(စ)-နေပြည်တော်ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ တည်ဆောက်ရေးအတွက်မည့်သို့စီမံဆောင်ရွက်မှု များရှိသည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၇.၁.၂၀၁၄)

ဦးမြင့်ဦး (သနပ်ပင်) ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရိုးရာဆေးဝါးများ၊ ဆေးပညာရပ်များကို ပြန် လည်၍ စိတ်ဝင်စားချိန် အစိုးရမှ အားပေးအားမြှောက်ပြုခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ ဈေးကွက်ရှာခြင်းတို့ကို အထင်အရှား တွေ့မြင်ရပါကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးပညာသည် အရှေ့တောင်အာရှတွင် ထည်ဝါသော ဆေးပညာ အမွေ အနှစ် တစ်ရပ်ဖြစ်ပါကြောင်း၊ အာဆီယံတိုင်းရင်းဆေးညီလာခံကိုလည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပရန် အစီအစဉ်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် နိုင်ငံရေး ပွင့်လင်း လာသည်နှင့်အမျှ ကမ္ဘာ့ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းစဉ်များနှင့် ကမ္ဘာလှည့် ခရီးသွားများ အဝင်အထွက်များလာသောကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံအပါအဝင် အနောက်တိုင်းဆေးရုံများသည် ခုတင် ၅၀ ဆံ့ထိ ၁၅ ရုံခန့် ရှိသည်ကိုတွေ့ရသော်လည်း တိုင်းရင်းဆေးရုံမှာ ၁ ရုံပင် မရှိသေးပါကြောင်း၊ ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တိုင်းရင်းဆေးရုံ ခုတင် ၁၀၀ ဆံ့ ဆောက်လုပ်ရန် မူလအဆိုပြုစဉ်တွင် ပါဝင်သော်လည်း မြေနေရာမရှိဟုဆိုကာ ရပ်ဆိုင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နေပြည်တော် တွင် မြန်မာ့တိုင်းရင်းဆေးရုံ တည်ဆောက်ရေးသည် မြို့တော် အင်္ဂါရပ်နှင့်လျှော်ညီစေလိုခြင်း၊ နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရရုံးစိုက်ရာ နယ်မြေဖြစ်ခြင်း၊ ဒေသလိုအပ်ချက်ဖြစ်ခြင်း၊ တိုင်းရင်းဆေးပညာကို ဖွံ့ဖြိုးတိုး တက်ရေးနှင့် တိုင်းရင်းဆေးတက္ကသိုလ်ဆင်းများကို အလုပ်အကိုင်ပေးလိုခြင်းတို့ကြောင့် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးတစ်ရုံ တည်ဆောက်ပေးမည်‌့ အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်သန်း
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်သန်းပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏မြို့တော် နေပြည်တော်တွင် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၂-၁၃ ခုနှစ်တွင် ဖွဲ့စည်းခွင့် ရရှိထားပြီးဖြစ် ရာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ပြီး မြေနေရာရရှိရေးအတွက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ဖွင့်လှစ်နိုင်ရန် ခွင့်ပြု ရန်ပုံငွေ တောင်းခံခြင်း၊ မြေနေရာရရှိခြင်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဦး(သနပ်ပင်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် ခုတင် ၅၀ ဆံ့ ဆေးရုံ ၂ ရုံ ရှိပါကြောင်း၊ အမှတ်(၁) ဆေးရုံနှင့်  အမှတ်(၂)ဆေးရုံတွင် လွန်စွာနည်းပါးပြီး နိုင်ငံတော်၏ ဘက်ဂျက်ကို သက် သာစေရန် ပိုလျှံနေသော ဆေးရုံ ၁ ရုံကို တိုင်းရင်းဆေးရုံအဖြစ် ဖွင့်လှစ်ပေးမည်ဆိုပါက အလွန်အကျိုးရှိမည်ဟု ယူဆမိသောကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို မေးမြန်းပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်

မြို့နယ်ဆေးရုံများတွင် လူနာမရှိသော်လည်း ခုတင် ၁၀၀၀ ဆေးရုံများတွင် လူနာများစုံပြုံနေပါကြောင်း၊ မြို့နယ် များရှိ ပြည်သူ့ဆေးရုံများကို အဆင်‌့မြှင့်တင်ပြီး ဆောင်ရွက်လျှင် Main ကိုသွားသော Voulme သည် လျော့သွားမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့် စီမံဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးရုံ တည်ဆောက်ခြင်းသည် ၎င်း၏ ဦးစီးဌာနနှင့် အတူရှိသည့်အတွက် ဖွဲ့စည်းပုံနှင့်အတူ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး တင်ပြပါ လူနာမရှိဟုဆိုသော ဆေးရုံများကိုလည်း မိမိတို့အနေဖြင့် အဆင့်မြှင့် တင်ခြင်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။