(က)-ပြည်ပမှမှာယူတင်သွင်းသည့်ကတ္တရာများကို မည်သည့်ကုမ္ပဏီက ဝယ်ယူ၍ စံချိန် စံညွှန်းနှင့် ကိုက်ညီမှုရှိ၊ မရှိ မည်သို့ စိစစ်ဆောင်ရွက်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၀.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံတွင် လမ်းများခိုင်ခံ့ရန်၊ မော်တော်ယာဉ်များ လမ်းချော်တိမ်းမှောက်ခြင်းမှ ကာကွယ်ရန်နှင့် ယာဉ်များ သွားလာရာတွင် လွယ်ကူချောမွေ့ရန်၊ ခရီးသွားပြည်သူများ ယာဉ်များအပေါ်တွင် လိုက်ပါစီးနင်းရာတွင် သက်တောင့်သက်သာဖြစ်စေရန်အတွက် အက်အော့ဘီကျူအိုင် ဟုခေါ်သည့် ကတ္တရာကို နှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ပါကြောင်း၊ ထိုသို့အသုံးပြုလျက် ရှိသော ကတ္တရာကို ပြည် တွင်းရေနံချက် စက်ရုံများမှ ထုတ်လုပ်သုံးစွဲခြင်း သို့မဟုတ် ပြည်ပမှ မှာယူတင်သွင်းခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း၊ ကတ္တရာကို ရောင်းချရာတွင် အဆင့်မီ International Brand ထုတ်လုပ်ရောင်းချသောကုမ္ပဏီများလည်း ရှိနေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတကာရောင်းဝယ်ရေးတွင် ပစ္စည်းဝယ်ယူရာ၌ နိုင်ငံတကာ ကျင့်သုံးသော စံချိန်စံနှုန်း (Specification) ကို Third Party ဟုခေါ်သော စံချိန် စံညွှန်းစိစစ်သည့် ကုမ္ပဏီများက စစ်ဆေးပြီး အရည်အသွေးမမှားစေရန် ဝယ်ယူကြခြင်းကို ကမ္ဘာ့နိုင်ငံအများ ကျင့်သုံးကြပါကြောင်း၊ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် SGS Third Party Inspection ကုမ္ပဏီများရှိကြပါကြောင်း။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းသော ကတ္တရာများရှိသည်ဆိုပါက (၁) ပြည်ပမှ ကတ္တရာကို မည်သည့်ကုမ္ပဏီများထံမှ ဝယ်ယူသည်ကို သိရှိလိုပါကြောင်း၊ (၂) ဝယ်ယူသော ကတ္တရာအရည်အသွေးကို Third Party Inspection ကုမ္ပဏီနှင့် စံချိန်စံညွှန်းစစ်ဆေးမှုရှိ/မရှိ၊ (၃) အရည်အသွေးကို မူရင်းဆိပ်ကမ်း Loading Port တွင်စစ်ပါသလား။ သို့မဟုတ် ရန်ကုန်ဆိပ်ကမ်းရောက်မှ စစ်ပါသ လား။ (၄) စံချိန် စံညွှန်းမကိုက်သော ကိစ္စများ ရှိ/မရှိ၊ မကိုက်ညီသောကိစ္စများက မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

မေးခွန်း (၁) နှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းတည်ဆောက်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကတ္တရာများကို ပြည်ပမှ မှာယူတင်သွင်းရာတွင် မြန်မာနိုင်င၏ ရာသီဥတုနှင့် ကိုက်ညီသော Penetration Grade 80/100 အမျိုးအစား ကတ္တရာကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများထံမှ နှစ်စဉ် တင်ဒါခေါ်ယူပြီး ဝယ်ယူလျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တင်ဒါအောင်မြင်သူ Gracious Trader Private Limited ထံမှ ကတ္တရာ မက်ထရစ်တန် ၃၀၀၀၀ ဝယ်ယူရန် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပြီး ကတ္တရာကို အီလန်နိုင်ငံမှ ဖြစ်ပါကြောင်း၊

မေးခွန်း (၂) နှင့် စပ်လျဉ်း၍  ကတ္တရာ၏ အရည်အသွေးစမ်းသပ်ရာတွင် ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လမ်းသုတေသနဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရခြင်းဖြစ်ပါကြောင်း၊ လမ်းသုတေသန ဓာတ်ခွဲခန်းမှလည်း စစ်ဆေးရာတွင် American Society of Testing and Materials (ASTM) Method ဖြင့် ကတ္တရာနမူနာယူပြီး (၁) ကတ္တရာ၏ စေပျစ်မှုကို တိုင်းတာခြင်း Penetration at 25 ဒီဂရီ စင်ဒီဂရိတ်၊  (၂) ကတ္တရာများအားပျော့ပျောင်းစေရန် လိုအပ်သော အပူချိန်ကို  တိုင်းတာခြင်း (Softening Point)၊ (၃) ကတ္တရာတွင် ပါဝင်သည့် စေးကပ်သောအရာများ ပါဝင်မှုကို တိုင်းတာခြင်း (Solubility in Trichloroethylene)၊ (၄) ကတ္တရာ၏ ရေချိန် သီးသန့်သိပ်သည်းဆကို စမ်းသပ်ရာဖွေခြင်း Specific Gravity at 25 ဒီဂရီ စင်ဒီဂရိတ်၊ (၅) ကတ္တရာ၏ ဆွဲဆန့်မှုပမာဏကို တိုင်းတာခြင်း Ductility at 25 ဒီဂရီ စင်ဒီဂရိတ်၊ (၆) ကတ္တရာအား အပူပေးလျှင် လျှပ်လက်ဖြစ်ပေါ်မှု အပူချိန်အား စမ်းသပ်ရှာဖွေခြင်း (Flash Point)၊ (၇) ကတ္တရာကို အပူပေးခြင်းဖြင့် လျော့ကျသွားသောအလေးချိန်အား တိုင်းတာခြင်း (Loss on Heating by Weight)၊ (၈) ကတ္တရာအား အပူးပေးခြင်းဖြင့် မည်မျှမာသွားသည်ကို တိုင်းတာခြင်း (Penetration After Loss on Heating) စသည့် စမ်းသပ်မှု ၈ မျိုးဖြင့် ကတ္တရာ အရည်အသွေးအား စမ်းသပ်ပါကြောင်း၊ ကတ္တရာအရည်အသွေးစစ်ဆေးရာတွင် Myanmar Inspection and Testing Service (MITS) နှင့် Society General De Surveillance (SGS) ကဲ့သို့ Third Party Inspection ကုမ္ပဏီတို့အား ခေါ်ယူ၍ ဌာနနှင့် ပူးတွဲ ဆောင်ရွက်ပါကြောင်း။

မေးခွန်း (၃) နှင့် စပ်လျဉ်း၍  ကတ္တရာ၏ အရည်အသွေးကို မူရင်းတင်ပို့သည့် ဆိပ်ကမ်း Loading Port တွင် စစ်ဆေးခြင်းမရှိဘဲ ရန်ကုန်ဆိပ်ကမ်းရောက်မှသာ စစ်ဆေးပါကြောင်း၊ သို့သော် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုမီ ကုမ္ပဏီများမှ ၎င်းတို့ တင်သွင်းသည့် ကတ္တရာနမူနာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းသုတေသနဓာတ်ခွဲခန်းတွင် စစ်ဆေးမှုခံယူရပါကြောင်း၊ လမ်းသုတေသနဓာတ်ခွဲခန်းမှ စစ်ဆေးပြီး ကတ္တရာအရည်အသွေးပြည့်မီသော ကုမ္ပဏီများကိုသာ အိတ်ဖွင့်တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုပါကြောင်း၊ တင်ဒါအောင်မြင်ပြီး ကတ္တရာပေးသွင်းစဉ်တွင်လည်း ရန်ကုန်ဆိပ်ကမ်းမှာ ပစ္စည်းများ အသုတ်လိုက် Back by Back ထပ်မံစစ်ဆေးပြီး အရည်အသွေးပြည့်မီမှုရှိမှသာ လက်ခံခြင်းဖြစ်ပါကြောင်း။

မေးခွန်း (၄) နှင့် စပ်လျဉ်း၍  ရန်ကုန်ဆိပ်ကမ်းတွင် ကတ္တရာများကို စစ်ဆေးစဉ်အတွင်း အရည်အသွေးစံချိန်စံညွှန်း မကိုက်ညီသော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ကတ္တရာတင်သွင်းသည့် ကုမ္ပဏီအား ၇ ရက်အတွင်း ကတ္တရာများကို မိမိစရိတ်ဖြင့် ပြန်လည်လဲလှယ်စေပါကြောင်း၊ သတ်မှတ်ထားသည့် ၇ ရက် အတွင်း အချိန်မီလဲလှယ်ခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၎င်းတင်သွင်းထားသည့် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Bank Guarantee) ကို သိမ်းဆည်းခြင်း၊ ကုမ္ပဏီအား အမည်ပျက်စာရင်း (Black List) သွင်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။