(င)-မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၏ငွေချေးခြင်း လုပ်ငန်း အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ယခုထက်ပိုမိုအားကောင်းသည့်စနစ်တစ်ခုကိုဆောင် ရွက်ရန်အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁.၇.၂၀၁၄)

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံအကျဆုံး စက်မှုလက်မှုလုပ်ငန်းများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့ ယခင်အစိုးရ လက်ထပ်နှင့် ယခု ခေတ်အစိုးရသစ်လက်ထပ်များတွင် ငွေချေးသောစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါကြောင်း၊ ယခင်အစိုးရလက်ထပ်က မြန်မာ့စီးပွားရေး၌ မြန်မာ့စက်မှု လက်မှုဖွံ့ဖြိုးရေးဘဏ် မှ ဆောင်ရွက်ပေး သကဲ့သို့ ယခုအချိန်တွင်လည်း ပုဂ္ဂလိကဘဏ်များက ဖော်ဆောင်ပေးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့သော် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်မှုရှိ/မရှိ မှာ မြေပြင်တွင် အခက်အခဲများစွာ တွေ့ကြုံနေရပါကြောင်း၊ အဓိကအားဖြင့် အရင်းအနှီးနှင့်ပတ်သက်၍ လက်ရှိချေးငွေများ ချေးရာတွင် ငွေချေးရန် မြေပုံထုတ်ခြင်း ဖြစ်ပါကြောင်း၊ မြေပုံထုတ်ပြီး လျှောက်သည့်အခါတွင် အိမ်၏တန်ဖိုးကို ရာဖြတ်နှင့် လာစစ်ရာတွင် ရာဖြတ်၏သဘောထားပေါ် မူတည်ပြီး အိမ်၏တန်းဖိုး ၃၀ ရာခိုင်နှုန်း ချေးခွင့်ရပါကြောင်း၊ ငွေကိုပြန်ဆပ်ရန် လုပ်ငန်းများကို မှန်မှန်ကန်ကန်တင်ပြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဘဏ်က အဖွဲ့နှင့် လာရောက်စစ်ဆေးရာတွင် သတ်မှတ်နှုန်းထားများ မှန်ကန်မှု ရှိ/မရှိ အလေးအနက်ထားပြီး မြန်မြန်ဆန်ဆန် စစ်ဆေးပေးရန်လိုအပ်ပါကြောင်း၊ အိမ်ကိုအပေါင်ထားပြီး မိမိတို့ အာမခံဌာနက မီးအာမခံလာစစ်ရာတွင်လည်း ကြန့်ကြားမှုများ ရှိပါကြောင်း၊ ထို့နောက် ငွေချေးသည့် လူများသည့် ချေးငွေရပြီးသည့် အခါ ချေးငွေကိုအမှန်တကယ် အသေးစားအလတ်စားစက်မှုလက်မှု လုပ်ငန်းများတွင် အသုံးမချဘဲ ခေါင်းစဉ်ပြောင်းပြီးသုံးသည့် အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ချေးငွေပေးသည့်စနစ်အားလုံးသည် စက်မှုလုပ်ငန်းတိုးတက်ရန် လိုအပ်သောအရင်းအနှီးများ ပြည်သူများ အလုံအလောက်မရပါပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသည့် ၃၀ ရာခိုင်နှုန်း ပြင်ဆင်ပေးရန် နည်းစနစ်များ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ အသေးစားနှင့် အလတ်စားစက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ပြီး မိမိ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အပေါင်အဖြစ်အပ်နှံ၍ ငွေချေးယူသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး အားနည်းချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး ယခုထက် လုပ်ငန်းအဆင်ပြေ လွယ်ကူချောမွေ့သော အချိန်သတ်မှတ်ချက်များနှင့် လာဘ်ပေးလာဘ်ယူမှုနည်းသော ဝန်ထမ်းများကို ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်သော စနစ်တစ်ခုကို လက်တွေ့ကျကျဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

အဖြေ

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုရေးဘဏ်၏ ချေးငွေတစ်ရပ် ထုတ်ချေးခွင်‌့ရယူရာတွင် ရိုးရိုးချေးငွေ (Commercial Loan) နှင့် SME ချေးငွေ (SME Loan)  နှစ်မျိုးရှိပြီး ဘဏ်၏ လက်ရှိစည်းမျဉ်းသတ်မှတ်ချက်အရ သက်ဆိုင်ရာဘဏ်ခွဲများသို့ ကိုယ်တိုင် သွားရောက်၍ ချေးငွေလျှောက်လွှာရယူနိုင်ပြီး ရိုးရိုးချေးငွေ (Commercial Loan) ၁၂ ရာခိုင်နှုန်းအတွက် အာမခံပစ္စည်းအထောက်အထားစာရွက်များ၊ အာမခံပစ္စည်းခိုင်မာမှု သက်သေခံသည့်မြေပုံ၊ သုံနှစ်စာ အခွန်ဆောင်ထားသည့်အထောက်အထား၊ ဝင်ငွေ၊ ထွက်ငွေစာရင်း သုံနှစ်စာအတွက် ကုမ္ပဏီလိုင်စင် သို့မဟုတ် လုပ်ငန်းလိုင်စင် သို့မဟုတ် စက်မှုလိုင်စင် စသည့် အထောက်အထားများနှင့်အတူ ချေးငွေလျှောက်ထားနိုင်ပါကြောင်း၊ ပူးတွဲအထောက်အထားများကို ရပ်ကွက်အုပ်ချုပ်ရေးရုံး၏ နေထိုင်ကြောင်းထောက်ခံချက်၊ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ကြောင်းထောက်ခံချက်၊  သက်ဆိုင်ရာအိမ်ထောင်စုဇယားမှတ်ပုံတင်မိတ္တူ၊ မိသားစုဝင်များ၏ ထောက်ခံချက်၊ မည်သည့်ဘဏ်မှ ချေးငွေရယူခဲ့ခြင်းမရှိကြောင်းဝန်ခံချက်၊ ကာယကံရှင်၏ ဓါတ်ပုံ၊  ချေးငွေအာမခံနှင့် လုပ်ငန်းများ၏ ဓါတ်ပုံအထောက်အထားများ ပါရှိရမည်ဖြစ်ပါကြောင်း၊ ချေးငွေလျှောက်လွှာပြည့်စုံသောသူများကို သက်ဆိုင်ရာဘဏ်ခွဲမှ မူရင်းအထောက်အထားများအား ပဏာမစိစစ်ခြင်း၊ အာမခံနှင့်လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ပြီး ခိုင်မာမှန်ကန်မှုရှိသော အမှုတွဲများကို ဘဏ်ရုံးချုပ်ရှိ ချေးငွေဌာနသို့ ပေးပို့ပါကြောင်း၊ ဘဏ်ရုံးချုပ်ချေးငွေဌာနအနေဖြင့် ဘဏ်ခွဲများမှတင်ပြလာသော ချေးငွေအမှုတွဲများကို  သက်ဆိုင်ရာချေးငွေမှတ်တမ်း များနှင့် တိုက်ဆိုင်၍ယခင်ကချေးငွေခဲ့ဖူးခြင်းရှိ/မရှိ၊ အာမခံခိုင်မာမှုရှိ/မရှိ ထပ်မံစိစစ်ပြီး ခိုင်မာမှု အားနည်းချက်များရှိပါက သက်ဆိုင်ရာဘဏ်ခွဲများသို့ အကြောင်းကြားပြီး လိုအပ်ချက်များ ထပ်မံ တောင်းခံလာပါကြောင်း၊ ခိုင်မာမှုရှိသော ချေးငွေအမှုတွဲများအား ဘဏ်ရာဖြတ်၊ ဘဏ်ခွဲမှ တာဝန်ရှိသူ၊ ရုံးချုပ်ချေးငွေဌာနမှ တာဝန်ရှိသူစသည့် သုံးဦးပါဝင်သော ဘဏ်ရာဖြတ်အဖွဲ့အား စေလွှတ်၍ အာမခံပစ္စည်း၏ တန်ဖိုးကို ရာဖြတ်စေပါကြောင်း။

အာမခံပစ္စည်းများအား သွားရောက်စိစစ်ခြင်း၊ ဝင်ငွေထွက်ငွေမေးမြန်းခြင်းများ ဆောင်ရွက်ပြီး မူရင်းအထောက်အထားများနှင့် တိုက်ဆိုင်စိစစ်ခြင်း၊ အဆောက်အဦများတိုင်းတာခြင်း၊ တွက်ချက်ခြင်းများ ပြုလုပ်ပါကြောင်း၊ အာမခံမြေနှင့် အဆောက်အဦအား တိုင်းတာတွက်ချက်ရာတွင် မြေတန်းဖိုးအား လက်ရှိ Market Value ဖြင့်လည်းကောင်း၊ Force Sale Value ဖြင့်လည်းကောင်း တွက်ချက်တင်ပြရပြီး အဆောက်အဦတန်းဖိုးအား PAE စနစ်ဖြင့် တွက်ချက်ပါကြောင်း၊ နောက်ဆုံးအဆင့်တွင် ဘဏ်ရာဖြတ်မှ တွက်ချက်တင်ပြသော ဈေးနှုန်းအား ရာဖြတ်တန်းဖိုး၊ ဓါတ်ပုံမှတ်တမ်း၊ ဘဏ်ရာဖြတ် ၏ သုံးသပ်ချက်၊ ချေးငွေအထောက်အထားများ ပြည့်စုံစွာဖြင့် BOD အစည်းအဝေးသို့ တင်ပြရပါကြောင်း၊ BOD မှ သက်ဆိုင်ရာအာမခံပစ္စည်းခိုင်မာမှု၊ လုပ်ငန်းကောင်းမွန်မှုပေါ်တွင် အခြေခံ၍ Force Sale Value တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းတန်ဖိုးသတ်မှတ်ပြီး ချေးငွေထုတ် ယူခွင့်ပြုမိန့် ချမှတ်ပေးပါကြောင်း၊ အသေးစားနှင့် အလတ်စားဖွံ့ဖြိုးရေးဘဏ်သည် အများပြည်သူနှင့်သက်ဆိုင်သော Public Bank တစ်ခုဖြစ်သည့်အပြင် အများပြည်သူများက ယုံကြည်၍ အပ်နှင်းထားသော အပ်ငွေများဆုံးရှုံးမှု ဖြစ်စေရေးအတွက် ချေးငွေထုတ်ချေးရာတွင် အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ထုတ်ချေးလျက်ရှိခြင်းဖြစ်ပါကြောင်း၊ သို့သော် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် မြန်မာနိုင်ငံစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိသော ဘဏ်ဖြစ်သည့်အတွက် SME လုပ်ငန်းများအတွက်လည်း အထူးချေးငွေအတိုးနှုန်း ဖြစ်သော ၈.၅ ရာခိုင်နှုန်းဖြစ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ အဆိုပါ SME အထူးချေးငွေများကို Commercial Loan နှင့်မတူဘဲ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်း (၃) နှစ်၊ သက်တမ်းတိုးလျှင်  ၁၀ ရာခိုင်နှုန်း အရင်းသွင်းရန်မလိုခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ်ပေးပြီး မဖြစ်မနေလိုအပ်သော အာမခံမြေဂရန်၊ လုပ်ငန်းလိုင်စင်၊ လုပ်ငန်း အမှန်တကယ်လုပ်ကိုင်လိုကြောင်း  စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်၊ မြေပုံ၊ မြေရာဇာဝင်၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ လုပ်ငန်းဓါတ်ပုံ၊ အာမခံပစ္စည်းဓါတ်ပုံ၊ ရှေ့နေအစီရင်ခံစာ၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးချုပ်၏ လုပ်ငန်းမှန်ကန်ကြောင်း ထောက်ခံချက်စသည့် အရေးကြီးအာမခံများကိုသာ ရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ချေးငွေထုတ်ချေးရာတွင်လည်း အချိန်ကြာမြင့်မှုမရှိစေရေးအတွက် တစ်လတစ်ကြိမ် ကျင်းပသော BOD အစည်းအဝေးသို့ တင်ပြသည့်စနစ်မှ ၁-၇-၂၀၁၃ ရက်နေ့ကစပြီး ချေးငွေကုမ္ပဏီကို စတင်ဖွဲ့စည်းပြီး တစ်လ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် အစည်းအဝေးကျင်းပသည့်စနစ်သို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဘဏ်များသည် မိမိထံလာရောက်အပ်နှံသော အပ်ငွေများပေါ်တွင် အခြေခံ၍ ချေးငွေထုတ်ချေး ခြင်းဆောင်ရွက်ရသည့် အတွက် ဗဟိုဘဏ်မှ သတ်မှတ်ချက်ဖြစ်သော (Loan to Deposit Ratio)အရ အပ်‌ငွေများ၏ စုစုပေါင်း ၈၀ ရာခိုင်နှုန်းကို ပြန်လည်ချေးယူခွင့်ပြုပါကြောင်း၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် မြန်မာနိုင်ငံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကို ရည်ရွယ်ဆောင်ရွက်နေသော ဘဏ်ဖြစ်ပါသဖြင့် ဘဏ်အတွင်း ဆုံးရုံးမှုကာကွယ်ရေးကို အခြေခံပြီး ယခုထက်ပိုမို ကောင်းမွန်မြန်ဆန်စွာ လုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ သမဝါယမ ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေနှင်‌့ အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ပြည်သူများအား အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် အသေးစားစက်မှုလုပ်ငန်းများ (Micro- Business) ဖွံ့ဖြိုးရေးအတွက်လည်း အသေးစားအရင်းအနှီးငွေ ထုတ်ချေးပေးခြင်း များကို အပေါင်းပစ္စည်းမလိုဘဲ သမဝါယမစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ‌ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထူထောင်ပြီးဖြစ်သော မြန်မာအသေးစားငွေရေး ကြေးရေးဘဏ် (Myanmar  Micro-finance Bank)၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်လာနိုင်ပါက သမဝါယမအသင်းသား အခြေခံပြည်သူများအတွက် အပေါင်ပစ္စည်းတင်ရန်မလိုဘဲ အသေးစားအရင်းအနှီးချေး‌ငွေများထုတ်ချေးပေးခြင်း၊ ကျန်ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပေါင်ပစ္စည်းအပ်နှံသည့်စနစ်ဖြင့် ငွေထုတ်ချေးပေးခြင်းများ ဆောင်ရွက်နိုင်သည့်စနစ်ဖြင့် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် အသေးစားအရင်းအနှီးချေးငွေများ ဆုံးရှုံးမှုမရှိစေရန်အတွက် တစ်ဦးချင်းလိုက်နာထိန်းကျောင်းခြင်း၊ ဝိုင်းကြီးချုပ်စနစ်ဖြင့် အချင်းချင်းထိန်းကျောင်းခြင်း၊ သမဝါယမအသင်းအဆင့်ဆင့်က ထိန်းကျောင်းခြင်းစသည့်စနစ်များဖြင့် သတ်မှတ်ပြီး ထိန်းကျောင်းဆောင်ရွက်စေ ခဲ့ပါကြောင်း၊ ဝန်ထမ်းများကို ဥပဒေနှင့်အညီ စည်းကမ်းတကျ ကျင့်ကြံတတ်ရေး၊ ကျရာတာဝန်အခန်းကဏ္ဍမှ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ရေး၊ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်ရေး၊ အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် လာဘ်ပေးလာဘ်ယူမှု ရှောင်ကြဉ်စေရေးတို့အတွက် နိုင်ငံဝန်ထမ်းဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက ၈-၃-၂၀၁၃ ရက်နေ့က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေကို နိုင်ငံ့ဝန်ထမ်းအဆင့်အတန်းအားလုံး သိရှိလိုက်နာကျင့်သုံးစေရန် အရာထမ်း/အမှုထမ်းအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပြီး ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများကလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် သင်ခန်းစာတွင် ထည့်သွင်းပို့ချရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးတင်မောင်ဦး (ရွှေပြည်သာ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စက်မှုလက်မှုလုပ်ငန်းများမှ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးမှာ Capital Market ဖြစ်ပါကြောင်း၊ အရင်းအနှီးမရှိဘဲ မည်သည့်အရာမှ လုပ်ကိုင်၍မရပါကြောင်း၊ နိုင်ငံတော်မှချေးသော ချေးငွေများသည် မိမိပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် အဆောက်အဦများကို အပေါင်ပေးပြီးမှ မြန်မာ့စီးပွားရေးဘဏ်တွင် ကာလအားဖြင့် ၃ နှစ်၊ အတိုးအားဖြင့် ၁၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အလားတူ ပုဂ္ဂလိကဘဏ်များလည်း ပေါ်ထွန်းလာပြီးဖြစ်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြည့်၍ရသော်လည်း မိမိပိုင်ဆိုင်သော ပစ္စည်း၏ ၃၀ရာခိုင်နှုန်းကိုပဲ ထိခွင့်ရသည့်အတွက် လုံလောက်သော အရင်းအနှီး မရကြပါကြောင်း၊ အရင်းအနှီးအပြည့်အစုံရရှိရန် ပိုင်ဆိုင်မှုထက် ပြီးခဲ့သည့်ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲများ၊ ဂျာနယ်များတွင် အစိုးရဘက်မှ ဖော်ဆောင်ပေးမည့် Tran tic  Granny အပေါင်ပစ္စည်းမပါဘဲ ငွေချေးမည့်စနစ်ကို လုပ်မည်ဟုကြားသိရသဖြင့် လာမည့်ကာလတွင် ပြည်သူလူထု စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်မည့်သူများ  အရင်းအနှီး အပြည့်အဝရရှိရန် အပေါင်ပစ္စည်းမပါဘ မည်သို့ဖော်ဆောင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး      ဦးမျိုးအောင်

မိမိတို့ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အပါအဝင် ဘဏ်များမှ ငွေချေးပါကြောင်း၊ ဗဟိုဘဏ်၏ ညွှန်ကြားချက် ငွေကြေးအဖွဲ့အစည်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအပေါင်ပစ္စည်း ပါမှသာ ချေး၍ရပါကြောင်း၊ ထို့ကြောင့် အသေးစားနှင့်အလတ်စား လုပ်ငန်းပိုင်ရှင်အနေဖြင့် ငွေချေးရာ အခက်အခဲများ ရှိပါကြောင်း၊ ထို့ကြောင့် အခုအချိန်တွင် ဘဏ်အနေဖြင့် အပေါင်ပစ္စည်းမပါဘဲ ငွေချေးရန်  Tran tic  Granny ကိစ္စကို ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုလိုအပ်ပါက ပြည်ပနိုင်ငံများမှ အကူအညီယူရန် ဆွေးနွေးနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။