မိမိတို့နိုင်ငံတွင် ဆင်းရဲသူများအနေဖြင့် ငွေကိုအတိုးနှင့် ချေးငှားသုံးစွဲနေရခြင်း များကြောင့် တရားရုံးများတွင် တရားလို၊ တရားခံအဖြစ် အမှုပေါင်းများစွာ ရင်ဆိုင်နေရ ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၁၃) ဖြင့် ၂၀၁၁ ကပြဋ္ဌာန်းခဲ့သော အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေသည် အတိုးချေးစားသူများ အပေါ် ကိုင်တွယ်ရန်အတွက် အထိရောက်ဆုံးဥပဒေဖြစ်ပါကြောင်း၊ ထိုဥပဒေ၏ ပုဒ်မ ၅၄ တွင် မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးလုပ်ငန်း အဖွဲ့ အစည်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့ထံရောက် ရှိလာသော တိုင်စာများတွင် ပြည်သူများ အနေဖြင့် ၁၀၀၀၀၀ ချေးပြီး တစ်နေ့ ၂၀၀၀၊ ထပ်မံ၍ အတိုးများဆင့်ပေါင်းခြင်း၊ စာချုပ်အလွတ်များတွင် လက်မှတ်ထိုးပြီး တရားစွဲ ဆိုသောအမှုများ အလွန်များပြားနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် အသေး စားငွေချေးဥပဒေပုဒ်မ ၅၄ ပြဋ္ဌာန်းချက်ကို ချိုးဖောက်လျှင် ပုဒ်မ ၅၇ ပြဋ္ဌာန်းချက်အရ ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုမဟုတ်သောကြောင့် ပုံစံ (က) (ခ) ဖြင့် ဦးတိုက်လျှောက်ထားမှုများကို အများအားဖြင့် တရားရုံးများက ပလပ်ခဲ့သည်ကို သိပါသလားဆိုသည်ကို မေးမြန်းပါသည်။
၃၀-၁၁-၂၀၁၁ ရက်နေ့စွဲနှင့် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော အသေး စားငွေရေးကြေးရေးဥပဒေ ပုဒ်မ ၅၄ ပါပြဋ္ဌာန်းချက်အရ မည်သူမျှလုပ်ငန်းလိုင်စင်မရှိဘဲ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရန်ဆိုပြီး တားမြစ်ထားသော တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ ၅၇ အရ ငွေ ဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရ မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် ပုဒ်မ ၅၇ ကို ရဲအရေးပိုင်ခွင့်ရှိသောပြစ်မှုအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ဥပဒေအရ ပုဒ်မ ၅၆၊ ၅၇၊ ၅၈ တို့ဖြင့် တရားစွဲဆိုလာလျှင် စည်းကြပ်ရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်းကို ပုဒ်မ ၆၄ တွင် သတ်မှတ်ပြဋ္ဌာန်းထားရှိ ပါကြောင်း၊ ယင်းပြဋ္ဌာန်း ချက်များအရ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၇ အရ တရားရုံးများကို ပုံစံ (က) (ခ) နှင့် လျှောက်ထားပြီး စွဲဆိုလာမည်ဆိုပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ၏ ကြိုတင်ခွင့်ပြုချက်ကို တောင်းခံရယူပြီးမှသာလျှင် တရားစွဲဆိုနိုင်ခွင့် ရှိမည်ဖြစ်ပါကြောင်း၊ စိစစ်ကြည့်ရှုသည့်အခါ တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပြဋ္ဌာန်းပြီးနောက် တရားရုံးအသီးသီးတွင် အသေး စားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ အရေးယူပေးရန် ပုံစံ (က) (ခ) နှင့် ဦးတိုက် လျှောက်ထား စွဲဆိုသောအမှုများ မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်း) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယင်းပုဒ်မမျိုးနှင့် တရားစွဲသောအမှုသည် ရန်ကင်းတစ်မြို့နယ်တည်းတွင် ငွေတိုးချေးစားသူကို ပြန်မဆပ်နိုင်သော လူ ၁၀ ဦးကို တရားစွဲထားပါကြောင်း၊ ထိုသို့ တရားစွဲထားသော အမှုများနှင့်ပတ်သက်၍ တရားရုံးချုပ်က တိကျမှန်ကန်သော စာရင်းရယူပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
ဦးသိန်းညွန့်၏ ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်မှ
ပြန်လည်စိစစ်ပြီး တင်ပြမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
