် ကြီးများဝယ်ယူပြီး တောရောမြို့ပါမကျန် နယ်လှည့်၍ ဆင်းရဲ့သားပြည်သူများကို အခမဲ့ဆေး ကုသပေးခြင်း၊ ရောဂါ ရှာဖွေစမ်းသပ်ပေးခြင်း၊ ဆေးဝါးများဖြန့်ဖြူးပေးခြင်း၊ ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးခြင်း လုပ်ငန်းများကို စီမံချက်ချ၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း၊ (၃) မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် ရှေးဦးသူနာပြုစုမူများနှင်‌့ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာအုပ်စုတိုင်း၌ သားဖွားဆရာမများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင်‌့ ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနတွင် တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် သည် ရောဂါရှာဖွေရေး ယာဉ်များဖြင့် ပြည်သူလူထုနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကာ ရောဂါရှာဖွေစမ်းသပ်ခြင်း၊ လိုအပ်သော ကုသမှုများဆောင် ရွက်ပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများမှ အထူးကုဆရာဝန်များသည်လည်း အထူးကု ကွင်းဆင်း ခရီးစဉ်များဖြင့် မြို့နယ်/ကျေးရွာများသို့သွားရောက်ကာ ရောဂါရှာဖွေခြင်းနှင့် ကုသမှုများကိုဆောင်ရွက်ခြင်း၊  လိုအပ်ပါကဆေးရုံများသို့ လွှဲပြောင်းကုသခြင်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိဆောင်ရွက်ဆဲ အထူးကုဆရာဝန် များ၏ ကွင်းဆင်းခရီးစဉ်တွင် ဆေးကုသရေးမော်တော်ယာဉ်ကြီးများ (Mobile Medical Unit)များဖြင့် အားဖြည့်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးကဏ္ဍတွင် ရန်ပုံငွေများတိုးမြှင့် ကာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးကို ဦးစားပေး‌ဆောင်ရွက်လျက်ရှိရာ တင်ပြပါ (Mobile Medical Unit)များကို ဖြည့်ဆည်း၍ ဝယ်ယူဆောင်ရွက်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ကျေး လက်ကျန်းမာရေးဌာန ၁၆၈၄ ဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၁၁၂၄၂ ခုရှိပြီး လုပ်ငန်းလိုအပ်ချက်အရ သားဖွားဆရာမ ၁၁၁၉၂ ဦးအား ခန့်ထားပြီးဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု ၁၃၆၁၈ အုပ်စုတွင် ကျေးရွာပေါင်း ၆၄၁၃၄ ရွာရှိရာ ကျေးရွာအုပ်စုတိုင်း၌ သားဖွားဆရာမများ ခန့်ထားနိုင်ရန်အတွက် သင်တန်းဆင်းဆရာမများ၏ အရေအတွက် ကန့်သတ်ချက်နှင့် ခန့်အပ်နိုင်ရန်အတွက် ဘဏ္ဍာရေး အခြေအနေပေါ်မူတည်ပြီး ဖွဲ့စည်းပုံတိုးချဲ့ပြီး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။