(က)-ဘူးသီးတောင်-မောင်တောလမ်းပေါ်ရှိလိုဏ်ဂူ ငယ်လမ်းအား ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁.၇.၂၀၁၄)

ဘူးသီးတောင်-မောင်တောလမ်းသည် ၁၆ မိုင်ရှည် လျားပါပြီး လိုဏ်ဂူကြီးနှင့် လိုဏ်ဂူငယ်ဆိုပြီး လိုဏ်ဂူ ကွဲ နှစ်ခုကို ၁၉၁၈ ခုနှစ် မာတင်ကုမ္ပဏီမှ အင်္ဂလိပ်လက်ထက်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ ၎င်း လိုဏ်ဂူ ကြီးကို မိမိတို့ ရခိုင်တိုင်းရင်သားများက တောင်ခေါင်းကြီး ဟုခေါ်ပြီး လိုဏ်ဂူငယ်ကို တောင်ခေါင်းရှည်ဟုခေါ်ခဲ့ ကြပါကြောင်း၊ ၎င်းလိုဏ်ဂူကြီးများသည် (၉၆)နှစ်ကျော်ကြာမြင့်နေပြီးဖြစ်သဖြင့် အတော်လေး ပျက်စီးနေသည် ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ လိုဏ်ဂူကြီးလမ်းမှ မသွားဘဲ ရှောင်ကွင်းလမ်းအဖြစ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုလိုဏ်ဂူငယ်သည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးအတွက် အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် လိုဏ်ဂူငယ်ကိုလည်း ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုရန် အထူးလိုအပ်လျက်ရှိနေပါကြောင်း၊ ၎င်း လိုဏ်ဂူငယ်လမ်းကို ရှောင်ကွင်းလမ်းအဖြစ် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်မှာပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ ဘူးသီးတောင်-မောင်တောလမ်းသည် ၁၆ မိုင်ရှည်လျားပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါသည် မိုင်တိုင် ၆/၄ မှ ၆/၅ ကြား ၉၈ ပေအရှည်ရှိ လိုဏ်ဂူငယ်တစ်ခုရှိပြီး မိုင်တိုင် ၇/၇ နှင့် ၈/၀ မှာ ၆၅၈ ပေအရှည်ရှိ လိုဏ်ဂူကြီးတစ်ခု ရှိပါကြောင်း၊ အဲ့ဒီဟာတွေကတော့ (Tunnel) (၂) ခုဖြစ်ပါသည် လိုဏ်ဂူကြီးသည် ကြံ့ခိုင်ရေးလည်း အားနည်းသည့်အတွက် မိမိတို့ ၂၀၁၃-၁၄ တွင် ရှောင်ကွင်းလမ်းအဖြစ် ပေ ၁၅၀၀ ဖောက်လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖောက်လုပ်ပြီး ယခုအချိန်တွင် ကတ္တရာလမ်းအဖြစ အသုံးပြုလျက်ရှိပါသည် လိုဏ်ဂူငယ်ကို လောလောဆယ်တွင် ကြံ့ခိုင်ရေးကောင်းသည့် အနေအထားရှိပါသည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးအတွက် ရှောင်ကွင်းလမ်းရှိသင့်သည်ဟု မိမိတို့လည်း ခံယူထားပါကြောင်း၊ ၎င်း ရှောင်ကွင်းလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် တိုင်းတာပြီးဖြစ်ပါသည် အရှည် ပေ ၅၅၀၊ အမြင့် ပေ ၆၀ ရှိ လိုဏ်ဂူငယ်ရှောင်ကွင်းလမ်းကို မိမိတို့ တိုင်းတာပုံထုတ်ပြီးလည်းဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး လုပ်ငန်းကို ရှောင်ကွင်းလမ်းအဖြစ်ကို ဆောင်ရွက်ပေးပါမည်ဟု ပြန်လည်ဖြေကြားပါသည်။