နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမှ အကျုံးဝင်သော မြို့နယ်စုစုပေါင်း ၇၃ မြို့နယ်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ၃၀ မြို့နယ်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ ၉ မြို့နယ်တွင် တောင်ကြီး၊ ညောင်ရွှေ၊ မောက်မယ်၊ ဖယ်ခုံ၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း၊ ပင်းတယနှင့် ရွာငံတို့ဖြစ် ပါကြောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်များဖြစ်သည့် ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ၊ ရွာငံမြို့နယ်များအတွက် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအနေဖြင့် ကိုယ်တိုင်စီမံချက်ရေးဆွဲကာ ရှမ်းပြည်နယ်ဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်သို့ ခွဲဝေတင်ပြတောင်းဆို သုံးစွဲခဲ့ကြသည်ကို သိရှိရ ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း အစရှိသည့် မြို့နယ်များမှ ၁၉၈၉ ခုနှစ်မှစပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ခဲ့ရာ ထိုက်သင့်သလောက် ဖွံ့ဖြိုးမှုရလဒ်များ ရနေပြီဖြစ်သော်လည်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဖွံ့ဖြိုးမှု အလွန်နှောင့်နှေးနေပြီး အဆိုပါခရိုင်နှစ်ခုအတွင်း ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ အခြေပြုဒေသများအတွက်သာ လက်နက်ငြိမ်းချမ်းရေးချောင်းစဉ်ဖြင့် ထိုက်သင့်သည့် ရန်ပုံငွေအချို့ကို သုံးစွဲခွင့်ရပြီး ခရိုင်အတွင်း မြို့နယ်အများစုမှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမြို့နယ်များမှ အကျုံးမဝင်သဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ လက်ရှိအခြေအနေတွင် အေးချမ်းတည်ငြိမ်သော မြို့နယ်များဖြစ်၍ နယ် စပ်ဒေသဖွံ့ဖြိုးရေးနယ်မြေအား ကွန်ဟိန်းမြို့နယ်အပါအဝင် လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များအား တိုးချဲ့ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လေးခေးခရိုင်အတွင်းရှိ မြို့နယ်များကို ဖွံ့ဖြိုးရေးအထူး ပြုလုပ်ပေးသော နယ်မြေအဖြစ် သတ်မှတ်ပြုလုပ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ၁၉၈၉ ခုနှစ်က သတ်မှတ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်နယ်မြေအား ကွန်ဟိန်းမြို့နယ်အပါအဝင် လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်ရှိမြို့နယ်များအား အမြန်ဆုံးတိုးချဲ့ ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးချဲ့ပြင်ဆင်ပြောင်းလဲပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် အထူးဒေသ ၁၉ ခု၊ မြို့နယ် ၇၃ မြို့နယ်တို့ကို ၁၉၉၀ ခုနှစ် အခြေအနေ၊ ပထဝီအနေအထားများအပေါ် မူတည်ပြီး အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ သို့သော် ယခုအခါ ဖွံ့ဖြိုးရေးဒေသအဖြစ် သတ်မှတ်ခဲ့သည့် မြို့နယ်များစာရင်းတွင် ပါဝင်ခြင်းမရှိသော်လည်း ဒေသလိုအပ်ချက် တင်ပြလာမှုများအပေါ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွိုင်လင်ခရိုင်အတွင်း လွိုင်လင်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် မိုင်းရှူးမြို့နယ်များ၊ လင်းခေးခရိုင်အတွင်း လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းပန်မြို့နယ်များတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ များဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ လွိုင်လင်ခရိုင်အတွင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ လမ်းတံတား၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး စသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေကျပ် ၃၅၄၅.၁၈၇ သန်းနှင့် လင်းခေး ခရိုင်အတွင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ လမ်းတံတား၊ ပညာရေး၊ သာသနာရေး၊ စွမ်းအင်၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး စသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေကျပ် ၁၄၁၃.၄၁၂ သန်း စုစုပေါင်းရန်ပုံငွေ ကျပ် ၅၉၆၈.၅၉၉ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
ထို့အပြင် လွိုင်လင်ခရိုင်အတွင်း အခြားဝန်ကြီးဌာနများမှ အဆင့်မြင့်ပညာရေးကဏ္ဍအနေဖြင့် ပင်လုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာက္ကသိုလ်(ပင်လုံ)နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တို့ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အခြေခံပညာရေးကဏ္ဍအနေဖြင့် လည်း အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၉၉ ကျောင်း တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် လွိုင်လင်ခရိုင်အတွင်း ခုတင်(၂၀၀)ဆံ့ ဆေးရုံ ၁ ရုံ၊ ခုတင်(၁၀၀)ဆံ့ ဆေးရုံ ၁ ရုံ၊ (၂၅)ခုတင်ဆံ့ ဆေးရုံ ၈ ရုံ၊ (၁၆) ခုတင်ဆံ့ ဆေးရုံ ၅ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၉ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၈၄ ခု၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန ၉ ခု တိုးချဲ့ဖွင့်လှစ်ထားရှိကြောင်းကိုလည်း သိရှိရပါကြောင်း၊ ကျေးလက်မီးလင်းရေး ဆောင်ရွက်နေမှုအခြေအနေမှာ လွိုင်လင်ခရိုင်အတွင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၁၈၂ ရွာရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၂၀၃ ရွာဖြစ်သည့်အတွက် ကျေးရွာ ၂၁ ရွာအား မီးလင်းရေး တိုးတက်ဆောင်ရွက်နိုင်ပါကြောင်း။
လမ်းတံတားများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ လွိုင်လင်ခရိုင်အတွင်း ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ၁၂ ပေအကျယ် ကတ္တရာလမ်း ၂၂၇ မိုင်၊ ၃ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၃၃ မိုင်၊ ၂၈ ပေအကျယ် ကတ္တရာလမ်း ၇ မိုင်၊ အမာခံတံတား ၁၀၆ စင်း၊ ပေ ၁၈၀ အထက် ကွန်ကရစ်တံတား နှစ်စင်း၊ ပေ ၁၈၀ အောက်ကွန်ကရစ်တံတား ၁၄၀ စင်း၊ ရေပြွန် ၁၀၄၁ ခု၊ ဘေလီတံတား တစ်စင်း တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လွိုင်လင်ခရိုင်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ကျောက်ချောလမ်း ၁၉.၃ မိုင်၊ မြေသားလမ်း ၁၁ မိုင်၊ ကွန်ကရစ်တံတား ၆ စင်း၊ စိမ့်စ်းရေသွယ်ရေးလုပ်ငန်း ၄၂ ခု၊ အဝီစီတွင်းနက် ၈ တွင်း၊ 10 KV ရေအားလျှပ်စစ် ၇၃ ခု၊ ဆိုလာ မီးလင်းရေး ၁၃၄၉ ယူနစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လွိုင်လင်ခရိုင်အတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုမှာ အော်တိုတယ်လီဖုန်း ၂၇၆၄ လုံး၊ မိုဘိုင်းဖုန်းတပ်ဆင်ထားရှိမှု CDMA 450 ၂၆၅၈ လုံး၊ GSM/WCDMA ၅၁၈၄ လုံး၊ CDMA 800 MEC ၉၇၁၆၈ လုံး တိုးချဲ့တပ်ဆင်နိုင်ခဲ့ကြောင်းကိုလည်း သိရှိရပါကြောင်း၊ လင်းခေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အခြားဝန်ကြီးဌာနများမှ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လမ်း၊ တံတား ခွင့်ပြုငွေကျပ် ၁၇၁၆၁.၆၅ သန်း၊ ပြည်နယ်ဒေသဆိုင်ရာကော်မတီရုံးမှ လမ်း၊ တံတား၊ ရေ၊ မီးလုပ်ငန်းများ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၃၇ သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ လမ်း၊ တံတား လုပ်ငန်းများအတွက် ခွင့်ပြုငွေကျပ် ၆၃၃.၃၇၂ သန်း၊ ဆည်မြောင်းဦးစီးဌာနမှ မိုးနဲမြို့တွင် တမလန်းဆည် တည်ဆောက်ရေးလုပ်ငန်းများမှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀၊ ရှမ်းပြည်နယ် ရေအရင်းအမြစ်အသုံး ချရေးဦးစီးဌာနမှ လင်းခေးမြို့နယ်၊ ဒါးဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းအတွက် ခွင့်ပြုငွေကျပ် ၁၅၆.၂၆၉ သန်း၊ ပညာရေးဌာနမှ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်း ၁၄ ကျောင်း ဆောက်လုပ်ရန် ခွင့်ပြုငွေကျပ် ၅၈၉.၈ သန်း၊ ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်ရန် ခွင့်ပြုငွေကျပ် ၁၀၅ သန်း၊ မီးသတ်ဦးစီးဌာနမှ အဆောက်အဦများဆောက်လုပ်ရန် ခွင့်ပြုငွေကျပ် ၆၀၀ သန်း၊ စီမံကိန်းဦးစီးဌာနမှ အဆောက်အဦများဆောက်လုပ်ရန် ခွင့်ပြုငွေကျပ် ၁၅၅.၅ သန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စက်တပ်ဆင်အင်အား ၅၁ မဂ္ဂါဝပ် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၀၁၄-၂၀၁၅ ခွင့်ပြုငွေ ရန်ပုံငွေကျပ် ၄၉၅.၉၅၆ သန်း စုစုပေါင်း ၂၃၃၃၄၅.၅၄၇ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လွိုလင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများမှ စုစုပေါင်းရန်ပုံငွေကျပ် ၂၃၉၃၁၄.၁၄၆ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
အထက်တင်ပြပါ အချက်အလက်များကို ကြည့်ရှုသုံးသပ်မည်ဆိုပါက နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနယ်မြေ ဖွဲ့စည်းသတ်မှတ်ခြင်းလုပ်ငန်းစဉ်များကို ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်က စီမံဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်းနှင့် ယခုပါ လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်အညီ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသ၏ ပကတိလိုအပ်ချက်နှင့် ပြည်သူများ၏တင်ပြချက်၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက် သက်ဆိုင်ရာကော်မတီသုံးရပ်၏ တင်ပြချက်များအပေါ် အခြေခံ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီးဌာနများ အလိုက် အသီးသီးတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်အညီ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်များ ကို ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေမှုရှိရေး ပြင်ဆင်ဖွဲ့စည်းလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ယခင် ပြည်နယ်/တိုင်းဒေသကြီး အချို့တွင်သာ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုအခါ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ခရိုင်အဆင့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မြို့နယ်အဆင့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများကို ဝန်ထမ်းဖွဲ့စည်းပုံ အင်အား ပြောင်းလဲမှုမရှိစေဘဲ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဖြစ်ပေါ်လာမည့် ခရိုင်အဆင့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများတွင် လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင်ရုံးများ ပါဝင်လာမည်ဖြစ်ပြီး မြို့နယ်အဆင့် ဖွံ့ဖြိုးရေးကြီးကြပ်ရုံးများတွင် မောက်မယ်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကွန်ဟိန်းမြို့နယ်ရုံးများ ပါဝင်လာမည်ဖြစ်ပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်တွင် ပါဝင်သည့် ဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းများကိုလည်း အတည်ပြုသတ်မှတ်နိုင်ရေးစီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ၉.၁.၂၀၁၅ ရက်နေ့တွင် တင်ပြထားပြီးဖြစ်ရာ အဆိုပါဖွဲ့စည်းပုံကို အတည်ပြုပြီးပါက ဒေသအခြေအနေအရ လစာနှစ်ဆဒေသများအဖြစ် သတ်မှတ်ထားသည့် မြို့နယ်၊ မြို့နယ်ခွဲ ၁၁၀ သည် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းမြို့နယ်များအဖြစ် အကျုံးဝင်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်း လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့နယ်ခွဲ၊ မောက်မယ် မြို့နယ်၊ မိုင်းပန်မြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်တို့သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးဒေသများအဖြစ် ပါဝင်လာမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါနယ်စပ် ဒေသဖွံ့ဖြိုးရေးဒေသများစာရင်းတွင် မပါဝင်သည့် မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုလည်း အထက်တွင် ရှင်းလင်းပြသခဲ့သည့်အတိုင်း ဒေသ၏ ပကတိလိုအပ်ချက်၊ ဒေသခံပြည်သူများ၏ တင်ပြချက်၊ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်၊ တာဝန်ရှိသူများ၏ ကွင်းဆင်းတွေ့ရှိချက်၊ လွှတ်တော်ကိုယ်စားလှယ်အသီးသီး၏ တင်ပြချက်၊ သက်ဆိုင်ရာ ကော်မတီ ၃ ရပ်၏ တင်ပြချက်အပေါ် အခြေခံ၍ ရန်ပုံငွေခွင့်ပြုဝင်ဆံ့နိုင်မှုအပေါ် မူတည်၍ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
