(ဃ)-သက်ဆိုင်ရာအဖွဲ့အစည်းတို့မှထုတ်ပြန်နေ သည့်အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့်ညီညွှတ်စေရန်စိစစ်ဆောင်ရွက်ခြင်းနှင့် ထုတ်ပြန်ချက်များကိုပြည်သူများသိခွင့်ရှိ/ မရှိ နှင့် စပ်လျဉ်း သည့်မေးခွ

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၈.၁.၂၀၁၄)

ဦးခင်မောင်ညို (ပေါက်)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၇ (က) ပုဒ်မခွဲငယ်(၂)နှင့် ပုဒ်မ ၁၈၉ (က) ပုဒ်မခွဲငယ်(၂)တို့အရ သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်များဟာ ယင်းဥပဒေနှင့်သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခွင့်များအပ်နှင်းနိုင်သည် ဟု ဖော်ပြထားချက်နှင့် အညီ အပ်နှင်းခဲ့၍ ယင်းကိစ္စများကို အဖွဲ့အစည်းများနှင့် အာဏာပိုင်တို့က ထုတ်ပြန်လျက်ရှိကြပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၇(ခ)နှင့် ပုဒ်မ ၁၈၉(ခ)တို့တွင် ဥပဒေတစ်ရပ်ရပ်အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ပြု လုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံး လုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း ညီညွတ်ရမည် ဟု ဖော်ပြထားရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၇(ဂ)၊ (ဃ)၊ (င)နှင့် ပုဒ်မ ၁၈၉ (ဂ)၊ (ဃ)၊ (င)တို့အရ လွှတ်တော်အသီးသီးမှ စိစစ်ရန်တာဝန်ရှိသည့် ပြဋ္ဌာန်းပြီး တင်ပြလာသော နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အာဏာပိုင်တို့မှ ထုတ်ပြန်ခွင့်အပ်နှင်းပြီး ထုတ်ပြန်နေသည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတို့မှာ ပြည်သူများနှင့် အများဆုံး ထိတွေ့ဆက် ဆံနေ ရသော အောက်ခြေရုံးဌာန အသီးသီးတို့မှ အဓိကလိုက်နာ ကျင့်သုံး ကြရသည်ဖြစ်ရာ အဆိုပါထုတ်ပြန်ချက် များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် လည်းကောင်း ညီညွတ်ရန် လိုအပ်သည့်အပြင် ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အများ သိရှိနိုင်လောက် သည့် ကိစ္စများကို အခွင့်အရေးပေး၍ ပြည်သူများ သိရှိခွင့်ရသင့်သည်ဟု ထင်မြင် မိပါကြောင်း။ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကအပ်နှင်းပြီး ဆောင်ရွက်လျက်ရှိသော သက်ဆိုင်ရာ အဖွဲ့အစည်း အာဏာပိုင်တို့မှ ထုတ်ပြန်နေသော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် လည်းကောင်း ညီညွတ်စေရန် (က) စိစစ်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ နှင့် ရှိပါက မည်သို့ဆောင်ရွက်၍ မရှိပါက အဘယ်ကြောင့်နည်း။ (ခ) ထိုသို့ထုတ်ပြန် ချက်များကို ပြည်သူများ သိရှိခွင့် ရှိ/မရှိ နှင့် ရှိပါက မည်သို့ဆောင်ရွက်ထားသည်ကို သိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမြသိန်း
အဖြေ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမြသိန်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၃၂၂ (ခ) အရ ဥပဒေပြုအာဏာပိုင်ဖြစ်သော လွှတ်တော်များက ပြဋ္ဌာန်း လိုက်သော ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီကို စိစစ်ဆုံးဖြတ်ပေးဖို့ရာ တာဝန်ရှိသည်ဖြစ်ရာ သို့သော် ယင်းကဲ့သို့ စိစစ်ဆုံးဖြတ်ပေးရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅ နဲ့ ၃၂၆ တို့အရ သတ်မှတ်ထားသော ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများက သတ်မှတ်ချက်များနှင့်အညီ အမှု တင်သွင်းမှ သာလျှင် ခုံရုံးအနေဖြင့် စိစစ်ဆုံးဖြတ်ခွင့်ရှိပါကြောင်း၊ သို့ရာတွင် တင်သွင်းသူမရှိဘဲ ခုံရုံးက ကိစ္စရပ်တစ်ခုကို မိမိသဘောအရ အမှုဖွင်‌့ဆောင်ရွက်နိုင်ခွင့် မရှိကြောင်းကို ဦးစွာတင်ပြလိုပါကြောင်း။

ကိုယ်စားလှယ်တော် မေးမြန်းချက်အရ ပထမဦးစွာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာရ ပုဂ္ဂိုလ်များက ထုတ်ပြန်သော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ရန် ခုံရုံးသို့ အကြောင်းကြားထားခြင်းမရှိသည့်အတွက် ခုံရုံးတွင် စိစစ်ပိုင်ခွင့် မရှိပါကြောင်း။

ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၇ နှင့် ပုဒ်မ ၁၈၉ ဆိုလိုရင်းမှာ ဥပဒေပြုလွှတ်တော်က ဥပဒေတစ်ခု၊ မိခင်အက်ဥပဒေတစ်ခုကို အတည်ပြုပြဋ္ဌာန်းပေးလိုက်သည့် အချိန်တွင် ယင်းဥပဒေကို အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများသည် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဥပဒေ ပြဋ္ဌာန်းရန် အာဏာပေးနိုင်သကဲ့သို့ အမိန့်၊ ညွှန်ကြားချက်၊ အမိန့်ကြော်ငြာ စာ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ရန် အာဏာလည်း ပေးနိုင်ကြောင်း ပြဋ္ဌာန်းခြင်းဖြစ်ပါရာ ဤပြဋ္ဌာန်းချက်မှာ ပြည်ထောင်စုလွှတ်တော် သာမက တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ တွင်လည်း အာဏာသက်ရောက်မှုရှိပါကြောင်း၊ ထိုကဲ့သို့ ထုတ်ပြန်ခွင့်ရသည့် အမိန့်များ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာတည်ဆဲ မိခင်အက်ဥပဒေတို့နဲ့အညီ ဖြစ်ရ မည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း ဆိုသည်မှာ မိခင်အက်ဥပဒေကို အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းသော ဥပဒေများ ဖြစ်ပါကြောင်း၊ မိခင်အက်ဥပဒေကို အကောင်အထည် ဖော်ဖို့ရန်အတွက် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း သို့မဟုတ် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း များသည်လည် မိခင်ဥပဒေကို ကျော်လွန်ခွင့် မရှိစေပဲ မိခင်အက်ဥပဒေကို အကောင်အထည် ဖော်ရန်အတွက်သာ ထုတ်ပြန် ခွင့်ရှိကြောင်း။

မိခင်အက်ဥပဒေကို အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းသောဥပဒေများတွင် နည်းဥပဒေသည် အဆင်‌့မြင့်ဆုံး ဖြစ်ပြီး ထိုကဲ့သို့ နည်းဥပဒေ ပြုလုပ် အကောင်အထည်ဖော်သော်လည်း ပြည့်စုံမှ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် များ ထုတ်ပြန်လျက်ရှိပါကြောင်း၊ ယင်းနည်းဥပဒေ စည်းမျဉ်းစည်းကမ်းဥပဒေများ မိခင် အက်ဥပဒေနှင့် ညီ/မညီကို ဥပဒေပြု လွှတ်တော်များက စိစစ်ရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၅၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၇၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၇၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၉ တို့တွင် ပြဋ္ဌာန်းထားရှိရာ မိခင် အက်ဥပဒေကို ပြဋ္ဌာန်းပေးလိုက်သော လွှတ်တော်သည် မိခင်အက်ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေ ပြဋ္ဌာန်းချက်ပေါ်ပေါက်လာပါက မိခင်အက်ဥပဒေနှင့် ညီ/မညီ စိစစ်ပေးရန် တာဝန်ရှိပါကြောင်း။

သို့သော်လည်း အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများသည် မိခင် အက်ဥပဒေနှင့် ညီညွတ် ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိမရှိကို ယင်း အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်သောပုဂ္ဂိုလ်များတွင်လည်း တာဝန်ရှိသည်ဖြစ်ရာ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ/မညီ၊ တည်ဆဲမိခင်အက်ဥပဒေနှင့် ညီ/မညီ စိစစ်ရန် ယင်းအမိန့်များကို ထုတ်ပြန်သည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများတွင်လည်း တာဝန်ရှိကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၇ တွင်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၄ တွင်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၃၁ တွင်လည်းကောင်း အသီးသီး ပြဋ္ဌာန်းထားပါကြောင်း။

သို့ဖြစ်ပါ၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင်‌့ ညီ/မ ညီ စိစစ်ရန် တာဝန်မှာ သက်ဆိုင်ရာပြည်ထောင်စုအစိုးရဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ပေါ်တွင် ကျရောက်နေပါကြောင်း။

ထို့ပြင် ယင်း အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လည်းကောင်း၊ တည်ဆဲ ဥပဒေများနှင့်လည်းကောင်း ညီညွန်မှုမရှိပါက ယင်း အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ် နည်းများကို ထုတ်ပြန်သူများကပင်လျှင် ပယ်ဖျက်ခွင့် ရှိပါကြောင်း။ ထုတ်ပြန်သူများသည် ထုတ်ပြန်၊ ပြဋ္ဌာန်း၊ ပယ်ဖျက်ချက်များကို ပြည်သူသို့အသိပေးရန်လည်း တာဝန်ရှိ ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၄ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၁ တို့အရ ယခု မေးခွန်းပါကိစ္စသည် အဆိုပါပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ တာဝန် ဖြစ်ကြောင်းနှင်‌့ ယခု မေးခွန်းပါအချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါကိစ္စ Constitutional Issue မဟုတ်ပဲ စီမံခန့်ခွဲရေးအရ ကြီးကြပ်မှုဆိုင်ရာကိစ္စ သာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။