ပေါက်မြို့သည် ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ်-မတူပီသွား ပြည်ထောင်စု လမ်းမကြီးဖြစ်ပြီး ချင်းပြည်နယ်(တောင်ပိုင်း)သွား လမ်းမကြီးပေါ်တွင် တည်ရှိခြင်း၊ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ-ဆောမြို့များကို သွားလာသည့်လမ်းနှင့် ချောက်-ဆိပ်ဖြူ-ပေါက်မှတစ်ဆင့် ချင်းပြည် နယ်(တောင်ပိုင်း)သို့လည်းကောင်း၊ ထီးလင်း၊ ဂန့်ဂေါမြို့များသို့လည်းကောင်း သွားလာသည့်လမ်းပေါ် တွင်တည်ရှိပါကြောင်း၊ သွားလာမှုများပြားလာသည်နှင့်အမျှ ပေါက်မြို့ အဝင် ကျားသိုက်ရိုး တံတား အဟောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝိုင်းမြေအကွေ့တို့သည် နှစ်ဆစ်ချို့ မျက်ကွယ် အကွေ့များ ဖြစ်နေခြင်းကြောင့် ခရီးသွားပြည်သူများအတွက် လွန်စွာအန္တရာယ်များ ကျရောက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအမှူးများနှင့် ညှိနှိုင်း ကာ စိုက်ပျိုးရေး ဌာနပိုင် ဝိုင်းမြေ၊ လမ်းမြေအဖြစ် ဝ.၂၄ ကိုလည်း ဝမ်းမြောက်ဖွယ် စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစေရန်နှင့် မြို့သာယာလှပရေးအတွက် လမ်းအကွေ့ကိုဖြောင့်ပြီး ကျားသိုက်ရိုးတံတားအဟောင်းနှင့်အပြိုင် တံတားအသစ် တစ်စင်းကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း လမ်းဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသော ပခုက္ကူ-ပေါက်-ကျောက်ထု -ကံကြီး-မင်းတပ်လမ်းပေါ်ရှိ ကျားသိုက်ရိုးတံတား အဟောင်းနှင့်အပြိုင် တည်ဆောက်မည့် ဆိပ်ဖြူ-ကန်တော်-ပေါက်လမ်း မိုင်တိုင် အမှတ် (၅၂/၂) မှ (၅၂/၃) အကြား ကျားသိုက်ရိုးတံတားအသစ် တည်ဆောက်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံး ငွေရင်းရန်ပုံငွေကျပ်သန်း ၁၅၀နှင့် အကျယ် ၂၈ ပေ၊ အရှည်ပေ ၄၀ ရှိသော သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်း ၁ ဖာလုံကို ၁၈ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားတင်ပြ တောင်းခံထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ချဉ်းကပ်လမ်း ၁ ဖာလုံသည် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေ ဝ.၂၄ ဧက ပါဝင်သည့်အတွက် မြေနေရာ စွန့်လွှတ်ခွင့်ရရှိရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးဌာနမှူးရုံးက စွန့်လွှတ်ပြီးဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
