စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာရှိ ဒေသခံရွာသားများဖြင့် တည်ထောင်ထားသော ကံတောင်ရွှေလုပ်သားကုမ္ပဏီက အလုပ်လုပ်ကိုင်ခွင့်၊ တူးဖော်ခွင့်ပြုရန်နှင့်ပတ်သက်၍ အပေါ်ယံကြည့်မည်ဆိုပါက လူတစ်စုအတွက်၊ ရွာတစ်ရွာအတွက်ဟုထင်ရသော်လည်း အလားတူပြဿနာမျိုး မိမိတို့နိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်နေပါကြောင်း၊ ကံတောင်ကျေးရွာရှိ ဒေသခံလုပ်သားများ သည်မြောက်ကျွန်းသူများမှ ကုမ္ပဏီနှင့် ဥပဒေနှင့်အညီ ကျသင့်သောအခွန်အခများပေးဆောင်ပြီးတူးဖော်ခွင့် ရရှိခဲ့ပါကြောင်း ၊ ရွှေတွင်းတူးဖော် ခွင့်ရရှိပြီး လိုအပ်သော အရင်းအနှီးများဖြင့် လုပ်အားကိုဒေသခံ အင်းလုပ်သားများက ၂၀၁၂ ခုနှစ်မှစတင်၍ စိုက်ထုတ်တူးဖော်ခဲ့ကြသော်လည်း တူးဖော်ခွင့်ပြုထားသော ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် တူးဖော်ဆဲလုပ်ငန်းများကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပါကြောင်း၊ လုပ်ကွက်ငယ်များသည် ဒေသခံရွှေလုပ်သား များအတွက် အဆင်ပြေသည့်အပြင် ဥပဒေနှင့် ညီညွတ်စေရန်လည်း ဆောင်ရွက်ထားသည်ကို သိရှိရပါကြောင်း၊ တစ်ရွာလုံးရှိပြည်သူများ ရွှေတွင်းတူးဖော်ခွင့်ထောက်ခံခဲ့ကြောင်း လက်မှတ်ထိုး၍ ဆန္ဒပြုခဲ့ပါကြောင်း၊ ယင်းမြေနေ ရာမှတပါး တခြားမြေနေရာများကို ဒေသခံပြည်သူများအတွက် လုပ်ကိုင်စရာလုံးဝမရှိပါကြောင်း၊ ၎င်းမြေနေရာများသည် ပလပ်မြေဖြစ်သည်ဟု သက်ဆိုင်ရာနှင့် ကုမ္ပဏီများက အကြောင်းကြားထားသဖြင့် ကုမ္ပဏီ၏ ပိတ်သိမ်းမှုကြောင လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ဒေသခံပြည်သူများသည် ဒုက္ခပေါင်းများစွာဖြင့် ရင်ဆိုင်နေရသကဲ့သို့ နိုင်ငံတော်အနေဖြင့် တရားဝင်ရရှိမည့် အခွန်ဘဏ္ဍာငွေများစွာ ဆုံးရှုံးနေရသည်ဟု ယူဆ ပါကြောင်း၊ သို့ပါ၍ဒေသခံပြည်သူများ အကျိုးတူတည်ထောင်ထားသော ကံတောင်ရွှေလုပ်သား ကုမ္ပဏီအား ရွှေတွင်း ဆက်လက်တူးဖော်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက အင်းပြုခြင်း၊ အင်းလုပ်သား အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြင်းတို့ကို ကာကွယ်နိုင်ရန် မိုးရာသီမတိုင်မီတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည့် အတွက် ရွှေအင်းလုပ်သားများ အသက် အန္တရာယ်ကင်းစွာ တူးဖော်နိုင်ရန် ပြင်ဆင်ချိန်ဖြစ်သည့် မိုးရာသီမတိုင်မီ ခွင့်ပြုရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကံတောင်ရွှေလုပ်သားကုမ္ပဏီမှ လျှောက်ထားလာသော ရွှေသတ္တုလုပ်ကွက် ဧရိယာ သည် သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုပြီးလုပ်ကွက်များနှင့် ဧရိယာချင်းထိစပ်မှုရှိနေသည့် ကြားကွက်လပ်မြေဖြစ်ပါကြောင်း၊ အဆိုပါမြေလွတ်ဧရိယာ ၇ ဧကခန့်ကို ကံတောင်ရွှေ လုပ်သားကုမ္ပဏီမှ လျှောက်ထားခြင်းမပြုမီ စည်းလုံးသော စွမ်းအားအရင်းအမြစ် ကုမ္ပဏီ မှ စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လျှောက်ထားမှုအပေါ် မြေပုံ/မြေပြင် စိစစ်ချက်များ အရ ဧရိယာ ၆ ဧက ကျော်ခန့်သာရှိနေခြင်း၊ ကုမ္ပဏီများ၏ ခွင့်ပြုထားပြီးသော လုပ်ကွက် များနှင့် နယ်နိမိတ်ထိစပ်မှုရှိနေခြင်း၊ သတ္တုတူးဖော်မှုနည်းစနစ်အရ မြေအောက် လိုဏ်ခေါင်းစနစ်ဖြင့် တူးဖော်ရခြင်း စသည် အကြောင်းအရင်းများအပေါ် အခြေခံပြီး ကုမ္ပဏီများအကြား မလိုလားအပ်သော ပြဿ နာ အငြင်းပွားမှုများ ဖြစ်ပွား လာနိုင်သည့် အတွက် သတ္တုတွင်းဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စည်း လုံးသောစွမ်းအားအရင်းအမြစ် ကုမ္ပဏီ၏ လုပ်ကွက်လျှောက်ထားမှုကို ပယ်ဖျက်ထားခဲ့ပါကြောင်း၊ အဆိုပါနေရာကို ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီမှထပ်မံ လျှောက်ထားသည်ကိုလည်း လက်ခံခဲ့ခြင်းမရှိခဲ့ကြောင်း၊ သတ္တုတွင်းဝန်ကြီး ဌာနသည် ရွှေသတ္တုအသေးစား လုပ်ကွက်လျှောက်ထားလာမှုများမှာ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင် ရွက်မည် ဆိုပါက မည်သည့်လျှောက်ထားမှုမျိုးကိုမဆို လက်ခံဆောင်ရွက်ပေးခြင်း ရှိသော်လည်း ကံတောင်ရွှေ လုပ်သား ကုမ္ပဏီမှလျှောက်ထားသည့် လုပ်ကွက်ဧရိယာသည် သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုထားပြီးဖြစ်သော လုပ်ကွက် များ၊ လျှောက်ထားလုပ်ကွက်များ ပတ်လည်ဝန်းရံနေသော ကွက်လပ်မြေ ၆ ဧကကျော်ခန့် နေရာသာဖြစ်သည့်အတွက် အဆိုပါနေရာသည် ယခင်က တရားဝင်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း မရှိသကဲ့သို့ လက်ရှိအခြေအနေတွင်လည်း မည်သူ့ကိုမျှ လုပ်ကိုင်ခွင့်ပြုထားခြင်း မရှိပါကြောင်း၊ ကံတောင်ရွှေလုပ်သားကုမ္ပဏီ၏ လျှောက်ထားမှုကို ကန်တောင်ကျေးရွာသား များ စုဖွဲ့ထားသော ရွှေဆယ်တန် ကံတောင်မုဒိတာ သတ္တုတူးဖော်ရေး ကုမ္ပဏီ်မှလည်း လုပ်ကွက်ချထားမပေးရန် ကန့်ကွက်ခဲ့သည့်အပြင် တရားမဝင် တူးဖော်မှုများရှိနေသည်ဟု သတင်းများရရှိသည့် အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးစီးပြီး သတ္တုတွင်းဝန်ကြီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါနေရာတွင် ကံတောင်ရွှေလုပ်သား ကုမ္ပဏီ၏ ရွှေသတ္တုလုပ်ကွက် လျှောက်ထားလာခြင်းအပေါ် ခွင့်ပြုချထားပေးရန် အစီအစဉ်မရှိသေး ပါကြောင်းဖြေ ကြားပါသည်။
