ပြည်သူ့ဝန်ထမ်းများသည် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အရေးအရာများကို ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင်လျက်ရပါကြောင်း၊ ရှားတောမြို့နယ်တွင် အစိုးရဌာနပေါင်း ၂၅ ခုရှိပြီး ဝန်ထမ်း ၃၀၀ ကျော်ခန့်ရှိပါကြောင်း၊ ဒေသခံဝန်ထမ်းအချို့ ရှိသော်လည်း အများစုမှာရပ်ဝေးမှ လာရောက်ခါ တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများဖြစ်ပါကြောင်း၊ ရုံးဌာနအများစုသည် ဝန်ထမ်းအိမ်ရာများရှိသော ဌာနများမဟုတ်သည့်အတွက် နေရေးထိုင်ရေး အလွန်ခက်ခဲကြပြီး အချို့သောဝန်ထမ်းများမှာလည်း ရှိသည့်အခန်းကိုမျှဝေပြီး ဖြစ်သလို စုပေါင်းနေထိုင်ကြရပါကြောင်း၊ ဝန်ထမ်းအိမ်ရာရှိသော ရဲတပ်ဖွဲ့စခန်း၏ နေအိမ်လိုင်းခန်းများသည် နှစ်ပေါင်းကြာရှည်ပြီ ဖြစ်သောကြောင့် နေ၍မရအောင် ယိုယွင်းပျက်စီးလျက်ရှိပြီး အသစ်ပြန်လည် ဆောက်လုပ်ရန် သက်ဆိုင်ရာအထက်ဌာနသို့ တင်ပြထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ ပြင်ဆင်ဆောက် လုပ်နိုင်ခြင်းမရှိသေးပါကြောင်း၊ အဝေးမှလာရောက် တာဝန်ထမ်းဆောင်သော ဌာနပေါင်းစုံမှ ဝန်ထမ်းများ၏ နေထိုင်ရေးအဆင်ပြေပြီး တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စုပေါင်း ဝန်ထမ်းအိမ်ရာ(သို့) သက်ဆိုင်ရာဌာနအလိုက် လိုင်းခန်းအိမ်ရာများကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။
ကယားပြည်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ တည်ဆောက်၍ ငှားရမ်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လွိုင်ကော်မြို့နှင့် ဒီမောဆိုမြို့တို့တွင် တိုက် ၁၉ လုံးနှင့် အခန်း ၁၃၄ ခန်းအား ငှားရမ်းခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်မြို့နယ်တွင် လေးခန်းတွဲ သုံးထပ် ၁၂ ယူနစ်ပါ တိုက်နှစ်လုံး တည်ဆောက်လျက်ရှိပါကြောင်း။
ရှားတောမြို့နယ်အတွင်း ဌာနဆိုင်ရာ ၂၅ ဌာနရှိပြီး ဝန်ထမ်းအင်အားမှာ ၂၉၈ ဦးအနက် ဒေသခံ ဝန်ထမ်း ၁၇၉ ဦးနှင့် ရပ်ဝေးဝန်ထမ်း ၁၁၉ ဦး ရှိပါကြောင်း ၊ ဌာနအလိုက်ဝန်ထမ်းအိမ်ရာ ၃၃ လုံးသာရှိသဖြင့် ၈၆ ဦးအတွက် အိမ်ရာ လိုအပ်နေပါကြောင်း၊ ရှားတောမြို့တွင် မြေလွတ်မြေရိုင်း မရှိ၍ မြို့မြေအနာဂတ်မြေ အသုံးချမှုစီမံချက်အရ ရှားတောမြို့တောင်ဘက်တွင် ဌာနဆိုင်ရာများအတွက် မြို့မြေတိုးချဲ့ရန် ၄၇.၀၄ ဧက လျာထားပြီး မြို့မြေတိုးချဲ့ရန် အမိန့်ရရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ယခုလောလောဆယ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
