သဲကုန်း မြို့နယ်၊ ပုတီးကုန်းကျောင်း အ.ထ.ကသည် ကျောင်းအုပ်ဆရာကြီးနှင့်တကွ ကျောင်းအကျိုးတော် ဆောင် ရပ်မိရပ်ဖများက ယခင်နှစ်များစွာကပင် ပူးပေါင်းပြုပြင်ထိန်းသိမ်းပြီး အသုံးပြုနေရသော အန္တရာယ်ရှိကျောင်းဆောင်ဖြစ်သည်ကို မိမိအနေဖြင့် လွန်ခဲ့သောနှစ်က အဆိုပါကျောင်းဆောင်အပါအဝင် ကျောင်းပေါင်း ၁၇ ကျောင်းကို အရေးကြီးပြုပြင်ထိန်းသိမ်းရန် တင်ပြခဲ့သော်လည်း အစီအစဉ်မရှိသေး ဟုသာဖြေကြားခဲ့ပါကြောင်း၊ ယခုနှစ်တွင် သဲကုန်း အ.ထ.ကကို ဆောင်ရွက်ပေးမည်ဟု မိမိဆီကို ပြန်ကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် သဲကုန်း အ.ထ.က နည်းတူ ပုတီးကုန်း အ.ထ.က သည်လည်း ပျက်စီးပြီး အန္တရာယ်ရှိကျောင်းဆောင်ဖြစ်နေခြင်းကြောင့် နှစ်ထပ် ကျောင်းဆောင်သစ်ကို ချထားပေးပါရန်နှင့် အကယ်၍ ယခုနှစ် ချထားမပေးနိုင်သေးပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ချထားပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီးသတ် ဆောက်လုပ်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ ကျောင်းဆောက် လုပ်ပြီးစီး သည့် သက်တမ်းကြာမြင့်ပြီး အန္တရာယ်ရှိမှုအခြေအနေ၊ လုပ်ထုံးလုပ်နည်းများအရ မြို့နယ် ဦးစားပေး အစီအစဉ်အလိုက်၊ ကျောင်းအလိုက် တန်းစီးဇယားတွင် ထည့်သွင်းလျာထားခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသောကြောင့် ကိုယ်စားလှယ် တော်ကြီးတင်ပြလာသော ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း အခြေခံပညာအထက်တန်း ကျောင်းတွင် ပင်မဆောင် (၂၈၀ x ၃၀ ပေ)၊ နှစ်ထပ်ကျောင်းဆောင် (၁၀၀ x ၃၀ ပေ) မဟူရာဆောင် နှင့် (၂၀၀ ပေ x ၃၀ ပေ) နီလာဆောင်တို့အား ပြန်လည်ပြုပြင်ပေးရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ရန်ပုံငွေခေါင်းစဉ်အောက်မှ ငွေကျပ် သန်းပေါင်း ၂၅ သန်းခွဲဝေ ပေးပြီး ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းအတွက် (၁၄၀ x ၃၀ ပေ) နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ပေးရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ငွေကျပ် ၁၃၄.၄၀ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ် အောက်မှ လျာထားချက်စာရင်းတွင် လျာထားတင်ပြပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
