မော်လမြိုင်မြို့စက်မှုဇုန်တွင် ခနောက်စိမ်း သန့်စင်စက်ရုံ အပါအဝင် အကြီးစား၊ အလတ်စားစက်ရုံ ပေါင်း ၁၅၀ ကျော်ပါရှိပြီး ထိုစက်မှုဇုန်မှ ထုတ်ပစ်လိုက်သော ရေဆိုးများကို အထ္ထရံ မြစ်ထဲသို့ စွန့်ပစ် သည်ဟု သိရှိရပါကြောင်း။
ထို့အတူ မော်လမြိုင်မြို့ ရေပေးဝေရေး အထ္ထရံ(၁) စခန်းမှ ရပ်ကွက် ၄ခု ၊ အိမ်ခြေ ၆၀၅၂ အိမ်၊ လူဦးရေ ၃၄၀၈၁နှင့် အထ္ထရံ(၂) ရေပေးဝေစခန်းမှ ရပ်ကွက် ၉ ခု၊ အိမ်ခြေ ၁၁၀၄၁ အိမ်၊ လူဦးရေ ၆၇၇၆၁ ဦးကို ရေပေးဝေလျက်ရှိသည်ဟုလည်းသိရှိရပါကြောင်း။
၁၄-၁-၂၀၁၅ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးဝင်းမော်ဦးမှ မော်လမြိုင်မြို့ ရေပေးဝေရေးစီမံကိန်းကို ထိခိုက်နိုင်သဖြင့် ကောင်းကင်ကြယ် ခြောက်ပွင့်၊ ခနောက်စိမ်းစက်ရုံနှင့် မြန်မာ့ ဆန်းစုံ ခနောက်စိမ်းစက်ရုံများကို ပိတ်ပစ်ခဲ့ကြောင်းကြေညာခဲ့သော်လည်း စက်မှုဇုန်ရှိသော အခြားသော စက်ရုံများမှ ရေဆိုးများကို အထ္ထရံမြစ်ထဲသို့ ဆက်လက်စွန့်ပစ်နေ သည်ကို သိရှိရသည့်အတွက် အထ္ထရံမြစ်ရေ ကိုပင် မော်လမြိုင်မြို့ရပ်ကွက်ပေါင်း ၁၃ ခုနှင့် လူဦးရေ ၁သိန်းကျော်က သုံးစွဲနေရသည့်အတွက်ကြောင့် မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း သိရှိလိုပါကြောင်း၊ ထို့ကြောင့် မော်လမြိုင်မြို့နယ် စက်မှုဇုန်ရှိ စက်ရုံ များမှ ထွက်ရှိသောရေဆိုးများအား အထ္ထရံမြစ်အတွင်းသို့ စွန့်ထုတ်နေမှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့အား ထိခိုက်မှု ရှိ/ မရှိ သိရှိလိုပါကြောင့် ပြန်လည်ဖြေကြားပါသည်။
မော်လမြိုင်စက်မှုဇုန်တွင် စက်ရုံပေါင်း ၁၅၇ ရုံးရှိသည့်အနက် လက်ရှိတွင် ၁၁၇ ရုံး လုပ်ငန်း ဆောင်ရွက် လျက်ရှိပြီး ရေအသုံးပြုလည်ပတ်သော စက်ရုံများအနေဖြင့် ရေခဲစက်ရုံ ၃ ရုံ၊ ရော်ဘာကြိတ်စက်ရုံ ၂ ရုံ၊ ခနောက်စိမ်းသတ္တုရိုင်း ကြိတ်ခွဲစက်ရုံ ၁ ရုံ၊ Recycle စက္ကူစက်ရုံ ၃ ရုံ၊ စုစုပေါင်း ၉ ရုံရှိပါကြောင်း၊ အဆိုပါ စက်ရုံအများစုမှာ ထုတ်လုပ်မှုနည်းစဉ်အရ ထွက်ရှိလာသည့် ရေများကို လုပ်ငန်းတွင် အဆင့်ဆင့် ပြန်လည်အသုံးပြုပြီး ဆေးကြော/ပိုလျှံရေအနည်းငယ်ကိုသာ ပြင်ပသို့စွန့်ပစ်ကြောင်း၊ ရေပမာဏ ပိုမို အသုံးပြုရသည့် ရော်ဘာကြိတ်စက်ရုံ ၂ ရုံအနေဖြင့် စွန့်ပစ်ရေများအား ရေကန်အဆင့်ဆင့်ဖြင့်ဖြတ်သန်းစေကာ Treatment ပြုလုပ်ပြီး ပိုက်များဖြင့် သတ်မှတ်သော မြောင်းအတွင်းသို့ စွန့်ထုတ်လျက်ရှိကြောင်း၊ အဆိုပါ ရေများသည် စက်မှုဇုန်ဧရိယာ အပြင်ဘက်ရှိ လယ်မြေများ အနီး မြေနိမ့်ပိုင်းသို့ ရောက်ရှိကြောင်းနှင့် အတ္ထရံမြစ် အတွင်းသို့ တိုက်ရိုက် စွန့်ပစ်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ မော်လမြိုင်စက်မှုဇုန်နှင့် အတ္ထရံမြစ်သည် ပေ ၁၈၀၀ ခန့်ကွာဝေးပြီး လယ်မြေများကြားခံလျက်ရှိကြောင်းနှင့် အဆိုပါ လယ်မြေများတွင် စပါးစိုက်ပျိုးမှုများ ဖြစ်ထွန်းအောင်မြင်ကြောင်းလည်း စိစစ်တွေ့ရှိရပါတယ်။ သို့ပါ၍ လက်ရှိအခြေအနေတွင် စက်မှုဇုန်မှ စွန့်ပစ်ရေ များကြောင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်အပေါ် သိသာထင်ရှားသည့် ထိခိုက်မှု မရှိပါကြောင်း၊ ထို့ပြင် မော်လမြိုင်စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများသည် အသေးစား၊ အလတ်စား လုပ်ငန်းများသာဖြစ်ပြီး စက်မှုဇုန်အတွင်းရှိ လက်ရှိလုပ်ငန်းများမှ ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်းနှင့် ထပ်မံ၍စက်မှုဇုန်သို့ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် လုပ်ငန်းများရှိပါက လုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်းပမာဏ အပေါ် လိုက်၍ Environment Impact Assessment (EIA), Social Impact Assessment(SIA) များဆန်းစစ် ဆောင်ရွက်စေခြင်း၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တားဆီးလျှော့ချနိုင်မည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် များ ရေးဆွဲဆောင် ရွက်စေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
ဒေါ်ခင်ဌေးကြွယ်(မော်လမြိုင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒုတိယဝန်ကြီး၏ ဖြေကြားချက်များတွင် ဆေးရုံကနေထုတ်ပြစ်လိုက်သော ရေများကို အထ္ထရံ မြစ်ထဲသို့ စွန့်ပစ်ရာတွင် Water Treatment လုပ်ပြီးတော့ စွန့်ပစ်သည်ဟုသိရှိရပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးကို သောက်သုံးရေများ နောက်ကျိနေခြင်းခြင်းပတ်သက်၍ ဆောင်ရွက် ပေးရန် ပြောကြားရာတွင် စည်ပင်သာယာရေးက ရေများကို အနည် ထိုင်ပြီး ရေစစ်ကန်မှတစ်ဆင့် ပေးဝေရန် ဖြစ်သော်လည်း မိုးတွင်းကာလတွင် ရေအနည်းငယ်နောက်ကျိမှုရှိပါကြောင်း၊ Water Treatment Plan တည်ထောင်ရာတွင်လည်း ကုန်ကျစရိတ်များခြင်းကြောင့် မော်လမြိုင်မြို့ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်အခက်အခဲရှိပါသည်ဟု ပြန်လည်အကြောင်းကြားခဲ့ပါကြောင်း၊ ထို့ကြောင့် Water Treatment တည်ထောင်ရာတွင် မည်သည့် ပုံစံဖြင့် ဆောင်ရွက်သည်နှင့် မည်သည့်စံနှုန်းဖြင့် ဆောင်ရွက်သည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
