(င)-ဝန်ထမ်းများ ခရီးသွားရာ၌ သတ်မှတ် ထားသောနေ့တွက်စရိတ်နှုန်း(၁၇၀ဝိ/-) အစား ခေတ်နှင့်ဆီလျော်သည့်နှုန်းထား သတ်မှတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၁.၉.၂၀၁၄)
မေးခွန်း အကြောင်းအရာ 

ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း အချို့အနေနဲ့ တာဝန်အရ ခရီးသွားလာရာမှာ အသုံးပြုရတဲ့ ယာဉ်အမျိုးအစားအလိုက် ခရီးစရိတ်များကို  နည်းဥပဒေအရထုတ်ယူရရှိသော်လည်း နေ့တွက်စရိတ်မှာ တစ်နေ့ ၁၇၀၀ ကျပ်သာပြဋ္ဌာန်းထားသည့်အတွက် အခက်အခဲများ တွေ့နေရကြောင်း၊ ကြံခင်းမှပုသိမ်ကို ရထားခရီးစဉ်ဖြင့်သွားပါက စတင်ထွက်ခွာတဲ့နေ့တွင် နေ့တွက်ခ ၁၇၀၀ ကျပ်နှင့် ရထားလက်မှတ်ခ ခရီးစရိတ်ထုတ်ယူရရှိပြီး နေ့လယ်စာ၊ ညစာနှင့် တည်းခိုခန်းခများမရရှိပါကြောင်း။ ဒုတိယနေ့ နှင့် တတိယနေ့တို့တွင်လည်း နေ့တွက်ခ နှင့် ရထားလက်မှတ်ခသာ ရရှိပြီး ကျန်စရိတ်များကို မရရပါကြောင်း။ အဆိုပါ ခရီးစဉ်ကို  နေ့တွက်စရိတ်ခန့်မှန်းတွက်ချက်ကြည့်မည် ဆိုပါကခန့်မှန်း ကုန်ကျငွေ ကျပ် ၁၀၀၀၀ ဖြစ်သည်ကိုတွေ့ရှိရသည့်အတွက် လက်ရှိသတ်မှတ်ထားသော နေ့တွက်ခရီးစရိတ် ၁၇၀၀ ကျပ်အစား ခေတ်နှင့်လျော်ညီသောနှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊မရှိ၊ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာလင်းအောင်
အဖြေ
ဖြေကြားချက် 

မြန်မာနိုင်ငံခရီးစရိတ် နည်းဥပဒေသည် တာဝန်နှင့်ခရီးသွားလာရသော ဝန်ထမ်းများအတွက် ခရီးသွားနေ့တွက်စရိတ်ကို  တာဝန်ကျရာ ဌာနချုပ်မှထွက်ခွာသည် နေ့တစ်နေ့စီအတွက် တူညီသော နှုန်းထားနှင့်ခွင့်ပြုသော ခရီးစရိတ်တစ်မျိုးဖြစ်ကြောင်း ခရီးသွားစဉ် ထိုကုန်ကျ စရိတ်များကို ကာမိစေရန် ရည်ရွယ်ခွင့်ပြုထားခြင်းဖြစ်သည်ကို ပြဋ္ဌာန်းထားပါကြောင်း။ ခရီးသွားနေ့တွက်စရိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံခရီးစရိတ် နည်းဥပဒေပါ နှုန်းထားများကို ၂၀၁၃ ခုနှစ် ဧပြီလတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ၁-၄-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၄၈၊၂၀၁၃) နဲ့ ကျပ် ၁၇၀၀ ကို တိုးမြှင့်ခွင့်ပြုခဲ့ပါကြောင်း။ ခရီးစရိတ်တိုးမြှင့်ရေး စဉ်းစားတဲ့ နေရာမှာ ဌာနများတွင် ဌာနအကြီးအကဲများသည် ဝန်ထမ်းများအနေဖြင့် တာဝန်နှင့်ခရီးသွားရန် အမှန် တကယ်လိုအပ်ကြောင်း ဖြစ်သည်ကိုစိစစ်ရန် လိုအပ်ခြင်း၊ နှုန်းထားများကို ဌာနအားလုံးတပြေးညီ ဆီလျော်သည့်နှုန်းထားသတ်မှတ်ရာတွင် အခြားသောခံစားခွင့် စရိတ်များဖြစ်သည့်  သင်တန်းသား စားသောက်စရိတ်၊ တရားရုံးသက်သေစရိတ်၊ တပ်မတော်ရိပ်က္ခာဆိုပြီး ကြိုတင်ငွေနှုန်းထား စသည့် အသုံးစရိတ်တို့နှင့် ချိန်ညှိဖို့လိုအပ်ခြင်း၊ နှုန်းထားများ ပြင်ဆင်သတ်မှတ်မှုကြောင့် သာမန်အသုံးစရိတ် နှင့် ငွေလုံးအသုံးစရိတ်အချိုး ပြောင်းလဲလာမှုတွေကို တွက်ချက်ရန်လိုအပ်ခြင်း၊ ရငွေတွေ တိုးတက်ရှာဖွေဖို့ လိုအပ်ခြင်းများကိုလည်း တွက်ဆရန် လိုပါကြောင်း။ ယခုအချိန်တွင် မိမိတို့ရဲ့ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားနေ့ထွတ်စရိတ်များနှင့် အခြားအသုံးစရိတ်များကို ခေတ်ကာလနှင့် ညီညွတ်စေရန် ပြန်လည်သုံးသပ်နိုင်ရေးအတွက်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁-၁၀-၂၀၁၄ ရက်စွဲပါ စာအမှတ် ဘက ၃၊ ၂၀၀၀-၅၁၀၅၊၂၀၁၄ နဲ့ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများသို့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်ဆင်ဘာလအထိ သုံးစွဲခဲ့သော ဖော်ပြပါ အသုံးစရိတ်တွေကို တောင်းခံခဲ့ပါကြောင်း။ ယင်းမှရရှိသော အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ပြီး ခေတ်နဲ့ဆီလျော်တဲ့နှုန်းထား ခရီးသွားနေ့ထွက်စရိတ် သတ်မှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။