(ခ)-ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အဆင့်မြှင့်တင်ရာ တွင်ကမ္ဘာ့အကောင်းဆုံး၊ အဆင့်မြင့်ဆုံးတက္က သိုလ်များကမည်သို့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေ သည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၀.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်အား အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပါသည်။ ထိုသို့ ဖွဲ့စည်းဆောင်ရွက်ရန် ပံ့ပိုးမည်ဆိုပြီး ကတိကဝတ် ခံထားပြီးသော အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ ပုဂ္ဂိုလ်များရှိသည်ဟု ရှင်းလင်းတင်ပြသွားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ၍ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အဆိုကို အတည်ပြု၍ ကော်မတီတွေလည်း ဖွဲ့စည်းဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သည်မှာ ၂ နှစ်တာကြာမြင့်ပြီးဖြစ်၍ ၎င်းတိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်နေသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့က လာရောက်ရှင်းလင်းမှုများ မရှိသေးပါကြောင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အဆင့်မြှင့်တင်ရာတွင် ကမ္ဘာအကောင်းဆုံး၊ အဆင့်အမြင့်ဆုံး တက္ကသိုလ်များကလည်း မည်သို့ဝိုင်းဝန်းကူညီနေသည်နှင့် နိုင်ငံတော်ပိုင်ပစ္စည်းကို ပြုပြင်ရာတွင် အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

မိမိအနေဖြင့် ပထမဦးစွာ ရန်ကုန်တက္ကသိုလ်၏ သမိုင်းကြောင်းအကျဉ်းကို တင်ပြလိုပါကြောင်း။ ဗြိတိသျှ ကိုလိုနီအစိုးရလက်အောက် ၁၈၇၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်အဖြစ် ကာလကတ္တားတက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ်တစ်ခုအဖြစ် စတင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၉၅ နှစ်တိုင်ရပ်တည်နိုင်ခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ဝါအရင့်ဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးသစ် စတင်တာဝန်ယူခဲ့သော ၂၀၁၁ ခုနှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ်၏ ပညာအရည်အသွေးမြင်‌့မားရေးနှင့် ရုပ်ပတ်ဝန်းကျင်ကောင်းများ ပြည့်စုံနိုင်ရေးကို နှစ်စဉ် ဆောင်ရွက်ခဲ့သည်များမှာ အခြေခံအဆောက်အအုံပြုပြင်မွမ်းမံ အဆင့်မြှင့်တင် တည်ဆောက်မှုများ၊ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် သုတေသနလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အသစ်ထပ်မံတည်ဆောက်ခြင်းဆိုသည့် လုပ်ငန်း(၂) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်ပေါင်း ကြာမြင့်ပြီဖြစ်သည့်အတွက် အဆောက်အအုံများနှင့် အဆောင်များကို ရှေးမူမပျက် အဆင့်မြှင့်တင် ထိန်းသိမ်းခြင်း၊ စာသင်ခန်းများကို သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေခြင်း၊ စာသင်ခန်းများတွင် ခေတ်မီသင်ထောက်ကူ ပစ္စည်းများ ပြည့်စုံစွာတပ်ဆင်ပေးခြင်း၊ လက်တွေ့ခန်းသုံးပစ္စည်းများ လုံလောက်စွာ ဖြည့်ဆည်းပေးခြင်း၊ သန့်စင်ခန်းများ၊ ခြံစည်းရိုးများ၊လမ်းများ၊ ရေမြောင်းများနှင့် ကားရပ်နားရန် နေရာများကို ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။ အဆင့်မြင့်နှစ်ထပ်စားသောက်ဆိုင်၊ နိုင်ငံတကာအဆင့်မီ ကျောင်းသား ၄၀၀ ဦးဆံ့ အဆောက်အဦ ၂ လုံး၊ အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာန အဆောက်အဦနှင့် ရေနေသက်ရှိသုတေသန အဆောက်အဦ ၂ လုံး၊ သိပ္ပံနှင့် ဝိဇ္ဇာခေတ်မီအဆောက်အဦများကို ဆောက်လုပ်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆောင်ရွက်ခဲ့မှုများကို တင်ပြမည်ဖြစ်ပါကြောင်း။ သင်ကြားရေးနည်းစနစ်များ ပြောင်းလဲသင်ကြားခြင်း၊ e-Learning အသုံးပြုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။ နိုင်ငံတကာ အဆင့်မီဖြစ်စေရန် နိုင်ငံတကာအလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါကြောင်း။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရန်ကုန်တက္ကသိုလ် Online Library ကိုအသုံးပြုနေပြီဖြစ်ပါကြောင်း၊ အရှိန်အဟုန်မြှင်‌့နိုင်ရေးအတွက် သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာတော်သင်များ စေလွှတ်နိုင်ခြင်း၊ နိုင်ငံတကာပညာရှင်များ လာရောက်သင်ကြား ပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ပညာရေးဆိုင်ရာ ညီလာခံများ လက်ခံကျင်းပနိုင်ခဲ့ပြီး သုတေသန လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီဖြစ်ပါကြောင်း။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် အဓိက လိုအပ်ချက်များဖြစ်သည့် မိမိ၏သုတေသနများကို နိုင်ငံတကာမှ အသိအမှတ်ပြုရန်၊ သက်ဆိုင်ရာဘာသာရပ် နယ်ပယ်များတွင် သုတေသနဆိုင်ရာထင်ပေါ်သူများနှင့် ကမ္ဘာသိခေါင်းဆောင်များမွေးထုတ်ပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ရန်၊ ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ၏ အသိအမှတ်ပြုခြင်းကိုသာမက အဆင့်မြင့် ပညာရေးလောက၏ ပြင်ပမှ အသိအမှတ်ပြုမှုကို ရရှိရန်ဖြစ်ပါကြောင်း။ ရန်ကုန်တက္ကသိုလ်၏ ပညာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းဆောင်ရွက်ချက်များဖြစ်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် Student exchange, Staff exchange နှင့် Faculty exchange နှင့် Collaboration research တို့ကို ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်တွင် Open Society Foundations အထောက်အပံ့ဖြင့် တက္ကသိုလ်များမှ စာကြည့်တိုက်ဝန်ထမ်းများနှင့် ဆရာဆရာများအတွက် Online Library သင်တန်းများ၊ Social Science Research Methodology ဆွေးနွေးပို့ချမှုသင်တန်း၊ ဥပဒေပညာနှင့် နိုင်ငံတကာဆက်ဆံရေးပညာရပ် ဆရာဆရာမများအတွက် နှစ်ပတ်ကြာ ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပါကြောင်း။ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်၏ Youth Exchange အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ ထူးချွန်ကျောင်းသားကျောင်းသူ ၁၂ ဦးနှင့် ကြီးကြပ်ဆရာမတစ်ဦးတို့သည့် ၂-၄-၂၀၁၄ မှ ၉-၄-၂၀၁၄ အထိ တရုတ်နိုင်ငံ တက္ကသိုလ်အချို့နှင့် ကုမ္ပဏီအချို့တို့ကို ရှစ်ရက်ကြာ လေ့လာရေးခရီစဉ်နှင့် ထူးချွန်ကျောင်းသား ၁၀ ဦးနှင့် ကြီးကြပ်ဆရာမတစ်ဦးတို့သည် ၇-၁-၂၀၁၅ မှ ၁၄-၁-၂၀၁၅ အထိ ၈ ရက်ကြာ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါကြောင်း၊ ဘွဲ့လွန်ကျောင်းသား ၈ ဦးနှင့် ကြီးကြပ်ဆရာ ၂ ဦး ပါဝင်သောအဖွဲ့သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်သို့ သွားရောက်ခဲ့ပါကြောင်း၊ AUN-Seed Net အစီအစဉ်ဖြင့် ပေးအပ်သော ASEAN Scholar ၉ ဆုအနက် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူ/ကျောင်းသားများသည် ၂ ဆုရရှိခဲ့ပါကြောင်း။ လွန်ခဲ့သော ၃ နှစ်ခန့်မှစ၍ နိုင်ငံခြားတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများသည်လည်း ရန်ကုန်တက္ကသိုလ်သို့ လာရောက်ပြီး ပညာသင်ကြားခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းများလည်း ရှိပါကြောင်း၊ တရုတ်နိုင်ငံမှ ၄၃ ဦး၊ ဂျပန်နိုင်ငံမှ ၄ ဦး၊ ကိုရီးယားနိုင်ငံမှ ၈ ဦးတို့သည် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဘ့ွဲကြိုနှင့် ပါရဂူသင်တန်းများတွင် တက်ရောက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တက္ကသိုလ်အနေဖြင့်လည်း အသုံးချမှုနှင့် လူမှုအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယပါမောက္ခချုပ်တစ်ဦး ဦးဆောင်ပြီး နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ အထက်တင်ပြပါ ရန်ကုန်တက္ကသိုလ်၏ ပညာအရည်အသွေး မြှင်တင်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာမှ နည်းပညာနှင့် ပစ္စည်းများ ကူညီပံ့ပိုးခြင်းသာရှိခဲ့ပြီး အခြေခံအဆောက်အအုံ ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းနိုင်ရေး လုပ်ငန်းများကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသည့် ဘဏ္ဍာရန်ပုံငွေ စုစုပေါင်းကျပ် ၂၀.၁၄၃၄၁၆ ဘီလီယံဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။