နာဂစ်၊ ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်ဆိုးကြီးများနှင့် ကြုံတွေ့ရချိန်တွင် ပြည်သူများကို ကယ်တင်စောင့်ရှောက်နိုင်ရန်အတွက် ကြက်ခြေနီအသင်းအား လိုအပ်သောဖွဲ့စည်းမှု၊ လေ့ကျင့်မှုများ တိုးတက် ရန် သက်ဆိုင်ရာဌာနများမှ စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံမှာ ကြက်ခြေနီအသင်းကို ၁၉၂၀ ခုနှစ်မှ စတင်ဖွဲ့စည်း ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ရည်ရွယ်ချက်သည် ဆင်းရဲဒုက္ခနည်း ပါးသက်သာစေရန် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေး ဒုက္ခရောက်သူများကို ကူညီရန်ဆိုသည့် လုပ်ငန်း (၃) ရပ်ကိုအကောင် အထည်ဖော် ရန်ဖြစ်သည်ကို သိရှိပါကြောင်း၊ ကြက်ခြေနီအသင်းဖွဲ့စည်းတည်ထောင်ရန် ရည်ရွယ် ချက်၊ ရည်မှန်းချက်နှင့်မူဝါဒများ၊ မြင့်မြတ်ကောင်းမွန်သကဲ့သို့ ကြက်ခြေနီ အသင်း ဝင်များသည်လည်း စေတနာ့ဝန်ထမ်းများသာ ဖြစ်ကြပါကြောင်း၊ သို့သော် ကြက်ခြေနီ ဝတ်စုံကို ကိုယ်ပိုင်ငွေဖြင့်သာ ဝယ်ယူဝတ်ဆင်ကြရသည့်အပြင် သူနာပြုလက်သုံး ကိရိယာကိုလည်း တန်ဖိုးကြီးမားသောကြောင့် အသင်းဝင်အများ စုကြီးမှမဝယ်နိုင် သည့်အကြောင်းများကို သိရှိရပါကြောင်း၊ ထို့ကြောင့် ကြက်ခြေနီအဖွဲ့ဝင်များ သည် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် မကြာ ခဏကြုံတွေ့နေရကြောင်း၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့များမှ နှစ်စဉ် ဘဏ္ဍာငွေထောက်ပံ့ခြင်း၊ လက်သုံးကိရိယာ အသုံးအဆောင်ထောက်ပံ့ပစ္စည်းများအပါ အဝင် ထောက်ပံ့မှုမျိုးစုံပြုလုပ်နေကြောင်း သိရှိရသော် လည်း ပွင့်လင်းမြင်သာမှုနှင့် ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းများကြောင့် အောက်ခြေအဖွဲ့များ ထံမရောက် သည့်အပြင် တာဝန် ထမ်းဆောင်စဉ်ကာလများအတွက် နေ့တွက်စရိတ်၊ စားစရိတ် အကုန်မှမရရှိကြောင်း ကိုတင်ပြချက်များအရ သိရှိရပါကြောင်း၊ ကြက်ခြေနီ အဖွဲ့ဝင်များသည် လုပ်ငန်းနှင့် မသက်ဆိုင်သော အခြားသော သန့်ရှင်းရေး လုပ်ငန်းများ၊ လုံခြုံရေးတာဝန်များနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများက ပေးအပ်သည့် အခြားသော လုပ်ငန်းမျိုးစုံကိုပင် ဦးစားပေးလုပ်ဆောင်နေရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကို ပြည်သူကိုအကျိုးပြု ဂုဏ်သိက္ခာမြင့်မားသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန်အတွက် အောက် ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း၊
(၁) နိုင်ငံတကာနှင့် ပြည်တွင်းမှာရရှိသော အထောက်အပံ့များကို နှစ်စဉ်ထုတ်ပြန်ကြေညာပေး ရန်နှင့် ပွင့်လင်းမြင် သာမှုရှိရှိ ထိန်းသိမ်းသုံးစွဲရန်၊
(၂) နိုင်ငံတကာမှထောက်ပံသော လက်သုံးကိရိယာ များ၊ အခြားပစ္စည်းကိရိယာများကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန်၊
(၃) သင့်လျော် ကောင်းမွန်သော ကြက်ခြေနီဝတ်စုံများကို အခွန်အမြတ်သို့ထောက်ပံ့ပေးရန်၊
(၄) အရေးပေါ် တာဝန် ထမ်းဆောင်ခြင်းများတွင် ခရီးစရိတ်၊ စားစရိတ် စသဖြင့် ထောက်ပံ့ပေးနိုင်အောင်စီမံပေးရ၊
(၅) နိုင်ငံ တော်အဆင့် အမျိုးသားရေးတာဝန်များမှအပ အခြားသော ကြက်ခြေနီးအသင်းနှင့် မသက်ဆိုင်သည့်တာဝန် များ မပေးအပ်ရန်၊
(၆) ကြက်ခြေနီအဖွဲ့သည် နိုင်ငံတော်အတွက် အမျိုးသားရေးအရံအင်အားစုကြီးဖြစ်ကြောင်း ခံယူကြသည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုးများ ကြုံတွေ့ရချိန်တွင် မြင့်မားသောစွမ်းဆောင်ရည်ဖြင့် ပြည်သူများကို ကယ် တင်စောင့်ရှောက်နိုင်ရန်အတွက် လိုအပ်သော ဖွဲ့စည်းမှု၊ လေ့ကျင့်မှု၊ ပံ့ပိုးမှုများ တိုးတက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းမှရရှိသော အထောက်အပံ့များကို နှစ်စဉ် ထုတ်ပြန်ကြေငြာပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိရှိ ထိန်းသိမ်းသုံးစွဲရန် အချက်နှင့် ပတ်သက်၍ (က) ပြည်တွင်း/ပြည်ပမှရရှိသော အလှူငွေနှင့် အထောက်အပံ့များကို ခြောက်လတစ်ကြိမ်ကျင်းပသော ဗဟိုကောင်စီ အစည်းအဝေး၊ သုံးနှစ်တစ်ကြိမ်ကျင်းပသော အထွေထွေညီလာခံများတွင် ဘဏ္ဍာရေး အစီရင်ခံစာနှင့် အမှုဆောင်အဖွဲ့ အစီရင်ခံစာများကို တင်ပြအတည်ပြုခြင်း၊ တိုင်းဒေ သကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် တွေ့ဆုံရှင်းလင်းပွဲများတွင် တိုင်းဒေသကြီး /ပြည်နယ်များနှင့် သက်ဆိုင်သည်များကို အမြဲတမ်းတင်ပြခြင်း၊ (ခ) တင်ပြပါ ဘဏ္ဍာရေး စာရင်းများကိုလည်း နှစ်စဉ် အတွင်းစာရင်းစစ် အပြင် စာရင်းစစ်များဖြင့် စစ်ဆေးဆောင် ရွက်လျက်ရှိခြင်း၊ (ဂ) ဘဏ္ဍာရေးအထောက်အပံ့နှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းများ ကို တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ဦးစီးမှူးပထမတန်းတို့မှ တက်ရောက် ပါဝင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပါကြောင်း၊
မေးခွန်းနံပါတ်(၂)နှင့်စပ်လျဉ်း၍ (က) ရှေးဦးပြုစုခြင်း ဆေးအိတ် (First Aid Kits) ၆၄၀ ခု၊ ရှေးဦးပြုစုခြင်း သင်ထောက်ကူပစ္စည်းများ အဖြစ် နော်ဝေနိုင်ငံ ကြက်ခြေနီအသင်း (Norwegian Red Cross) မှ သင်ထောက်ကူ (CPR) ရှစ်နှစ် အထက် လူကြီး/ကလေး Manikin အရုပ်တစ်ရုပ်စီနှင့် ဂျပန်နိုင်ငံ ကြက်ခြေနီအသင်း (Japan Red Cross) အထောက်အပံ့ဖြင့် Baby Manikin ၂၇၀ ခုကို တိုင်းဒေသကြီး/ပြည်နယ်များ သို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ် ပါကြောင်း၊ Advanced First Aid Kits ၁၂၀၀၊ Small First Aid Kits ၁၃၀၀ နှင့် သုံးဒေါင့်ပတ်တီး ၁၅၀၀၀ ကို ဆင့်ပွားသင်တန်းတက်ရောက်သည့် ရပ်ရွာလူထုအတွင်းမှ သင်တန်းသားများအား ထောက်ပံ့ပေး ခဲ့ပါကြောင်း၊ (ခ) ဌာနအသီးသီး၏ စီမံချက် လုပ်ငန်းများအလိုက် ဝတ်စုံ၊ တီရှပ်၊ မိုးကာ အင်္ကျီ၊ မိုးစီးဖိနပ်၊ ကျောပိုးအိတ်၊ ထီး၊ ဦးထုပ်၊ လက်စွဲစာအုပ်များ၊ လက်ကမ်းစာစောင်ပိုစတာများ၊ DVD၊ ဆိုလာမီးအိမ်၊ ဆေးစိမ်ခြင်ထောင်များ၊ မီးစက်နှင့် အင်ဗာတာများ၊ IP Stan Phone များ၊ ကွန်ပျူတာ နှင့်ဆက်စပ်ပစ္စည်းများ၊ မြို့နယ်အသင်းရုံး အဆောက်အဦ၊ ရေတွင်း၊ ရေသိုလှောင်ကန်နှင့် အိမ်သာများကို စီမံချက်ဝင်မြို့နယ်နှင့် ကျေးရွာများ သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ရှေးယခင်ကတည်းက တပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့ဝတ်စုံကို မိမိအစီအစဉ် ဖြင့်သာ ချုပ်လုပ်ဝတ်ဆင်ကြရပြီး တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ တပ်ဖွဲ့၊ တပ်ရင်းမှူးများ ကလည်း တပ်ဖွဲ့ဝတ်စုံက ထောက်ပံ့ပေးကြပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကြက်ခြေနီ ဝတ်စုံများကို ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်များကိုသာ နှစ်စဉ် ချီးမြှင့်ပံ့ပိုးပေးနိုင်ပါသည့် အနေအထား ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝတ်စုံများ ပံ့ပိုးနိုင်ရေးအတွက်လည်း အစဉ်တစိုက်တင်ပြ ပေးလျက်ရှိကြောင်း။
မေးခွန်းနံပါတ်(၄)နှင့် စပ်လျဉ်း၍ အရေးပေါ်တာဝန်ထမ်းဆောင်ချိန်တွင် ခရီးစရိတ်၊ စားစရိတ်များကို သတ်မှတ်နှုန်းထားဖြင့် အမြဲထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဌာနချုပ်/မြို့နယ် အစီအစဉ်များဖြင့် နေ့တွက်စရိတ်ကို သာမန်လူမှုဂရုဏာ လုပ်ငန်းအစီအစဉ်များတွင် တစ်နေ့ကျပ် ၅၀၀၀ နှုန်းသတ်မှတ်ပြီး အထူးတာဝန်ပေးအပ် သည့် ခက်ခဲဒေသခရီးစဉ်/လုပ်ငန်းများတွင် တစ်နေ့ ကျပ် ၈၀၀၀ နှုန်းသတ်မှတ်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊
မေးခွန်း(၅)နှင့်စပ်လျဉ်း၍ ကြက်ခြေနီသည် လူမှုဂရုဏာလုပ်ငန်းများ၊ ဆောင်ရွက်သည့်အဖွဲ့အစည်းဖြစ်သည့် အတွက် ကြက်ခြေနီစေတနာလုပ် အားရှင်များအား လူမှုဂရုဏာလုပ်ငန်းများ တွင်သာ တာဝန်ပေးအပ်ရန် ၂၀၁၂ ခုနှစ်မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ကြီးကြပ်ကော် မတီများနှင့် တွေ့ဆုံ ၍ ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါကြောင်းနှင့် မသက်ဆိုင်သောလုပ်ငန်းများတွင် ပါဝင်နေကြောင်း သတင်းရရှိ လျှင်ရရှိခြင်း သက်ဆိုင်ရာကြက်ခြေနီကြီးကြပ်ကော်မတီ ဥက္ကဋ္ဌထံ အကြောင်းကြားပြီး ရပ်ဆိုင်းစေခဲ့ ပါကြောင်း။
မေးခွန်း(၆)နှင့်စပ်လျဉ်း၍ (က) မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါဘေး ကာကွယ်တားဆီးခြင်း၊ ဘေးအန္တရာယ် ကျရောက်နေသူများကို ကူညီစောင့်ရှောက်ခြင်း၊ ရှေးဦးပြုစုပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်အောင်လည်း စဉ်ဆက်မပြတ် သင်တန်းပေးလျက် ရှိခြင်း၊ (ခ) ဘေးအန္တရာယ် စီမံခန့် ခွဲရေးအနေဖြင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၉၇ တွင် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ သင်တန်းပေါင်း လေးကြိမ်နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း ၂၁ ကြိမ်တို့ကို ဖွင့်လှစ်ပြီး ကြက်ခြေနီစေတနာ လုပ်အားရှင်ပေါင်း ၇၅၀ ဦးကို လေ့ကျင့်သင်ကြားပြီး အရေးပေါ်အခြေအနေတွင် တုံ့ပြန်နိုင်ရန်အဖွဲ့ဝင်ခြောက်ဦး ပါသော အဖွဲ့များဖွဲ့စည်း၍ လိုအပ်သောပစ္စည်း ကိရိယာများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ထားရှိပြီးဖြစ် ပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်ပါက ဘေးဒဏ် ခံစားရသူများအား ချက်ချင်းထောက်ပံ့နိုင်ရန် တိုင်းဒေ သကြီး/ပြည်နယ်များတွင် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများကို သိုလှောင်ရုံပေါင်း ၂၃ ခုဖွင့်လှစ်၍ အဆင်သင့်ထားရှိပါကြောင်း၊ အလားတူ Community Based Health and First Aid စီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခု၊ မြို့နယ် ၁၁ ခု၊ ကျေးရွာ ၅၅ ရွာတွင် ကြက်ခြေနီလုပ်အားရှင် ၅၅၀ ဦးဖြင့် ဆောင်ရွက်လျက်ရှိရာ ယင်းစေတနာလုပ်အားရှင်များအား လိုအပ်သည့်စွမ်းဆောင်ရည် မြင့်မားရေး အတွက် သင်ကြားပို့ချထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
