(ဂ)-အုတ်ဖိုမြို့နယ်တွင်သစ်ခွဲသား အရောင်း ဆိုင်နှင့်နိုင်ငံပိုင်(သို့)ပုဂ္ဂလိကပိုင်သစ်ခွဲစက်များကို ဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖို့မြို့နယ်တွင် လူဦးရေး ၁၂၆၆၅၉ ဦး၊ အိမ်ထောင်စု ၃၁၉၁၉ အိမ်၊ အိမ်ခြေပေါင်း ၃၁ ၉၀၀ ရှိပြီး  ပဲခူးရိုးမကို အခြေပြုကာ သစ်တောကြိုးဝိုင်းများလည်း များစွာတည်ရှိသော ဒေသဖြစ်သည့် အတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် လူဦးရေ တိုးပွားလာခြင်း၊ အိမ်ခြေများတိုးချဲ့ ဆောက်လုပ်ခြင်း၊ နေအိမ်နှင့် ပရိဘောဂပြုလုပ်ခြင်းများအတွက် လိုအပ်လျက်ရှိသော သစ် များကို တရားမဝင်ခွဲစိတ်ရောင်းချသူများထံမှ ဝယ်ယူအသုံးပြုနေကြရပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်တွင် မြန်မာ့သစ်လုပ်ငန်း Corporation မှ သစ်ဆိုင်များဖွင့်လှစ်ရောင်းချပေးခဲ့ခြင်းကြောင့် ပြည်သူ များအနေဖြင့် အဆင်ပြေစွာဝယ်ယူ သုံးစွဲနိုင်ခဲ့ကြသော်လည်း ၁၉၈၈ နောက်ပိုင်းတွင် အဆိုပါ သစ်ဆိုင်များ ပိတ်သိမ်းခဲ့သည့်အတွက် ပဲခူးရိုးမအတွင်းမှ တရားမဝင်သစ်များကို ထုတ်ယူခြင်း၊ တရာမဝင်သစ်ခွဲစက်များ ခွဲစိတ် တည်ထောင်မှုများရှိလာပါကြောင်း၊ အဆောက်အဦဟောင်းများကို ပြုပြင်လိုသူများ၊ ပရိဘောဂများ ပစ္စည်းများကို ပြုလုပ်အသုံးပြုလိုသူများအနေဖြင့် သစ်ခွဲသားများတရားဝင် ဝယ်ယူရရှိရေးအတွက် အခက် အခဲ များဖြင့် ကြုံတွေ့နေကြခြင်းတို့ကြောင့် (၁) သက်ဆိုင်ရာဝန်ကြီးဌာနမှ သစ်ခွဲသားများ အရောင်းဆိုင်အား အုတ်ဖိုမြို့နယ်တွင် ဖွင့်လှစ်ရောင်းချခွင်‌့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် စတင် ရောင်းချပေးပါမည်နှင့် (၂) နေအိမ်ဟောင်းများနှင့်ပတ်ဝန်းကျင်ရှိ အခြားသစ်များကို ခွဲစိတ် အသုံးပြုနိုင်မည့် နိုင်ငံပိုင်(သို့မဟုတ်)ပုဂ္ဂလိကပိုင်သစ်ခွဲစက်များကို ဥပဒေနှင့် အညီတည်ဆောက်ခွင့်ပြု ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်
အဖြေ
ဖြေကြားချက် 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပြည်ပသို့ သစ်လုံးလိုက်တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး သစ်ထုတ်လုပ်မှု ကိုလည်း ယခင်နှစ်များထက် ကျွန်း ၇၀ ရာခိုင်နှုန်း၊ သစ်မာ ၅၀ ရာခိုင်နှုန်း လျှော့ချထုတ်လုပ်လျက်ရှိပါကြောင်း၊

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှု မူဝါဒအရ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ Small and Medium Enterprises များ ဖွံ့ဖြိုးရေး၊ ဈေးကွက်ရှိရာသို့ လွတ်လပ်မြန်ဆန်စွာ စီးဆင်း နိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာ့သစ်လုပ်ငန်းမှ ထုတ်လုပ်ခွဲစိတ်၍ ထွက်ရှိ ခွဲသားရောင်းချခြင်းအစား ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ အိတ်ဖွင့်လေလံ၊ ဈေးပြိုင်လေလံစနစ်ဖြင့် သစ်အလုံးလိုက်ပွင့်လင်းမြင်သာစွာဖြင့် လေလံတင် ရောင်းချပြီး ပုဂ္ဂလိကကဏ္ဍမှ ခွဲစိတ်၍ ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် လုပ်ငန်းရှင်များမှ သစ်အလုံးလိုက် ဝယ်ယူပြီး ပြန်လည်ခွဲစိတ်၍ လွတ်လပ်စွာပြန်လည်ရောင်းချနိုင်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ထွက်ရှိမည့် ကျွန်းသစ်လုံး ၆၀၀၀၀ တန်နှင့် သစ်မာသစ်လုံး ၆၇၀၀၀၀ တန်ခန့်အား လစဉ်အိတ်ဖွင့် လေလံ/ဈေးပြိုင်လေလံစနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ပွင့်လင်းမြင်သာစွာ ရောင်းချပေး လျက်ရှိရာ ကျွန်းသစ်လုံး ၂၃၇၉၀ တန်၊ သစ်မာသစ်လုံး ၁၄၃၄၆၇ တန်၊ ကျွန်းခွဲသား ၅၁၇၄ တန်၊ သစ်မာ ခွဲသား ၃၅၉၃၅ တန် ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံပိုင်သစ်စက် ၅၈ စက်ရှိသည့်အနက် ၅၁ စက်အား ရပ်နားပြီး နိုင်ငံတော်၏ သစ်ခွဲသားလိုအပ်ချက်များအတွက် သစ်စက် ၇ စက်ဖြင့်သာ လုပ်ငန်း လည်ပတ်ဆောင်ရွက်ပြီး  မြန်မာ့သစ်လုပ်ငန်းပိုင် ပြည်သူဖြန့်သစ်ဆိုင်များမှ သစ်ခွဲသားရောင်းချပေး ခြင်းကို ရပ်နားထားခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ပုဂ္ဂလိကသစ်စက်များ လုပ်ကိုင်လိုပါက သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက် ထားနိုင်ပြီး ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၃၀ ပါပြဋ္ဌာန်းချက်များနှင့်အညီ တည်ထောင်ခွင့်ပြု လျက်ရှိပါကြောင်း၊

ထိုသို့ ပုဂ္ဂလိကသစ်စက်များ တည်ထောင်ခွင့်ပြုရာတွင် သစ်စက်အမျိုးအစား၊ လွှဝိုင်းအရွယ်အစား နှင့် အရေ အတွက်၊ စက်အင်အား၊ တည်ဆောက်လိုသည့်အကြောင်းအရာ၊ မြေပိုင်ဆိုင်မှု၊ ပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ ထောက်ခံချက်၊ တရားဝင်သစ်ကုန်ကြမ်း စုဆောင်းထားရှိမှု၊ တည်ဆောက်မည့် ဧရိယာ သည် တရားမဝင်သစ် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိစသည့် လိုအပ်ချက်များ အပေါ်မူတည်သတ်မှတ်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စိစစ်ခွင့်ပြု သွားမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါအကြောင်းတရားများအရ အုတ်ဖိုမြို့နယ် သစ်ခွဲသားအရောင်း ဆိုင်ဖွင့်လှစ် ရောင်းချရန်နှင့် နိုင်ငံပိုင်သစ်စက်ထပ်မံ တည်ဆောက်ရန် အစီအစဉ်မရှိပါကြောင်းနှင့် ပုဂ္ဂလိကပိုင်သစ်ခွဲစက် တည်ထောင်ရန် တင်ပြလျှောက်ထားလာပါက အထက်ပါလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များမှလည်း ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။