မြန်မာနိုင်ငံရှိ (၅) နှစ်အောက်ကလေးငယ်များ၏ ကျန်းမာရေးအဆင့်အတန်းအရ ရှိသင့်သော ကိုယ်အလေးချိန်၊ အရပ်အမောင်း၊ ပိန်လီမှုအခြေအနေများနှင့် ပတ်သက်၍ ၁၉၉၇ ခုနှစ် National Centre for Health Sensitive စံနှုန်းအရ (၅) နှစ်အောက် မြန်မာကလေးငယ်များအနက် ၃၈.၆ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်လျော့နည်းနေပြီး ၄၁.၆ ရာခိုင်နှုန်းသည် အရပ်ပုနေ၍ ၈.၂ ရာခိုင်နှုန်းသည် ပိန်လီနေပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်လျော့နည်းနေပြီး ၂၈.၆ ရာခိုင်နှုန်းသည် အရပ်ပုနေ၍ ၇.၇ ရာခိုင်နှုန်းသည် ပိန်လီနေပါကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သည့် ၂၀၁၅ ခုနှစ်၌ ကိုယ်အလေးချိန်လျော့နည်းမှုနှုန်း ၁၉.၃ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်ကလည်း ၃-၆-၂၀၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန အာဟာရဌာနစိတ်မှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွေသာမက ခရိုင်နှင့် မြို့နယ်အဆင့်များအထိ တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေသော်လည်း အကောင်အထည် မဖော်နိုင်သေးပါကြောင်း ပြောကြား သွားသည်။ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်လိုအပ်သော အနာဂတ်မျိုးဆက်သစ်များအတွက် အာဟာရပြည့်မီအောင် ဆောင်ရွက်ပေးရန် လိုအပ်သောအသက် ခြောက်လမှ ငါးနှစ်အရွယ် ကလေးများသည် လွှတ်တော် အတွင်းရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် ရှေးဦးကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကြမ်းအရ နေ့ကလေးထိန်းဌာနများနှင့် မူလတန်းကြိုကျောင်းများ စုဝေးတည်ရှိနေပါကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက်ကို ပြည့်မီရေးနှင့် မျိုးဆက်သစ် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဆောလျင်စွာဆောင်ရွက်သင့်ပါသဖြင့် လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူလူထုများ နှီးနွယ်သောဌာများနှင့် ပေါင်းစပ်၍ အလျင်အမြန် အကောင်အထည်ဖော် သင့်သည်ဖြစ်ရာ နေ့ကလေးထိန်း ဌာနများနှင့် မူကြိုကျောင်းများ၌ နိုင်ငံတော်အစီအစဉ်ဖြင့် အာဟာရကျွေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အသက် (၃) နှစ်မှ (၅)နှစ်အထိ ကလေးသူငယ်များအတွက် ရှေးဦးအရွယ် ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ် အရ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းစနစ်များဖြင့် ပြုစုပျိုးထောင် ပေး လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၄) အဖြစ် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေထုတ်ပြန်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒကိုလည်း ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် မိတ်ဆက်ဖြန့်ဝေခဲ့ပြီး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်း ၇၃ ကျောင်းတွင် ကလေးငယ်များအား အာဟာရစံနှုန်းဖြင့် ပြည့်ဝစွာကျွေးမွေး လျက်ရှိရာ တစ်နေ့တာ ကျွေးမွေးစရိတ်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကလေးတစ်ဦးကို တစ်ရက်လျှင် တစ်ရာကျပ် နှုန်းဖြင့် ထောက်ပံ့ပေး ခဲ့ပါကြောင်း၊ အဆိုပါထောက်ပံ့ငွေဖြင့် နံနက်စာအတွက် ထမင်းနှင့်ဟင်း (အသား သို့မဟုတ် ငါး သို့မဟုတ် ကြက်ဥ၊ ပဲနီလေးဟင်းချို/ဟင်းရွက်ဟင်းချို) ဖြင့်လည်းကောင်း၊ မိဘဆရာအသင်း ရန်ပုံငွေဖြင့် နေ့လည်စာဖြည့်စွက်စာအတွက် နို့သာကူ၊ နို့ဆန်ပြုတ်၊ အိုဗာတင်းနှင့် မုန့်၊ ငှက်ပျောသီး၊ ခေါက်ဆွဲပြုတ်တို့ကို ကျွေးမွေးလျက်ရှိပါကြောင်း၊ ယခုအခါ မူလတန်းကြိုကျောင်းများရှိ ကလေးများအား အာဟာရစံနှုန်းဖြင့် ပြည့်ဝစွာ ကျွေးမွေးနိုင်ရန်အတွက် လက်ရှိ ကုန်ဈေးနှုန်းနှင့်အညီ ကျွေးမွေးစရိတ်ကို ကလေးတစ်ဦးလျှင် တစ်ရက် ကျပ် ၁၀၀ နှုန်းမှ ကျပ် ၃၅၀ နှုန်းသို့ တိုးမြှင့်သတ်မှတ်နိုင်ရေးကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ခွင့်ပြုချက်ရရှိရေးအတွက် ၃-၇-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄)သို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိပြီးပြီဖြစ်ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ခွင့်ပြုချက်ရရှိရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်းများတွင် ကလေးများအား နိုင်ငံတော်အစီအစဉ်ဖြင့် အာဟာရ ကျွေးမွေး လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
