လှိုင်သာယာ(ရန်ကုန်)-ဟင်္သာတမီးရထားလမ်းသည် ၂၀၁၀ ခုနှစ်က စတင်ဖောက်လုပ် ခြဲ့ပီး စုစုပေါင်းအရှည် ၈၉.၇၆ မိုင် ရှည်လျားပါကြောင်း၊ ရထားလမ်းဖောက်လုပ်စဉ် အခါက လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ အချို့လယ်သမားများ အလုပ်လက် မဲ့ဖြစ်ရခြင်း၊ လယ်သမားများဝင်ငွေကျဆင်းခြင်း၊ ဆင်းရဲနွမ်းပါးမှု တိုးပွားလာခဲ့ခြင်း များအပြင် တိုင်းပြည် အတွက်လည်း ဆန်၊ စပါးထွက်ရှိမှု လျော့နည်းသွားသည့်အတွက် ဝင်ငွေလည်းထိခိုက်ရပါကြောင်း၊ ယခုအခါ မီးရထားသံလမ်း အောက်ခံမြေကြီးပြို ကျခြင်းများကြောင့် ညာဘက်တွင် အောက်သို့နိမ့်ကျနေခြင်းများအပြင် ချုံနွယ်များ ထူထပ်စွာ ဖုံးလာသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိုင်တိုင်အမှတ် ၄၇/၄ တွင်လည်း မြေကြီးများ အရှည် ၁၅၀ ပေခန့် ပြိုကျနေသဖြင့် သံလမ်းနှစ် ဖက်လုံးသည် မြေကြီးနှင့် ၅ ပေခန့်လွတ်နေပါကြောင်း၊ မိုင်တိုင်အမှတ် ၄၇/၅ တွင် မြေများ အရှည်ပေ ၁၀၀ ခန့် မြေပြိုကျမှုများကြောင့် ၅ ပေခန့် မြေကြီးနှင့်လွတ်နေသည်ကို သဲအိတ်များဖြင့် ခံထားပါကြောင်း၊ ထို့အတူ မိုင်တိုင်အမှတ် ၄၇/၁၊ ၄၇/၂၊ ၄၇/၃၊ ၄၇/၆၊ ၄၈/၁ တို့တွင်လည်း ပေ ၅၀ ခန့်မှ ပေ ၂၀၀ ခန့် အရှည်ရှိသော မြေပြိုကျမှုများရှိပါကြောင်း၊ ထို့ကြောင့် မီးရထားလမ်းသည် တွန့်လိန်ကွေးကောက်နေသည် ကို တွေ့ရှိရမည်ဖြစ်သည့်အတွက် ယင်းကဲ့သို့ ပျက်စီးမှုများကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုတန်ဖိုး မည်မျှ ရှိပါမည်နည်း။ ယင်းမီးရထားလမ်း ဖောက်လုပ်စဉ်က စုစုပေါင်းကုန်ကျစရိတ် မည်မျှရှိပါသနည်း။ အကုန်အကျ ခံဖောက်လုပ်ခဲ့ပြီး ယနေ့အထိ လက်တွေ့ အသုံးမချနိုင်သဖြင့် နိုင်ငံတော်အတွက်မည်မျှထိခိုက်နစ်နာပါမည်နည်း။ မည်သည့်နှစ်တွင် ဤရထားလမ်းအား ဖွင့်လှစ် နိုင်ပါမည်နည်း။ ဤရထားလမ်းဖောက်လုပ်ပြီးပါက လမ်း၏ အခြေအနေအရ ခရီးသွားလုပ်သား ပြည်သူများအတွက် အသက်အန္တရာယ် လုံခြုံစိတ်ချရမှု ရှိပါမည်လား စသည်တို့ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ဟင်္သာတ-ညောင်တုန်း-ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၏ ခန့်မှန်းစီမံကိန်း တန်ဖိုး သည် ငွေကျပ် ၃၇.၈၀၂ ဘီလီယံနှင့် ပုသိမ်(ဘဲဂရက်)-အိမ်မဲ-ညေင်တုန်း-ရန်ကုန် (လှိုင်သာယာ) ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၏ ခန့်မှန်းစီမံကိန်းတန်ဖိုးသည် ငွေ ကျပ် ၆၅.၇၇၇ ဘီလီယံ ဖြစ်ပါကြောင်း၊ ဟင်္သာတ-ညောင်တုန်း ရထားလမ်းပိုင်း ညောင် တုန်းတံတားချဉ်းကပ်လမ်းမှ စက္ကော့ဘူတာအထိ ၁.၄၈ မိုင်သည် တာဘောင်များ နိမ့်ကျွံမှုဖြစ်ပေါ်ခြင်း အကြောင်းရင်းမှာ ရထားလမ်းအူကြောင်း သည် ရေနက်ကွင်းဧရိ ယာဖြစ်ခြင်း၊ စီမံကိန်းကုန်ကျစရိတ် ခြိုးခြံနိုင်ရန် စက္ကော့ဘက်အခြမ်း ချဉ်းကပ်တံတား ၏ အရှည်အား လျော့နည်း၍ ဆောင်ရွက်ထားသည့်အတွက် ချဉ်းကပ်ရထားလမ်း တာဘောင်အမြင့်ကို ၃၅ ပေအထိ မြင့်မားစွာ ဆောင်ရွက်ခဲ့ရခြင်း၊ တာဘောင်အောက် ခံမြေမှာလည်း ကောင်းမွန်မှုမရှိခြင်းနှင့် မိုးများသောဒေသဖြစ်ခြင်းကြောင့် တာဘောင် နိမ့်ကျွံမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊
ညောင်တုန်းတံတားချဉ်းကပ်လမ်းမှ စက္ကော့ဘူတာအထိ ရထားလမ်းတာဘောင်နှင့် ရထားလမ်းများ အား ပြန်လည်ပြုပြင်ရန် ခန့်မှန်းကုန်ကျစရိတ်မှာ ငွေကျပ် ၃၆.၅၀ သန်းဖြစ်ပါကြောင်း၊ ဇလွန်-ဟင်္သာတ ရထားလမ်းပိုင်းသည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် မြန်မာ့ မီးရထားကဆောင်ရွက်ခဲ့သော ရထားလမ်းများသည် တစ်မိုင် လျှင် ငွေကျပ်သန်း ၄၅၀ ခန့်သာကုန်ကျခဲ့ ရာ နိုင်ငံတကာစံချိန် စံညွှန်းနှင့်ကိုက်ညီအောင် ဆောင်ရွက်မည်ဆိုပါက တစ်မိုင်လျှင်ငွေကျပ်သန်း ၂၀၀၀ နှင့် အထက် ကုန်ကျနိုင်ခြင်း၊ ယခုလက်ရှိဆောင်ရွက်ထားသော ရထားလမ်း တာဘောင်များသည် ရထားလမ်းဘေး တစ်ဖက်တစ်ချက်မှမြေကိုယူ၍ ဆောင်ရွက်ထားသဖြင့် မြေသားကောင်းမွန်မှုမရှိခြင်း၊ သတ်မှတ်ထားသော အချိန်တိုကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ခဲ့ရခြင်း၊ ရထားလမ်းတာဘောင်သည် မြေသားတည်ငြိမ်မှုမရှိဘဲ နိမ့်ကျွံမှုများဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ရထားသံလမ်းများအနိမ့်အမြင့် မညီခြင်း၊ ကွေးစောင်းခြင်း တို့ဖြစ်ပေါ်ခဲ့ ရပါကြောင်း၊ ရထားလမ်းမြေသားတာဘောင်သက်တမ်းသည် အနည်းဆုံး ၄ နှစ်မှ ၅ နှစ်ခန့်အထိ ကြာမြင့်မှသာ တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဇလွန်-ဟင်္သာတရထားလမ်းပိုင်းပျက်စီးခဲ့သော ရထားလမ်းတာဘောင်နှင့် ရထားသံလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ် သည် ငွေကျပ် ၂၄.၆၀၄ သန်းဖြစ်ပြီး ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်ရေးအတွက် ယခု မိုးတွင်းကာလတွင် ရထားလမ်းဘေး ဝဲ/ယာ တစ်လျှောက်ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းနှင့် နိမ့်ကျွံသွားသော လမ်းပိုင်းနေရာများတွင် သဲကြမ်းများထည့်ပြီး လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းများအပြင် အဆိုပါလမ်းပိုင်းတွင် အရှည် ၁၅ မိုင်ခန့် ကို လမ်းမြောက်၍ ကျောက်ဖြည့်ပါကင်ရိုက်ခြင်းများဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများကို ယခု ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
၂၀၀၉-၁၀ ဘဏ္ဍာနှစ်တွင် စတင်ဖောက်လုပ်ခဲ့သော ဟင်္သာတ-ဇလွန်လမ်းပိုင်း ၁၆.၂၅ မိုင်ကို ၂၁-၇-၂၀၁၀ ရက်နေ့တွင် ဖွင့်လှစ်ပြီး ရထားများပြေးဆွဲလျက်ရှိပါကြောင်းနှင့် ဇလွန်-စက္ကော့-ညောင်တုန်း လမ်းပိုင်း ၁၄.၃၁ မိုင်ကိုလည်း သံလမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ညောင်တုန်း-လှိုင်သာယာလမ်းပိုင်း ၂၇.၄၅ မိုင်ကို ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံးအနေဖြင့် ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဟင်္သာတ-ဇလွန်-စက္ကော့-ညောင်တုန်း-လှိုင်သာယာလမ်းပိုင်းကို ၂၀၁၄ ခုနှစ်၊ မေလခန့်တွင်ပြေးဆွဲနိုင်ရေးဆောင် ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။
