ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းရှိ ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ် ရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် နမ့်စန်မြို့နယ် အခြေခံပညာ အထက် တန်းကျောင်း (ခွဲ) တို့သည် အခင်း၊ အကာ၊ မျက်နှာကျက်များ မကောင်းတော့ခြင်းကြောင့် ပြန်လည်ပြုပြင်ရန် သို့မဟုတ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင် အသစ်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၏ ပင်မကျောင်းဆောင်၊ စာသင်ခန်း ၁၀ ခန်း၊ ၁၆၀ ပေ x ၃၀ ပေ၏ အခန်းနေရာများ ပြုပြင်အချောသပ်ရန် မျက်နှာကျက်များတပ်ဆင်ရန် အခန်းအကန့်အကာနှင့် အောက်ခြေအခင်းများ ပြန်လည်ပြုပြင်ရန် လိုအပ်နေခြင်း၊ နမ့်စန်မြို့နယ် အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းကို ၁၉၆၉ ခုနှစ် တွင် ဆောက်လုပ်ခဲ့သည့် အတွက် လက်ရှိ ၁၅၀ ပေ x ၃၀ ပေ ပင်မကျောင်းဆောင်၊ စာသင်ခန်းငါးခန်း၏ အကာအရံများ မျက်နှာကျက်များ၊ ကျောင်း၏တိုင်များ ဆွေမြေ့ ပျက်စီးသွားနေခြင်းများ ကို ပြုပြင်ခြင်း သို့မဟုတ် အသစ်ဆောက်လုပ်ပေးခြင်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အစီအစဉ်ရှိ/မရှိနှင့် နမ့်စန်မြို့နယ် အမှတ်(၁၀)ရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၄)ရွာ အခြေခံပညာ မူလတန်းကျောင်း များသည် ဟောင်းနွမ်းပြီး ဥပဓိရုပ်မကောင်းတော့ခြင်းများကြောင့် ၆၀ ပေ x ၃၀ ပေ ကျောင်းဆောင် သစ်များ ဆောက်လုပ်ခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်းမေးမြန်းပါသည်။
နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းအတွက် ဘဏ္ဍာငွေ ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် ၃၆ သန်းကို ခွင့်ပြုရန်ပုံငွေ ချထားပေး ပြီးဖြစ်ပါကြောင်း၊ အမှတ်(၅) ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အ တွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ၂၀၁၄-၂၅ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင် ရာဌာနများက အတည်ပြုပေးခဲ့ပါက ရန်ပုံငွေကျပ် ၇၂ သန်းကို ခွဲဝေချထားပေးသွား မည်ဖြစ်ပါကြောင်း၊ အခြားကျောင်းများနှင့် ပတ်သက်၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း လျာထားချက်တွင် ပါဝင်ခြင်းမရှိပါကြောင်း၊ သို့သော် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လျာထားချက်တွင် ပါဝင်နိုင်ရေးအတွက် ရန်ပုံငွေတောင်း ခံသော အမှုတွဲများကို သက်ဆိုင်ရာရုံးချုပ်များသို့ အချိန်မီပေးပို့နိုင်ရန် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ လမ်းညွှန်အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြန် လည်ဖြေကြားပါသည်။
