(ဃ)-သင်္ဃန်းကျွန်းမြို့နယ်၊ဒေါ်အေးအေးမူပါ(၇)ဦး တို့နေထိုင်သောမြေအားနိုင်ငံသားများ၏တရားဝင်ရ ရှိပိုင်ဆိုင်ထားသောမရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ဥပဒေအရအကာအကွယ်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၃.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်အေးအေးမူပါ ခုနစ်ဦးတို့သည် လွန်ခဲ့သော နှစ် ၇၀ ကျော်ပြည်သူပိုင်မသိမ်မီကတည်းက အစဉ်အဆက်ရော်ဘာစက်ရုံကွင်းနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားနေထိုင်ခဲ့ သူများဖြစ်ခြင်း၊ စက်ရုံကို ပြည်သူပိုင် သိမ်းစဉ်က စက်ရုံမြေနှင့် လူနေအိမ်များ အကြား သစ်သားတိုင်နှင့် သံဆူး ကြိုးကာ၊ ခြံစည်းရုံးရှိခဲ့ခြင်း၊ ၁၉၈၃ ခုနှစ်တွင် စက်ရုံမှူးမှ ပျက်စီးနေ သည့် ခြံစည်းရိုးကို အနီးနေ ပြည်သူများ၏ သဘောတူညီချက်ဖြင့် အုတ်တံတိုင်းကာရံခဲ့ခြင်း၊ ၁၀-၈-၂၀၀၁ နေ့တွင် စက်ရုံကတစ်ဖက် သတ် လျှောက် ထားပြီး  ယခုအခါတွင် ဘိုးဘွားစဉ်ဆက်နေထိုင်ခဲ့သူများကို ကျူးကျော်သူဟုသတ်မှတ်၍ ဖယ်ရှားပေးရန် နှုတ်ထွက်စာများ မကြာခဏထုတ်ဆင့်ခြင်းများကြောင့် လက်ရှိအိမ်ထောင်စု ခုနစ်စု၏ မိသားစုဝင်များအနေဖြင့် နစ်နာမှုများ ခံစားနေရသည်ကို သိရှိခြင်းရှိ/မရှိနှင့် အဆိုပါအိမ်ထောင်စု (၇)စုသည် ၁၉၄၆-၁၉၄၇၊ ရန်ကုန် ဆင်ဖြေဖုန်းကျေးရွာ၊ နံပါတ်(၁၅၆)၊ ဘောက်ထော်ရွာသူကြီးအပိုင် မြေပုံညွှန်းအရ  စက်ရုံမြေနှင့်လူနေမြေ သီးခြားဖော်ပြထားသောကြောင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၃၅၆ အရ နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့် ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးအောင်
အဖြေ
ဖြေကြားချက် 

ရော်ဘာပစ္စည်းစက်ရုံခွဲ သင်္ဃန်းကျွန်း ယခင်ပြည်ထောင်စု ရော်ဘာစက်ရုံကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြည်သူပိုင်သိမ်းယူခဲ့ပြီး ယခုအချိန်အထိ နိုင်ငံတော်ပိုင်စက်ရုံအဖြစ် တည်ရှိမှုကာလ ၄၆ နှစ်ကြာမြင်‌့ပြီဖြစ်ပါကြောင်း၊  ပြည်သူပိုင်သိမ်းဆည်းစဉ် က ပြည်သူပိုင်သိမ်းမြေအတွင်း နေအိမ် ၁၃ လုံး၊ မိသားစု ၂၀ ခန့်နေထိုင်လျက်ရှိခဲ့ပြီး ၁၉၅၄ ခုနှစ် တွင် ပြည်ထောင်စုရော် ဘာစက်ရုံကို ယခင်ပိုင်ရှင်မှ တည်ဆောက်စဉ်ကပင် စက်ရုံပိုင်မြေပေါ်တွင် ၎င်း၏ အလုပ်သမားဝန်ထမ်းများကို နေထိုင်ခွင့်ပြုထား ခဲ့ခြင်းဖြစ် ပါကြောင်း၊  ပုဂ္ဂလိကစက်ရုံအဖြစ် တည်ရှိခဲ့စဉ်ကာလက စက်ရုံနှင့်စက်ရုံဝန်ထမ်းအိမ်များ သီးခြားပိုင်းခြား ထားသည့်အနေဖြင့် ယာယီခြံစည်းရိုးရှိခဲ့သော်လည်း စက်ရုံမြေပေါ်တွင် တည်ဆောက် ထားသော လုပ်ငန်းနေ အိမ်များ သာ ဖြစ်ပါကြောင်း၊  စက်ရုံ၏ လုံခြုံရေး အတွက် ၁၉၉၅-၉၆ ခုနှစ်တွင် အုတ်တံတိုင်းကာရံခဲ့ပြီး ယင်းသို့ဆောင်ရွက်ခြြ်အုတ်တံတိုင်းကာရံခြင်းမှာ ဌာနပိုင်စက်ရုံမြေအဖြစ် ပိုင်းခြားသတ်မှတ်ခဲ့ ခြင်းမဟုတ်ဘဲ လုံခြုံရေးအရ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်း။
 ရော်ဘာ ပစ္စည်းစက်ရုံခွဲ( သင်္ဃန်းကျွန်း) ကို ပြည်သူပိုင်သိမ်းဆည်းပြီး နိုင်ငံတော်အစိုးရ ပိုင်အဖြစ်သာ ထားရှိခဲ့ရာမှ ၂၀၀၁ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန အမည်သို့ ပိုင်ဆိုင်မှု အမည်ပြောင် လဲခဲ့ခြင်းဖြစ်ပြီး ဂရန်အသစ်လျှောက်ထားရယူခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ လက်ရှိစက်ရုံမြေအတွင်း ကျန်ရှိနေသည့် မိသားစု ခုနစ်စုအပါအဝင် ပြည်သူပိုင်သိမ်းယူစဉ်ကပါရှိခဲ့သည့် မိသားစု ၂၀ စုတို့ကို ၁၉၉၉ ခုနှစ်ကတည်းက ဒဂုံမြို့သစ်တောင်ပိုင်း မြေတိုင်းရပ်ကွက်အမှတ် (၁၄၀) တွင် မိသားစုတစ်ခုချင်းအလိုက် ၂၀ ပေ x ၆၀ ပေ မြေကွက်(၁) ကွက်စီပေးအပ်ခဲ့သော်လည်း မိသားစု ခုနစ် စုက လက်ခံမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။ ယင်းတို့အား ၂၀၀၅-၂၀၀၆ ခုနှစ်တွင် တိုက်ခန်း (၁) ခန်းစီ လက်ခံရယူနိုင်ရေး ထပ်မံညှိနှိုင်းပေးခဲ့သော်လည်း ၎င်းမိသားစု ခုနစ်စုမှ လက်ခံမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြို့မြေစာရင်းတွင် အဆိုပါမြေ၏ မြေရာဇဝင်၌ အဆိုပါ အိမ်ထောင်စု (သို့မဟုတ်) အိမ်ထောင်စု၏ ဘိုးဘွားများ အမည်ပေါက်ပိုင်ဆိုင်ကြောင်း အထောက်အထား မတွေ့ရှိရသည့် အပြင် အဆိုပါမြေသည် ၁၉၄၆-၄၇ ခုနှစ်၊ ရန်ကုန်ဆင်ခြေဖုန်းကျေးရွာ၊ နံပါတ် ၁၅၆၊ ဘောက်ထော် ရွာသူကြီး အပိုင်းမြေပုံညွှန်းအရ စက်ရုံ မြေနှင့်လူနေမြေသီးခြားဖော်ပြထားသည်ဆိုသော်လည်း အဆိုပါ အိမ်ထောင်စု ခုနစ်စုက တရားဝင် ရယူပိုင်ဆိုင်ထားကြောင်း ထောက်ခံမှုပြုထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသား များ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင်‌့ စပ်လျဉ်း၍ တရားဥပဒေအရ အကာအကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထား သော်လည်း အထက်ပါအိမ်ထောင်စု ခုနစ်စုသည် အဆိုပါမြေကို တရားဝင်ရရှိပိုင်ဆိုင်ထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသောကြောင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ကာကွယ်ပေးနိုင်ခြင်း မရှိ ပါကြောင်း ပြန် လည်ဖြေကြားပါသည်။


ဦးသိန်းညွန့်(သင်္ဃန်းကျွန်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပထမအချက်အနေဖြင့်  စက်မှုဝန်ကြီးဌာနနှင့် ညှိုနှိုင်းရာတွင် သက်ဆိုင်ရာအိမ်ထောင်စု ခုနစ်စုက ပုဂ္ဂိုလ်များက အထောက်အထားများတင်ပြရာတွင် ယခုဆိုလျှင် ၄၆-၄၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့သည့်မြေပုံသည် စက်ရုံနှင့် သက်ဆိုင်ခြင်းမရှိသလို တရားရုံးအဆင့်ဆင်‌့နှင့် အရပ်ဖက် သူတို့ဝယ်ထားသည့်စာချုပ်များ၊ ကျမ်းကျိမ်ခြင်း များကို  စက်မှုဝန်ကြီးဌာနသို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း အရာမထင်ခဲ့ပါကြောင်း၊ ယင်းတို့ အနေဖြင့် မြေ ၂၀ x အိမ် ၂၀ တိုက်ခန်းတစ်ခန်းပေးရုံဖြင့် ဖယ်ပေးခြင်းမရှိရသည့်အကြောင်းရင်းများလည်း ၎င်းတို့ထံတွင် ရှိပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားရမည်ဟုလည်း ပါရှိပါကြောင်း၊ ပိုင်ဆိုင်မှုဆိုသည်မှာ  (၁) မှတ်ပုံတင်စာချုပ်ဖြင့်ဖြစ်စေ၊ (၂) မှတ်ပုံတင်စာချုပ်မရှိလျှင် အရပ် စာချုပ်နှင့် နေထိုင်ပြီး လက်ရှိရယူထားဖြစ်စေ ဥပဒေအရ ပိုင်ဆိုင်သည်ဟု တရားရုံး အဆင့်ဆင့်က အသိအမှတ်ပြုပါကြောင်း၊ထို့အပြင် ဥပဒေတွင် ပိုင်ရှင်ကို သိလျင်စတင်ပြီး ၁၂နှစ်ကျော်နေထိုင်ပါက စတင်ပိုင်ဆိုင်မှုများရရှိသည့်အတွက် ၎င်းအိမ်ထောင်စု ခုနစ်စုအနေဖြင့်၏ ဥပဒေ၏ အကာအကွယ်ကို ရရှိရန် စက်မှုဝန်ကြီးဌာနမှ အထောက်အထားများ ပြန်လည်စစ်ဆေး သုံးသပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ထပ်မံမေးမြန်းပါသည်။ 


စက်မှုဝန်ကြီးဌာန၊    ဒုတိယဝန်ကြီး ဦးမျိုးအောင်
မိမိအနေဖြင့် အထက်ပါတင်ပြထားသကဲ့သို့ ပိုင်ဆိုင်မှုအထောက် အထားတွေများ မရှိခြင်းကြောင့် ဆက်လက် ဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်ပါကြောင်း၊  ယခုအခါ ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးချက်တွင် ယခင်က ပိုင်ဆိုင်မှုအထောက်အထား တင်ပြခဲ့ဖူးကြောင်းနှင့် ၎င်းနှင့် ပတ်သက်၍ မိမိတို့တွင် အထောက်အထားများ ရှာဖွေမရပါကြောင်းနှင့် ယင်းပိုင်ဆိုင်မှု အထောက်အထားများကို ကျနစွာ ပြန်လည် တင်ပြနိုင်မည် ဆို ပါက မိမိအနေဖြင့် ပြန်လည်သုံးသပ်ပေးပါမည်ဖြစ်ကြောင်း ဖြေကြားပါသည်။