(ဃ)-ဇမ္ဗူသီရိမြို့နယ်အတွင်းရှိခုတင်(၁၀၀၀)ဆေးရုံ ကြီး၌လူနာဆောင်များ၊နားခိုနေထိုင်ဆောင်များနှင့် ကင်တင်းများတိုးချဲ့ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၇.၁.၂၀၁၄)

ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ) ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကု သနေသော လူနာဦးရေ ၁၀၀၀ ခန့်ရှိသဖြင့် လူနာတစ်ဦးကို တစ်ယောက်နှုန်းဖြင့် တွက်ပါက လူနာစောင့် ၁၀၀၀ ခန့်ရှိပါကြောင်း၊ ထိုလူနာစောင့်များ နားနေရန် အဆောင်တစ်ခုသာရှိသည့်အတွက် ၎င်းတို့အနေဖြင့် မိမိလူနာများကို ညအိပ် စောင့်ရန် နီးစပ်ရာ သစ်ပင်အောက်နှင့် စြင်္ကန်လမ်းများမှ စောင့်ကြရပါကြောင်း၊ ထိုကဲ့သို့ လူနာစောင့်များ နားနေရန် အဆောင်မရှိသည့်အပြင် ဆေးရုံတက်လူနာနှင့် လူနာစောင့်များ စားသောက်ရန် ကင်တင်း တစ်ခုတည်းသာရှိခြင်း၊ ယင်းဆိုင်သည် လည်း သန့်ရှင်းသပ်ရပ်ခြင်း၊ ကျယ်ဝန်းခြင်း မရှိပါကြောင်း၊ လူနာစောင့်များနှင့် လူနာများ အသုံးအဆောင်ပစ္စည်းများကို ဆေးရုံဝန်းအနှံ့အပြားတွင် ဗန်းများ ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များက ရောင်းချနေခြင်းမှာလည်း ဆေးရုံအင်္ဂါရပ်နှင့် မညီညွတ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် လူနာစောင့်များ နားခိုနေထိုင်နိုင်သော အဆောင်များကို ယခုလာမည့်ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ/မရှိနှင့် လူနာများနှင့် လူနာစောင့်များ ဝယ်ယူစားသောက်နိုင်သော သန့်ရှင်းသပ်ရပ်သည့် ကင်တင်းများကို သက်ဆိုင်ရာဆေးကုသသော Ward အလိုက် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် နေပြည်တော်၊ ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်တည်းခိုဆောင် ၃ ခုရှိပါကြောင်း၊ ယခုအခါ ဆေးရုံတွင် လူနာစောင့်   Ward ၃၂ ခုရှိပြီး လူနာစောင်‌့ တည်းခိုဆောင်များ လုံလောက်မှုမရှိပါသဖြင့် အဆောင်များ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကျန်းမားရေးဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးကုသဆောင်အလိုက် စားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်ခြင်းအစား စုပေါင်းစားသောက်ဆိုင် တန်း တိုးချဲ့ဖွင့်လှစ်ခြင်းအား ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။