(ခ)-မော်လိုက်မြို့နယ်၊ အင်းတော်ဒေသတွင်မူလ သဘာဝဓာတ်ငွေ့တွင်း(၂)တွင်းနှင့်စမ်းသပ်တူးဖော်ခဲ့ သည့်တွင်း(၁)တွင်းတို့ကိုသဘာဝဓာတ်ငွေ့ပမာဏ တိုင်းတာသည့် ကျွမ်းကျင်ပညာရှင်များစေလွှတ် ရန်နှင့်သဘာဝ ဓာတ်ငွေ့သုံး အင်ဂျင်ဆောက်ပေး ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၇.၁.၂၀၁၄)

ဦးသောင်း (မော်လိုက်)မော်လိုက်မြို့နယ်တွင် ၁၉၄၈- ၄၉ ခုနှစ် ခန့်က စတင်ကာ IPP ကုမ္ပဏီ မှ ရေနံတွင်းပေါင်း ၇၅ တွင်း တူးခဲ့သည်အနက် ရေနံစိမ်းထွက်တွင်း  ၄၅တွင်း၊ သဘာဝဓာတ်ငွေ့တွင်း (၂)တွင်း၊ ဆားငံရည်ထွက်တဲ့တွင်းက (၁)တွင်း စုစုပေါင်း ၄၈ တွင်း တူးဖော်အောင်မြင်ခဲ့ပါကြောင်း၊  ၎င်း ၄၅ တွင်းက ထွက်ရှိလာသော ရေနံစိမ်း များကို စုဆောင်းထားရှိရန်အတွက် ဂါလန် တစ်သန်းဆံ့ ဂါလန်ကြီး တစ်လုံးသည် တွင်းနံပါတ်(၁၀) တွင် ရှိပါကြောင်း၊  

 အင်းတော်မှ ၂၇ မိုင်ကွာဝေးသော ပန်းသာကျေးရွာတွင်လည်း အင်းတော်မှ ပို့လွှတ် သည့်ရေနံကို လက်ခံထားရှိရန်အတွက် ဂါလန် တစ်သန်းဆံ့ သံကန်ကြီး တည်ဆောက်ထားပါကြောင်း၊  ထိုသို့ ရေနံစိမ်းများကို သယ်သူပို့ဆောင်ရာတွင် သဘာဝ ဓာတ်ငွေ့တွင်းကထွက်ရှိသော တွန်းအားပမာဏနှင့်သာ ရေနံကိုသယ်ယူပု့ိဆောင်ခြင်းဖြစ်ပါကြောင်း၊  ယခုအချိန်အထိ အင်းတော်ဒေသရှိသူများသည် ထမင်းဟင်းချက်ခြင်း၊ မီးထွန်းခြင်းများအတွက် သဘာဝ ဓာတ်ငွေ့တွင်း နှစ်တွင်းမှ  ထွက်ရှိသော  ဓာတ်ငွေ့များကို အသုံးပြုဆဲဖြစ်ပါကြောင်း။

 လက်ကျန်တွင်းများအနက် အင်းတော်၏ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် ၁၉၇၈ ခုနှစ်က နိုင်ငံတော်အစိုးရက တူးဖော်ခဲ့ သော ဝေလုံရေနံတွင်း ရှိပါကြောင်း၊  ၎င်းတွင်းသည် သဘာဝအတိုင်းပင် တစ်နေ့လျှင် ပေပါ ငါးလုံး ငါးလုံး ထွက်ရှိပြီး ၁၅ /၁၆ ရက် တစ်ကြိမ်တွင် ရေနံပေပါ ၁၅၀ ထွက်ပါကြောင်း၊ ၂၀၀၃-၀၄ခုနှစ်များတွင် (MOGE) က တွင်းနံပါတ် ၁၇ နေရာတွင် တူးဖော်ရာ မရရှိဘဲ တောင်ထိပ်ပေါ်တွင်တူးဖော်မှသာ သဘာဝဓာတ်ငွေ့များစွာ ထွက်ရှိပါကြောင်း၊  ထို့ကြောင့် ယခင် ဓာတ်ငွေ့ နှစ်တွင်းနှင့် ၊ (န.ဝ.တ) (န.ယ.က) ခေတ်က တူးထားသော ဓာတ်ငွေ့ (၃)တွင်း ပေါင်းမည်ဆိုပါက အင်အားကြီးမားသော တွန်းကန်အားများ သဘာဝဓာတ်ငွေ့ဖြစ်ပါကြောင်း။

ထို့ကြောင့် ၎င်း(၃)တွင်းမှ  ဓာတ်ငွေ့များကို စုဆောင်းပြီး ဓာတ်ငွေ့ စက်ရုံ (GAS TURBINE ENGINE) ကို တည်ဆောက်နိုင်ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အင်းတော်က၂၇ မိုင်ဝေးကွာသော ပန်းသာ၊ ၂၁ မိုင်ဝေး ကွာသော တောင်းအင်ကျေးရွာ၊ ၂၉ မိုင်ဝေးကွာသော ကြာအင်းကျေးရွာနှင့်  ၂၈ မိုင်ဝေး ကွာသော လောင်းကောင်းကျေးရွာတို့တွင်   GAS TURBINE   ENGINE တည်ဆောက်နိုင်ပါကြောင်း။

သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတည်အောင်မြင်မည်ဆိုပါက အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျနေသော စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာများကို လျှပ်စစ်ဓာတ် အားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် (က) စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝ ဓာတ်ငွေ့ပမာဏတိုင်းတာသည့် ကျွမ်းကျင် ပညာရှင်များ စေလွှတ်တိုင်းတာခြင်း ပြုနိုင်ခြင်းရှိ/မရှိ၊ (ခ) သဘာဝဓာတ်ငွေ့ (GAS TURBINE ENGINE)  တည်ဆောက် ပေးနိုင်ခြင်းရှိ/မရှိ၊ (ဂ) တည်ဆောက်ပေးနိုင်မည်ဆိုပါက မည်သည့်နှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။      


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမော်လိုက်မြို့နယ်၊ အင်းတော်ဒေသတွင် ရေနံရှာဖွေထုတ်လုပ်ခြင်းကို ၁၉၃၂ ခုနှစ်မှ ၁၉၆၃ ခုနှစ်အတွင်း Indo Burma Petroleum Co.,Ltd (IBPC) သည်  တွင်း ရေနံအနည်းအကျဉ်းထုတ်ခဲ့ပါကြောင်း၊ ၁၉၇၈ မှ ၁၉၇၉ ခုနှစ်အတွင်း စွမ်းအင်ဝန်ကြီးဌာန Myanmar Oil Corporation က အစမ်းတွင်း သုံးတွင်း တူးခဲ့သည့်အနက် တစ်တွင်းသည် တစ်နေ့လျှင် ရေနံဆီ တစ်စည်မှ ငါးစည်ခန့်ထိ ထုတ်ယူရရှိခဲ့ပြီး မိမိ ခေတ်ကာလက ထုတ်ခဲ့ပါကြောင်း၊ ၁၉၉၀ ခုနှစ်တွင် Yukong Co.,Ltd က အစမ်းတွင်း တစ်တွင်းကို အင်းတော် ရွာ၏ မလှမ်းမကမ်းတွင် တူးဖော်ခဲ့သော်လည်း Pressureများပြီး  ဓာတ်ငွေ့အနည်းငယ်သာ ထွက် ရှိသောကြောင့် တွင်းကို ပြန်လည်ပိတ်ထားခဲ့ပါကြောင်း၊ထို့နောက်   မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက  အစမ်းတွင်း သုံးတွင်းတူး ဖော်ခဲ့ပြီး အဆိုပါ ဒေသတွင်  စုစုပေါင်း ၈၃ တွင်း တူးဖော်ခဲ့ပြီး ဖြစ်ပါကြောင်း။

မှတ်တမ်းများအရ Indo Burma Petroleum Co.,Ltd (IPBC) အဖွဲ့က တူးဖော်ခဲ့သော ၇၅ တွင်းအနက် (၄)တွင်းမှ သဘာဝဓာတ်ငွေ့ စမ်းသပ်ထွက်ရှိပြီး ရေနံရရှိသော Shoot တွင်း တချို့ မှ ရေနံထုတ်ထုတ်မှုရှိခဲ့ပါကြောင်း၊   ၂၀၀၂ ခုနှစ်တွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အင်းတော် အစမ်းတွင်း (၁)ကိုတူးဖော်ရာတွင်    တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၄.၂ သန်း စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊  အဆိုပါ တွင်း၏ပတ်ဝန်းကျင်တွင်  အကဲဖြတ်တွင်း နှစ်တွင်း  ဆက်လက်တူးဖော်ခဲ့သော်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့မရရှိခဲ့ဘဲ  စမ်းသပ်တွေ့ရှိခဲ့သော သဘာဝဓာတ်ငွေ့သည်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်မှု အဆင့်မ မီသဖြင့် အဆိုပါဒေသတွင် အကြမ်းအားဖြင့် ပေ ၇၀၀၀ ခန့် အနက်ထိ ရေနံနှင့်သဘာဝဓာတ်ငွေ့များများစားစား ခိုအောင်းနိုင်မှုမရှိကြောင်းကို သုံးသပ်ရရှိခြင်းကြောင့် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါကြောင်း။

သဘာဝဓာတ်ငွေ့ ပြည်တွင်းလိုအပ်ချက်ပမာဏ မြင့်တက်လာသဖြင့်   ၂၀၁၃ ခုနှစ်တွင် 2nd Bidding Round အပြည်ပြည်ဆိုင်ရာလုပ်ကွက်များကို ကုန်းတွင်းပိုင်းတွင် တင်ဒါ ဖွင့်ခေါ်သည့်အခါ ရနန်း-အင်းတော်ကို  ကနေဒါနိုင်ငံက Pacific Hunt Energy Corporation တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုအပေါ် ခွဲဝေမှုစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းစီစဉ်နေပြီး (PSC) စာချုပ်ကို ချုပ်ပြီးချိန်မှ  ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားဖြစ်သည့်အတွက် စီးပွားဖြစ်သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိပြီး သဘာဝဓာတ်ငွေ့ခိုအောင်းမှုပမာဏတွက်ချက် အတည်ပြုပြီးနိုင်မှသာလျှင် သက်ဆိုင်ရာဌာနမှ သဘာဝ ဓာတ်ငွေ့သုံး (GAS TURBINE ENGINE) တည်ဆောက်ရေးအတွက် ဆုံးဖြတ် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်းဖြေကြားသွားပါသည်။