(က)-မြန်မာနိုင်ငံတွင်အားကစားနည်းပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေပြီးလူငယ်များ၏အကျင့်စာ ရိတ္တမဏ္ဍိုင်ထိခိုက်နိမ့်ကျမှုဖြစ်ပေါ်နေခြင်းအားမည် ကဲ့သို့ထိန်းသိမ်း ဆောင်ရွက်စီစဉ်ပေးမည် နှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၅.၃.၂၀၁၄)

ဦးဇော်ဝင်းအောင်( မြင်းမူ မဲဆန္ဒနယ်) (1298)မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တွင် ဖွင့်ပွဲများ၊ ပိတ်ပွဲများဖြင့် ကြီးကျယ်ခမ်းနားထယ်ဝါစွာ ကျင်းပပြုလုပ်ခဲ့ သည်ကို မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာ့နိုင်ငံ အသီးသီးတို့ကပါ ရင်သပ် ရှုမော ကြည့်ရှုအားပေးခဲ့ကြရင်း ပြီးဆုံးသွားပြီဖြစ်ပါကြောင်း၊ သို့သော်လည်း မပြီးဆုံးနိုင်အောင် မရှုမလှခံစားနေကြရဆဲ ဝေဒနာများမှာ အလိုချင်ဆုံး၊ မျှော်လင့်ချက် အထားဆုံး တပ်မက်မှု အပြင်းထန်ဆုံး ဖြစ်ကြသော ဘောလုံးအားကစား ကိစ္စရပ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပွဲ မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ ရသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘောလုံးအားကစားကို ချစ်ခင်မြတ်နိုးသော စိတ် ဓာတ်များ၊ အမျိုးကို ချစ်ခင်မြတ်နိုးတတ်သော စိတ်ဓာတ်များနှင့်အတူ ပြင်းထန်းစွာ ခံစားခဲ့ရသော အချက် များကြောင့် ဖြစ်ပေါ်ခဲ့ရသော ပေါက်ကွဲမှုဖြစ်စဉ်များ၊ ဝမ်းနည်းကြေကွဲစွာဖြင့် ငိုကြွေးနေကြရသော ပြည်သူတို့၏ ပုံရိပ်များ၊ ဒိုင်လူကြီးများ၏ အားနည်းချက်များ၊ မှားယွင်းမှုများ၊ မြန်မာ့နည်းပြချုပ်၏ ညံ့ဖျင်းချက်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ရင်ဖွင့်စကားသံများ၊ ဘောလုံးပွဲကြည့် ပရိသတ်များ ၏ ဝေဖန်ချက်အသံများ များစွာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း။

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း အရှုံးနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ကြည့်ပါက နည်းပြချုပ် ကိုသာ အပြစ်ပြောဆို နေသလိုမျိုး လေ့လာ တွေ့ရှိရ ပါကြောင်း၊ မြန်မာနိုင်ငံက ဘောလုံးနှင့် ပတ်သက်ပြီး တာဝန် ယူထားသောသူများ၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူများလက်ခံလာအောင်၊ ဖြေသိမ့်နိုင်အောင် လုံလောက်သော ဖြေသိမ့်ပေးမှုမျိုး ပြောကြားဖြေရှင်းပေးတာမျိုး မရှိခဲ့ကြောင်းကိုလည်း  လေ့လာ သိရှိရပါကြောင်း။

အသင်းနှင့် နည်းပြ ကိုက်ညီမှုရှိ/မရှိ၊ တည့်/မတည့် ဆိုသည့်ကိစ္စရပ်များမှာ ဘောလုံးအသင်းအဖွဲ့ချုပ်အနေဖြင့် သာမက မြန်မာနည်းပြအဖွဲ့များလည်း သိရှိထားရန် လိုအပ်ပါကြောင်း၊ အသင်းနည်းပြချုပ် ငှားရမ်းအသုံးပြုခြင်း ကိစ္စရပ်များကိုလည်း အားကစားဝန်ကြီး ဌာနအနေဖြင့် ဆန်းစစ်ဝဖန်ခဲ့ရမည်ဖြစ် ပါကြောင်း၊ မြန်မာစကားပြန်များ အနေဖြင့်လည်း နည်းပြချုပ်နှင့် မြန်မာဘောလုံးသမားများ၏ လိုအပ်ချက်များကို ဘောလုံးအဖွဲ့ချုပ်သို့ တင်ပြပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ မြန်မာဘောလုံးအသင်း အောင်နိုင်ရေးအတွက် အနီးကပ်ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်နေကြသော အုပ်ချုပ်သူနည်းပြအဖွဲ့များအနေဖြင့် ရလဒ်ပေါ်မှသာ အပြစ်တင်ပြောဆိုနေ ခဲ့ကြခြင်းများမှာ နည်းလမ်းကောင်းတစ်ခုမဟုတ်ကြောင်း သုံးသပ်ရမိပါကြောင်း။

ယနေ့ မြန်မာနိုင်ငံအတွင်းင်ငံရေး၊ လူမှုရေး၊ အားကစားကိစ္စရပ်များကို အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်အကြံပြု တင်ပြလိုပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြိုကာလတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဘောလုံးအားကစား ဝါသနာရှင်များနှင့် တွေ့ဆုံးဆွေးနွေးခြင်း၊ အကြံပြုစာများ တောင်းခံခြင်း ဆောင် ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ အားကစား ဝါသနာရှင်များအနေဖြင့် အောက်ခြေပြိုင်ပွဲ များမှာ စဉ်ဆက်မပြတ် ကျင်းပပေးဖို့ ပါရမီရှင် အားကစားသမားများ ရှာဖွေဖော်ထုတ် မွေးမြူပေးရန် အားကစားကွင်း၊ အားကစားရုံများတွင် အားကစားပြက္ခဒိန်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရန် အကြံပြုခဲ့ကြသည် ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။

မြန်မာနိုင်ငံအတွင်း အားကစားကိစ္စရပ် အတော်များများတွင် လှုပ်ရှားမှုမရှိသလောက် စိတ်သုဉ်းပျောက် ကွယ်နေပြီဖြစ်ပြီး ဘောလုံးအားကစားကွင်းများမှာလည်း ပျက်စီးနေကြသည့်အတွက် ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေပါကြောင်း၊ လေ့ကျင့်သင်းကြားပေးပါက အောင်မြင့်လာမည့် အားကစားသမားကိုရွေးချယ်ခြင်း၊ နည်းပြကောင်းများကို ငှားယူအသုံးချပြီး လေ့ကျင့်သင်ကြားပေးခြင်း စသည့်နည်းလမ်းများမှာ အချိန်တို အတွင်း အောင်မြင်မှုရနိုင်ပါမည်လား။ သို့မဟုတ် ရွက်ပုန်းသီး ပါရမီရှင် အားကစားသမားများကို ရှာဖွေပြီး မွေးမြူလေ့ကျင့် သင်ကြားပေးမည့် နည်းလမ်းက အောင်မြင်မည်လား။ “တစ်ဂိုးသွင်းရင် ဘယ်လောက်ဆုချမယ်၊ နိုင်ခဲ့ရင် အသင်းကို ဘယ်လောက်ဆုချမယ်” ဆိုသည့် ငွေပြမက်လုံး နည်းလမ်းများ က အောင်မြင်မည်လား။ သို့မဟုတ် “အောက်ခြေတွင် ပျောက်ဆုံးနေသော အားကစားကွင်းများ ကို ဖော်ထုတ်ပေးမည်။ အားကစားပြိုင်ပွဲများကို ကျင်းပနိုင်ရန် ထောက်ပံ့ပေးမည်။ အားကစားပစ္စည်း များ ပြည့်စုံအောင် ဖန်တီးစီစဉ်ပေးမယ်” ဆိုသည့် နည်းလမ်းများက အောင်မြင်မည်လား စသည့်  တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ခွဲဝေမှုများမှာ နည်းလမ်းတကျ မှန်ကန်နေရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် အောက်ခြေ၌ အားကစားနည်းပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေပြီး ဘောလုံး အားကစားကွင်းများ ပျက်စီးနေသောကြောင့် လူငယ်များ၏ အကျင့်စာရိတ္တမဏ္ဍိုင်များကို မည်ကဲ့သို့ ထိန်းသိမ်းဆောင်ရွက်ပေးမည်ဆိုသည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်
အဖြေ

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်မေးခွန်းအား အပိုင်း (၃) ပိုင်းခွဲပြီး ဖြေကြားလိုပါကြောင်း-

ပထမပိုင်းအနေဖြင့် မြို့နယ်အသီးသီးရှိ အားကစားကွင်း၊ အားကစားရုံများပြုပြင် တည်ဆောက်ခြင်းအပိုင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၃၃၀ ရှိ အားကစားကွင်း၊ အားကစားရုံများ ပြုပြင်ပေးရေးနှင့် စပ်လျဉ်း၍ အားကစားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရန်အတွက် ဒါတင်ပြမှုများရှိပါကြောင်း၊ တင်ပြချက်များအပေါ် ဦးစားပေးဆောင်ရွက်နိုင်ရန် အခြေခံမူများချမှတ်ပြီး ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းအခြေခံမူများမှာ -

  • အားကစားကွင်း၊ အားကစားရုံ အသစ်တည်ဆောက်ဖို့ မြေပိုင်ဆိုင်မှု ရှိ/မရှိ ဆိုသည့်အချက်ဖြစ်ပါကြောင်း၊
  • ယင်းမြို့နယ်မှ ဒေသခံပြည်သူလူထုအနေဖြင့် အားကစားကို စိတ်ပါဝင်စားမှု ရှိ/မရှိ၊
  • ယင်းမြိုနယ်၏ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာမှာ စုံစုံညီညီ တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်မှု ရှိ/မရှိ။ အသင်းအရေအတွက်၊ အားကစားသမား အရေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပါကြောင်း၊
  • မြို့နယ်ပြင်ပ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစား ပြိုင်ပွဲများကို အဆိုပါ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် အားကစားဖွံ့ဖြိုးရေးအတွက် မြို့နယ် အားကစားဝါသနာရှင်များမှ ပံ့ပိုးအားပေး ကူညီမှု အခြေအနေကိုလည်း ထည့်သွင်းစဉ်း စားပါကြောင်း၊
  • ရန်ကုန်၊ မန္တလေးတို့တွင် ဖွင့်လှစ်ထားသော အားကစားနှင့် ကာယပညာသိပ္ပံများနှင့် အားကစားအဖွဲ့ချုပ် အသီးသီးသို့ သွေးသစ်အားကစားသမားများ ၎င်းမြို့နယ်များမှ ရှာဖွေဖော်ထုတ်ပေးနိုင်မှု အခြေအနေကို လည်း ထည့်သွင်းစဉ်းစားပါကြောင်း၊
  • မြို့၏ သြဇာအာဏာရှိသော အဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယင်းမြို့နယ် အားကစား အောင်မြင်ရေး အတွက် ဝိုင်းဝန်းပံ့ပိုး ကူညီမှုအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားပါကြောင်း၊
  • အားကစားကွင်း၊ အားကစားရုံများအတွင်း နေ့စဉ် အားကစားသမားများလာရောက် ကစားခြင်းမရှိ/မရှိ။ အချို့သော အားကစားရုံများ ရှိသော်လည်း နေ့စဉ် အားကစားသမားများ လာရောက်ကစားခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှိ/မရှိအခြေအနေကိုလည်း မိမိတို့အနေဖြင့် ထည့်သွင်းစဉ်းစားပါကြောင်း၊
  • ဆုတံဆိပ်အများဆုံး ရယူပေးနိုင်သော ပြေး၊ ခုန်၊ ပစ် အားကစားနည်းကို စိတ်အားထက်သန်စွာ လေ့ကျင့် ကစားသည့် အခြေအနေနှင့် မျှော်မှန်းချက်များ ရှိ/မရှိ၊

စသည့် အချက်အလက်များ ပေါ်မှာမူတည်ပြီးတော့ မြို့နယ်အားကစားကွင်းများပြုပြင်ခြင်း၊ ဘောလုံး ကွင်းများ ပြုပြင်ခြင်း၊ အားကစားရုံသစ်များ တည်ဆောက်ခြင်း လုပ်ငန်းများကို အားကစားဝန်ကြီးဌာန အနေဖြင့် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး အသစ်တည်ဆောက်ရေးလုပ်ငန်းများ အားကစားကွင်းရုံ အဟောင်း ပြုပြင်ခြင်းလုပ်ငန်းများကို အထက်ပါအခြေခံမူများဖြင့် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း ပထမဦးစွာ ရှင်းလင်းတင်ပြပါသည်။

ဒုတိယအချက်ဖြစ်သော အားကစားနည်းများ တိမ်မြုပ် ပျောက်ကွယ်မှုမရှိစေရေးနှင့် စပ်လျဉ်း၍ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပသော အားကစားနည်း ၂၈ မျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားအဖွဲ့ချုပ် ၄၀ ရှိပြီး အိုလံပစ်အားကစားနည်း ၂၈ နည်း အပါအဝင် အခြားသော အားကစားနည်းများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အထူးသဖြင့် အိုလံပစ်အားကစားနည်းများ မြန်မာနိုင်ငံ တွင် ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယပညာသိပ္ပံများမှ ထည့်သွင်းလေ့ကျင့်ခြင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများကိုလည်း ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံတကာပြိုင်ပွဲ များသို့ စေလွှတ်ယှဉ်ပြိုင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အားကစားပြက္ခဒိန် ရေးဆွဲပြီးတော့ အားကစားနည်းအလိုက်၊ နှစ်အလိုက် ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ဒေသအလိုက် ပြိုင်ပွဲများကျင်းပပေးခြင်း အားဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုအချိန်အခါတွင် အားကစားကွင်းရုံများကို နေပြည်တော်တွင် ပြည့်စုံစွာ တည်ဆောက်ပြီး ဖြစ်သည့် အတွက် နေပြည်တော်ရှိ ဖိတ်ခေါ်အားကစားပြိုင်ပွဲများ၊ ကျောင်းသားအားကစားပွဲတော်၊ အမျိုးသား အားကစားပွဲတော် စသည့် ကစားပြိုင်ပွဲကြီးများ ကျင်းပနိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပါသည်။

တတိယအချက်ဖြစ်သော လူငယ်ထုအတွင်း အကျင့်စာရိတ္တမဏ္ဍိုင် ထိခိုက်နိမ့်ကျမှု မဖြစ်ပေါ်စေရေးအတွက် အားကစားဘက်မှ မည်သို့ဆောင်ရွက်ရမည်ဆိုသည့် အချက်အလက်နှင့် စပ်လျဉ်း၍ အားကစားအောင်မြင်ရေး အတွက် အခြေခံ အကြောင်းနှစ်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မတ်စပို့စ် ခေါ် လူထု အားကစားလှုပ်ရှားမှုများမှာ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ပါဝင်လာစေရေးကိစ္စ ဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒီဇင်ဘာလ စုပေါင်းအားကစားလှုပ်ရှားမှုများ၊ စုပေါင်းအားကစား လမ်းလျှောက်ပွဲများ ကျင်းပခြင်း၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အားကစားသင်တန်းများမှာ လေ့ကျင့်သင်ကြားနိုင်ရေး အတွက် မတ်စပို့စ် လှုပ်ရှားမှုများကို အားကစားဝန်ကြီးဌာနမှ အစီအမံများ ချမတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

ဆက်လက်၍ Excellent Sports လို့ခေါ် ထူးချွန်သော အားကစားသမား များပေါ်ထွက်လာပြီး အားကစားအောင်မြင်မှုဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆိုသည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ထူးချွန်သောအားကစားသမားများ ပေါ်ထွက်လာရေး အတွက် အားကစားပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၏ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက်ကိုလည်း စီမံချက်များရေးဆွဲပြီးတော့ ၂၀၁၄-၂၀၁၅ နှစ်မှ စ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား အားကစားပွဲတော်ျကျင်းပဆောင်ရွက်နိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင် ရွက်နေကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

ထို့အပြင် အားကစားဝန်ကြီးဌာနရှိ အားကစားနှင့် ပညာရေး ပေါင်းစပ်ဌာနခွဲကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များမှာ အားကစားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားမှာ ပါဝင်လှုပ်ရှားသော လူငယ်များအနေဖြင့် အားကစားတွင် ပါဝင်သော လူငယ်များဟာ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ကာယဖွံ့ဖြိုးခြင်း၊ ဉာဏဖွံ့ဖြိုးခြင်း၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ခြင်း မိမိတို့၏ စီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း အစရှိသော ဗလငါးတန်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များအားလုံး အားကစားလှုပ်ရှားမှုများမှ ပါဝင်လာစေရေး အတွက် ဆောင်ရွက်ခြင်းအားဖြင့် လူငယ်ထု၏ အကျင်‌့စာရိတ္တမဏ္ဍိုင် ထိခိုက်မှု မဖြစ်ပေါ်စေရေးကို မိမိတို့ဝန်ကြီးဌာနမှ အလေးပေးဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။