(င)- ရေးမြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ ဆေးရုံ(၁)ရုံ တည်ဆောက်ပေးရန်၊ ဆေးပစ္စည်းကိရိယာများ လုံလောက်စွာဖြည့်စွက်ပေးရန်နှင့်လမိုင်းမြို့နယ် ခွဲနှင့်ခေါဇာမြို့နယ်ခွဲတို့တွင်(၁၆)ခုတင်မှ(၂၅)ခုတင် ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည်

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၇.၁.၂၀၁၄)

ဒေါ်မိမြင့်သန်း (ရေး) မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခုတင် ၅၀ ဆေးရုံတွင် လူနာများအတွက် လိုအပ်နေသော  စက်ပစ္စည်း ကိရိယာများ လုံလောက်မှုမရှိပါကြောင်း၊ အရေးပေါ် လူနာများကို မော်လမြိုင်မြို့သို့ တစ်လလျှင် ၄၊ ၅ ခေါက်ခန့် ပို့ဆောင်နေရသည့်အပြင် တစ်ခါတစ်ရံ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်နေရသည်ကိုလည်း လေ့လာတွေ့ရှိ ရပါကြောင်း၊ မော်လမြိုင်သို့သွားမည်ဆိုပါက ကားခ ၉၀၀၀၀ မှ ၁၀၀၀၀၀ ကြား၊ ရန်ကုန်မြို့သို့သွားမည်ဆိုပါက ၂၅၀၀၀၀ မှ ၃၀၀၀၀၀ ကြား ပေးဆောင်ရပါကြောင်း၊ မိမိတို့၏ လူဦးရေထူထပ်သော ရေးမြို့တွင် ခုတင် ၁၀၀ ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဆေးရုံတွင် လိုအပ်နေသော ဆေးပစ္စည်း ကိရိယာများ လုံလောက်စွာဖြည့်စွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲနှင့် ခေါစာမြို့နယ်ခွဲတို့တွင် ၁၆ ခုတင်မှ စံကိုက် ၂၅ ခုတင် ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် အချိန် တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက အဘယ့်ကြောင့်မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် ရေးမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၁၀၀ အတွက် Dental Chair တစ်ခုကို ၂၀၁၃ သြဂုတ်လတွင် ထောက်ပံ့ထားရှိပြီး ဆေးရုံသုံးပစ္စည်းများ၏ လိုအပ်ချက်တင်ပြရန် မွန်ပြည်နယ်ကျန်းမာရေးဦးစီးမှူးဌာနမှ ကျန်းမာရေးဦးစီးမှူးကို ၂၁-၁၀-၂၀၁၃ ရက်နေ့ တွင် ညွှန်ကြားထားရှိပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ် ခုတင် ၅၀ ဆံ့ပြည် သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးအဖြစ်သို့ ကျန်းမာရေးဦးစီးဌာန၏ ၂၁-၁၂-၂၀၁၂ ရက်စွဲဖြင့် တိုးမြှင့်ရန် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊          တစ်နိုင်ငံလုံး ရှိ ၁၆ ခုတင်ဆံ့ ဆေးရုံများအား ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွက် စံကိုက်ဖွဲ့စည်းပုံ သို့ ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ၊ ခေါဇာမြို့နယ်ခွဲများရှိ  ၁၆ ခုတင်ဆံ့ဆေးရုံ နှစ်ရုံအား ၂၅ ခုတင်ဆံ့သို့ တိုးမြှင့်နိုင်ရေး အတွက် ဆေးရုံအတွင်း တက်ရောက်နေသော လူနာအခြေအနေ၊ ပြင်ပလူနာ အခြေအနေ၊ ဆေးရုံအသုံးချမှု ရာခိုင်နှုန်းအခြေအနေများကို မူတည်ပြီး တိုးမြင့်အောင်ဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။